အချစ်များစွာဖြင့် … သင်၏ ဘမောင်

Thursday, September 15, 2011



(၁)

နံနက်ခင်း အတွက် နှိုးစက်မလိုဘဲ ..ဘမောင် နိုးလာပါသည်။ သည်အချိန်ဆို သူ့ အလိုလို နိုးထနေကြ။ အိပ်ယာဘေးနားတွင် ထောင်ထားသော ၀ါးတံ ကို လှမ်းယူလိုက်ပြီး၊ ပြတင်းတံခါးများကို ချက်ဖြုတ်ကာ ကဲလား ထောက်လိုက်သည်။ ပြတင်းတံခါးကို တွန်းမ လှပ်လိုက်စဉ်မှာပင် နှင်းဆီရနံ့တို့က နှာဖျားမှသည် ရင်ဝဆီထိတိုင် လှိုက်၍ စိမ့်ဝင်စီးဆင်းလာ၏။


အားပါးတရ ရှိုက်ယူပြီးသည်နှင့် ဘမောင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပွင့်လာသည်။ ကျေနပ်ခြင်း များစွာဖြင့် အပြုံး။ မျက်နှာသစ်သည်။ သန့်ရှင်းရေးလုပ်သည်။ ပြီးသည်နှင့် ဘမောင် ပန်းကိုက်သည့် ကတ်ကြေးကို ယူပြီး ခြံထဲဆင်းခဲ့သည်။ ဒီကနေ့အဖို့တော့ နှင်းဆီဖြူလေးများ ကို ဘမောင် ရွေးခြယ် လိုက်၏။ စိတ်ထဲကလည်း ထုံးစံအတိုင်း ပြောလိုက်မိသည်။ ကျွန်တော် လာမည် မသင်းကြည် ။

(၂)

ဟောင်းနွမ်းအိုမင်းနေသော်လည်း  … ယနေ့ထိတိုင် သခင်ကို သယ်ယူပို့ဆောင်ပေးနေဆဲ ဖြစ်သော၊ အလားတူပင် သူ၏သခင် ချစ်မြတ်နိုးနေသော မိန်းကလေးအတွက် နှင်းဆီပန်းလေးများကို သယ်ယူ ပို့ဆောင်ပေးနေမြဲ ဖြစ်သော စက်ဘီးအိုလေးကို ဘမောင် ထုတ်လိုက်သည်။
သွားကြစို့ရဲ့ကွာ။ ဒီနေ့ နဲနဲတော့ အအေးသားကွ။ မင်းလဲ ကြည့်စမ်းပါဦး အေးစက်နေတာပဲ။ ငါ ညက မင်းကို အိမ်ထဲထိသွင်းဖို့  … မေ့သွားတယ်ကွာ ။ ခွင့်လွှတ်ပါ။ စက်ဘီးလေးကို သက်ရှိတစ်ယောက်လို စကားစမြည် ပြောဆိုရင်း  ပန်းစည်းကို ရှေ့ခြင်းအစုတ်လေးထဲ သေချာထည့်လိုက်သည်။ ဘမောင်  သည် ရှည်မျောမျော သူ၏ ပန်းစိုက်ရာခြံကလေးထဲမှ ..စက်ဘီးကို တွန်းထုတ်လာ၏။ ဆောင်းအကုန် နွေအကူး ..မြူတို့က ၀န်းကျင်ကို ပိန်းပိတ်နေစေ ၏။ လမ်းမီးရောင်ကလည်း …မဖောက်သာ နီကျင့်ကျင့် မီးကြီးခဲလေး မျှသာမို့  အမှောင်က ပိုမိုကြီးစိုးနေစေသည်။

ကိစ္စမရှိပါ။ သည်လမ်း သည်နေရာတို့ကို ဘမောင် အလွတ်ကျက်ထားသလို ရနေပါသည်။ မျက်စိမှိတ်ပြီး သွားလို့ရသည်။ ဘယ်နားတွင် ကျင်းချိုင့်ကလေး ရှိနေသည်။ ဘယ်နားအရောက်တွင် ၀ါးတံတားလေး ဖြတ်ရမည်။ ဘယ်အကွေ့နားတွင် လမ်းဘက်ကို ထိုးထွက်နေသော သရက်ကိုင်းများ ရှိသည်က အစ …လမ်းတစ်လျှောက်လုံးကို ဘမောင် အလွတ်ရသည်။ အေးအေးလူလူပင် စက်ဘီးကို နင်းလာခဲ့သည်။ ကရိဂျောက်…ကရစ်ဂျောက် မြည်နေသော စက်ဘီးခြေနင်းသံ သည် မြူနှင်းထုထဲတွင် စည်းချက်မှန်မှန် ပေါ်လာ၏။ ဘမောင် မသင်းကြည် ဆီကို သွားနေပေပြီ။

(၃)

ဒီရပ်ကွက်ထဲမှာ နံနက်ခင်းတို့၏ ကနဦးအစကို အစပျိုးသူသည်  … ဆွမ်းခံထွက်လာသော ကိုယ်တော် များလည်း မဟုတ်။  ပဲပြုတ်သည် ဒေါ်ထားခင်လည်း မဟုတ်။ မသင်းကြည်ဆီ ပန်းတော်ဆက် ပုံမှန် နေ့စဉ် သွားနေသော ..ဘမောင် ၏ စက်ဘီးနင်းသံ ဂျောက်ဂျောက်ဂျက်ဂျက် လေးပဲဖြစ်သည်။ အငြိမ်းစား ကျောင်းအုပ်ဆရာကြီး ဦးမြဦးသည် ဘမောင်၏ စက်ဘီးနင်းသွားသံကို ကြားရတိုင်းတွင် …သူသည်လည်း နိုးထ လာတတ်သည်။ အလားတူပင် ဘမောင်အကြောင်းကို တွေးမိသွားမြဲပင်ဖြစ်သည်။

ဘမောင် သည် မွေးကတည်းက ဆင်းရဲသည်။ ပန်းစိုက်ပြီး နွမ်းနွမ်းပါးပါး အသက်မွေးရသည်။ ယခုထိ တိုင်အောင်လည်း ဘမောင် ဆင်းရဲနေမြဲ။ ပန်းစိုက်ပြီး ချို့ငဲ့စွာ အသက်မွေးနေရမြဲ ဖြစ်သည်။  မသင်းကြည်သည် သည်မြို့ငယ်လေးမှာတော့ အချမ်းသာဆုံး မြို့မျက်နှာဖုံး ဖြစ်သော သူဌေးဖြစ်သူ၏ သမီး တစ်ယောက်။ သူတို့ဇာတ်လမ်းက ဘာမှမဆန်း။ အလှမ်း ကွာဟလှသော အချစ်ဇာတ်လမ်းတစ်ပုဒ်။ သူဌေးသမီးလေးနှင့်  လူဆင်းရဲလေး ရဲ့ ချစ်ပုံပြင်တစ်ခုမျှသာ။ 

အတန်းပညာကလည်း မပြည့်စုံခဲ့ရသော ဘမောင် သည်  အချောအလှ ပညာတတ် မသင်းကြည်ကို မှ ချစ်သဒ္ဒါ အကြွေမှားလို့ … လက်ဖျားခါအောင် ကြိုက်မိခဲ့သည်။ ထုံးစံအတိုင်း  သူဌေးမင်းက ဒေါသူပုန်ထ၊ မတန်မရာ မှန်းသည့်ကောင်လို့ ..သူဌေးကတော်က ချိုးနှိမ်၊ အသိုက်အ၀န်းထုထည်အားကောင်းသမို့ ဘမောင်ကို နည်းအမျိုးမျိုးဖြင့် ဟန့်တားခဲ့ကြသည်။

ခက်သည်က …ဘမောင်နှင့် မသင်းကြည်က သမီးရည်းစားများ မဟုတ်ကြ။ ဘမောင်က နေ့စဉ် မသင်းကြည် အလွန်မြတ်နိုးတတ်သော နှင်းဆီပန်းများကို မသင်းကြည်တို့ခြံရှေ့တွင် လာလာ ချိတ်ပေး ခဲ့တတ်ရုံ။ မသင်းကြည်ကလည်း  ပညာနှင့်ရုပ်ရည် ဓန အ၀၀ ပြည့်စုံနေသည့်တိုင် ဘမောင်ပေးသော ပန်းလေးတွေကို မြတ်နိုးတတ်သည်။ ဒါကြောင့်  နေ့စဉ် ပန်းမရောက်လာလျှင် မျှော်သည် ငေးသည် စောင့်မိသည် ဆိုရုံမျှ။

သူတို့ချင်းက သမီးရည်စားများလည်း မဟုတ်သဖြင့် …အသိုက်အ၀န်းက ဒီကိစ္စကို တားမြစ်ရ ခက်ခဲ့  ကြသည်။ သူတို့လုပ်နိုင်သည်က ဘမောင် ပန်းလာမပို့အောင် ပဲဖြစ်သည်။ ဒီကိစ္စအတွက် မသင်းကြည်၏ ဦးလေးတော်သူတစ်ယောက်က လူမိုက်များငှားပြီး  ဘမောင်ကို ခြိမ်းခြောက်သည်။ လာမပို့ရ အမိန့် ထုတ်သည်။ မချစ်ရ အမိန့်ပြန်သည်။ တူသလား တန်သလား သတိပေးသည်။ ခြောက်တော့လည်း ဘမောင် ကြောက်ရပါသည်။ မလှန်နိုင် မတုန့်ပြန်နိုင်တဲ့ ဘ၀ပေကိုး။ သို့ပေမယ့် ……. မချစ်ရပဲတော့ ဘမောင် မနေနိုင်။ ပန်းမဆက်ရပဲဖြင့် ဘမောင် မပျော်နိုင်။ ဘမောင်  တစ်ခါက ပြောဖူးသည်။

လူမိုက်တွေကို ငါ ကြောက်ပါတယ်။ သူတို့နဲ့မှ ပြိုင်ပြီး ငါမမိုက်နိုင်တာကိုး။ အဲဒီ့လိုပဲ …..မသင်းကြည် ကိုလည်း ငါ ချစ်တယ်။ မချစ်ရဘဲကို မနေနိုင်လို့ ချစ်တာပါ။ ငါ အမြဲပို့ပေးတဲ့ ပန်းလေးတွေကို မြတ်မြတ်နိုးနိုး ယူသွားတတ်တဲ့ မသင်းကြည် အတွက် ပန်းလေးတွေကိုလည်း ငါဆက်ပြီး မပို့ရဘဲ မနေနိုင်တာ အမှန်ဘဲ …တဲ့။

ဆိုသည့် စကားအတိုင်းပင် ဘမောင်သည် ပန်းတော်ဆက်ဘ၀ကို ခရီးဆက်ခဲ့၏။  လူမိုက်များက ဘမောင် ပန်းခင်းကို ညအချိန် ၀င်ဖျက်ဆီး၏။ ဈေးမှအပြန်တွင် ဘမောင် အရိုက်ခံရ၏။ မည်သို့ပင်ဖြစ်စေ ကာမူ အချိန်တန်တော့ ဘမောင် ပန်းတော်ဆက်ခဲ့မြဲပါပေ။ သူဌေးကတော်ကြီးက  လာပို့သမျှ ပန်းတွေကို အအိပ်ပျက်ခံစောင့်ပြီး …သမီးဖြစ်သူမတွေ့ခင် ဖျက်ဆီးချေမွ လမ်းပေါ်တွင် ကျဲပစ်၏။ ဘမောင်ကား နေ့စဉ်မပျက် ပန်းတော်ဆက်မြဲပင်။

အရှေ့က တစ်နေထွက် … အနောက်က တစ်နေ၀င် …၊ နှစ်နဲ့ပင် ချီလာပြန်တော့ …ပန်းဖျက်သူ ဇွဲမရှိနိုင်တော့။ ဘမောင်ကတော့ မပျက်မကွက် ပန်းပို့မြဲ။ အကြံကုန်သလောက်ဖြစ်လာတော့ သမီး ဖြစ်သူကို အိမ်ထောင်ချပေးဖို့ကြိုးစား၏။  အဆိပ်သောက်ပစ်လိုက်မည် ဆိုသော အဖေတူသမီး မသံမဏိ ကို တစ်မျိုးလုံးက လက်လျှော့လိုက်ရပြန်၏။ အဖေလုပ်သူ သူဌေးမင်းကလည်း ပြတ်သည်။ တစ်ခြား တစ်ယောက်ကို ယူယူ မယူယူ ၊ ဘမောင်ကို မူ လုံးဝ မယူရ။ မကြိုက်ရ အမိန့်ထုတ်သည်။ ပညာမဲ့ ပန်းစိုက်သူ မျက်နှာမွဲကို သမက်တော်မည့်အစား …နင်သောက်မည့်အဆိပ် ငါသောက်ပြီး သေလိုက်မည် ဟု သမီးဖြစ်သူကို ကြိမ်း၏။ သြော်…… အလွှာခွဲခြားတတ်ပုံများ ထပ်တစ်ရာ ရိုက်စားဖို့တောင် ကောင်းသေးတော့။

ဦးမြဦးသည်   အတွေးစကို ဖြတ်ပြီး  … တစ်ဖက်သို့ လှည့်ကာ တစ်ရေးပြန်အိပ်ဖို့ ကြိုးစားလိုက်၏။  စိတ်ထဲကတော့ ထုံးစံအတိုင်း ရေရွတ်မိသွားသည်။

အင်း …ဘမောင် ..ဘမောင် …။

(၄)

စက်ဘီးကို ဒေါက်ထောက်လိုက်သည်။ ခြံရှေ့သို့လှမ်းကြည့်လိုက်တော့ … ရေနံချေးဝနေသော  တံခါးများ အနီးတွင်  … ခွေးပေါက်စလေးတစ်ကောင် ။ သူလာတာမြင်တော့ ဆီးဟောင်၏။  ရန်လိုသဖြင့် ဟောင်သည်တော့ မဟုတ်။ မြင်ပါများနေသဖြင့် ရင်းနှီးစွာ ဆီးကြိုဟောင်သည်ပင်။ ဘမောင်ပြုံးမိပြန်၏။  ဘယ်ဘက် လက်ဖျံပေါ်မှ ..ခွေးကိုက်ခံရဖူးသော ဒဏ်ရာဟောင်းများ ကိုလည်း ပြန်သတိရမိ၏ ။ ဒီရေနံချေး ၀နေသော တံခါးများ အနီးမှာပင် အကိုက်ခံခဲ့ရခြင်း ဖြစ်သည်။ တစ်ခါ က သူ့ကို သူဌေးမင်း ဖြစ်သူ မတော်ရသည့် ယောက္ခမလောင်းကြီးက ခွေးဆိုးများဖြင့် ရှုးတိုက်ခဲ့ဖူးသည်။ ခွေးဆိုးနှစ်ကောင် ၀ိုင်းကိုက်သဖြင့် သူတော်တော် ဆေးကုခဲ့ရဖူးသည်။

ခုတော့လည်း  ဒီခွေးနှစ်ကောင်လည်း မရှိတော့ပါပြီ။  မသင်းကြည်မွေးထားသော ခွေးဖြူပေါက်စ လေးသာ သူ့ကို ဆီးကြိုနှုတ်ဆက်နေလေပြီ။ အသင့်ယူလာသော  ထန်းလျက်ခဲ နှစ်ခဲကို ချကျွေးလိုက်ပြီး၊ ပန်းစည်းကို ထုံးစံအတိုင်း စာတိုက်ပုံးလေးပေါ် တင်ပေးလိုက်သည်။ ပန်းတွေ မထိခိုက်အောင် သတိထား တင်ပေးပြီး  ဘမောင် ခြံတံခါးဝမှနေ၍ နှစ်ထပ်တိုက်ကြီး ဆီသို့ ငေးကြည့်လိုက်သည်။ ဒီအချိန်ဆို ..မသင်းကြည် လည်း နိုးနေလောက်ပေပြီ။ သူပြန်သွားပြီး ခဏအကြာတွင် ပန်းစည်းကို ဆင်းယူ ပေလိမ့်မည်။ ထိန်ထိန်ငြီးနေသော လျှပ်စစ်မီး ရောင် များဖြင့် မြူဆိုင်းနေသော နံနက်ခင်းထဲတွင် ချစ်သူ စံမြန်းရာ နှစ်ထပ်စံအိမ်ကြီးသည် နတ်ဘုံနတ်နန်းနှင့် အလားသဏ္ဍန် တူနေသလိုပင်။ လှိုက်လှိုက်လှဲလှဲ ရှိလှသည့် ချစ်ခြင်းများစွာဖြင့် ဘမောင် ငေးနေမိသည်။ ခဏအကြာတွင် မှ ဘမောင် သတိဝင်လာပြီး စက်ဘီးလေးကို ယူကာ ပြန်လှည့်ထွက်ခဲ့၏။

ဟိုးယခင်တုန်းကတော့….သည်လိုပြောင်ပြောင်တင်းတင်းပင် ချစ်သူရှိရာကို ငေးခွင့်မရ။ ခိုးကြောင်ခိုးဝှက် ပန်းတော်ဆက် ခဲ့ရသည်။ ခုတော့လည်း ………. အင်း……….။ ဘမောင် ၏ အပြန်လမ်းသည် အတွေး များစွာဖြင့်။

(၅)

မသင်းကြည်  သည် ကိုဘမောင် ၏ စက်ဘီးကလေး မြူနှင်းထုထဲတွင် ပျောက်ကွယ်သွားသည် အထိ ငေးကြည့်နေမိသည်။ ခဏအကြာတွင်မူ ..ထုံးစံအတိုင်း ဆွယ်တာ အဖြူလေးကို ကောက်ဝတ်ပြီး ..ခြံထဲသို့ သွက်သွက် ဆင်းလာခဲ့သည်။ စာတိုက်ပုံးလေးပေါ်တွင် နှင်းဆီပန်းစည်းလေးကို တွေ့ရသည်။ သူမ အလွန်နှစ်သက်သော နှင်းဆီဖြူများ ကို တွေ့လိုက်ရသဖြင့် ခါတိုင်းနေ့များထက် ပိုပြီး ရင်ခုန် လာသည်။ ကိုဘမောင် ပေးပို့ခဲ့သော နှင်းဆီပန်းများကို တွေ့တိုင်း သူမရင်သည် ခုန်လာမိစမြဲ။ မခုန်ပါနဲ့ဟု တားမြစ်လို့လည်း မရခဲ့။ မသင်းကြည် မျက်နှာပေါ်တွင် အပြုံးကလေးများ ပွင့်လန်းနေသည်။

ကိုဘမောင် ထွက်ခွာသွားရာ လမ်းဆီသို့ မသင်းကြည် ငေးရင်း ကျေနပ်ချမ်းမြေ့နေမိသည်။ စိမ့်ကနဲ … လေအေး ခတ်လာမှ သတိပြန်ဝင်သည်။ ထုံးစံအတိုင်း ပန်းစည်းက  အထဲတွင် တစ်ကန့်ဆီ ခြားထားသည်။ ဘုရားကပ်ဖို့သတ်သတ်။ မသင်းကြည် နမ်းဖို့ ပန်ဖို့ ပန်းအိုးထဲမှာ စိုက်ထားဖို့က သတ်သတ်။ အော….ပန်းစည်းထဲတွင် ပလတ်စတစ်အိတ်အကြည်စားဖြင့် ထဲ့ထားသော စာရွက်ခေါက် ကလေးပါလား။ မသင်းကြည် ပိုပြီး ရင်ခုန်သွားမိသည်။ ဒီလူကြီး ဘာတွေ ရေးထားလဲမသိ။

(၆)

ဘုရားတွင် ပန်းကပ်ပြီး နောက်  မသင်းကြည် သူမအခန်းရှိရာသို့ မြန်မြန် ပြန်လှည့်လာခဲ့သည်။ သူမ နှင့် ရှေ့ဆင့် နောက်ဆင့် နိုးနေသော တူမ၀မ်းကွဲဖြစ်သူ က မသင်းကြည်ကို ပြုံးစစ ဖြင့် မသိမသာ ကြည့်နေသည်။ မသင်းကြည် မသိကျိုးကျွံပြုရင်း အခန်းရှိရာသို့ သာ အမြန်လှမ်းလာခဲ့သည်။ သူမ လက်ထဲတွင်မူ .. ဆံကေသာမှာ ပန်လေရှာဖို့ နှင်းဆီဖြူဖြူလေးတစ်ပွင့် ။

ခါးကနဲနဲ နာချင်သလို ဖြစ်နေသည်မို့ …အိပ်ယာပေါ်ပြန်လှဲလိုက်သည်။ အိပ်ယာနဘေးမှ စာကြည့်မီးကို ဖွင့်ပြီး ပလတ်စတစ်အိပ်ကလေးထဲမှ သေသေသပ်သပ်ခေါက်ထားသော ကိုဘမောင် ရေးလိုက်သည့် စာလေးကို ဖွင့်ဖတ်လိုက်လေသည်။

မြတ်နိုးရတဲ့ မသင်းကြည်ရေ….

ဆောင်းကုန်ခါနီးပြီဗျာ ။ ဒါပေသိ အေးတုန်းပဲနော်။ ကျန်းမာရေးဂရုစိုက်ပါဗျာ။ ဟိုတစ်နေ့က လေဖြန်းချင် သလို ဖြစ်သွားတယ်ကြားလို့ ကျွန်တော် ဖြင့် ပူလိုက်ရတာ မပြောပါနဲ့။ အရဲစွန့်ပြီး မသင်းကြည်ရှိရာကို လာမိ မတတ် ဖြစ်သွားသေးတယ်။ သိပ်တော့မထူးပါဘူး ။ ကျွန်တော်လည်း ခုတစ်လော အစာမကြေ ခဏခဏ ဖြစ်တယ်။ အစာချေအား သိပ်မကောင်းတော့ဘူး ထင်တာပါပဲ။

သြော် မသင်းကြည်ရေ … ရှေ့လ နှစ်ဆယ့်ရှစ်ရက်နေ့ဆို မသင်းကြည် မွေးနေ့ရောက်ပြီနော် ။ ဒီတစ်ခါ မွေးနေ့ နံနက်စောစော လည်း ခါတိုင်းနှစ်တွေလို … ပဲ ကျွန်တော်ပေးတဲ့ ပန်းလေးတွေကို ကိုယ်တိုင် ထွက်ယူပေးပါနော်။

နောက်ပြီး ဟိုးတစ်ခါကလိုလည်း …လူတွေရယ်မှာစိုးလို့ …အမြင်မတော်ဘူး၊ ပန်းတွေမပို့ပါနဲ့တော့ ဆိုတာမျိုး ဘယ်သောအခါမှ ကျွန်တော့်ကို မပြောလိုက်ပါနဲ့ဗျာ။ ပန်းမပို့နဲ့တော့လို့ ပြောလိုက်တာဟာ ဘမောင် အသက်မရှင်နဲ့တော့လို့ ပြောလိုက်သလိုပါပဲ။ ဘမောင်ဘ၀ မှာ မသင်းကြည်နဲ့ ပန်းကလေး တွေပဲ ရှိတာမို့ပါ။

မသင်းကြည်ရေ….တစ်နေ့က ဘုရားမှာ ကျွန်တော်ဖြင့်  ဆုတစ်ခု တောင်းမိသွားတယ်။ ဖြစ်လေရာ ဘ၀မှာ  မသင်းကြည်အတွက် ခုလိုပဲ ဘမောင် ပန်းစိုက်ရင်း ပန်းတော်ဆက်ခွင့် ရသူဖြစ်ပါရစေလို့လေ။

ဒါပါပဲ မသင်းကြည် ..ရေ။ လာမယ့် မသင်းကြည်ရဲ့ ၆၉နှစ်မြောက်မွေးနေ့ နံနက်စောစောမှာ ကျွန်တော် မသင်းကြည် အတွက် နှင်းဆီဖြူ ၆၉ပွင့် မွေးနေ့လက်ဆောင် အဖြစ် သီးသန့်ယူလာခဲ့ပါ့မယ်။

အချစ်များစွာဖြင့် …. သင်၏ဘမောင်


ကိုစိုး
July 28, 2011

………………………………………………………..
…………………………………………………………………………….


(စာကြွင်း   /  လူသားတို့၏ ဘ၀တွင် အချစ်သည် အစိတ်အပိုင်း တစ်ခုအဖြစ် နေရာပေးရမည့် ကဏ္ဍတစ်ရပ် ဖြစ်၏။ အချို့သော သူများအဖို့မူ …အချစ်သည်  ဘ၀အတွက် အစိတ်အပိုင်းတစ်ခုမျှသာ မဟုတ်။ ဘ၀တစ်ခုလုံးလည်း ဖြစ်ကောင်းဖြစ်နေတတ်ပေသည်။ လူသားတို့၏ .. ကံတရားကို ရှာဖွေ တွက်စစ်ယူနိုင်သော ပညာရပ်တစ်ခုဖြစ်သည့် ဗေဒင်ပညာရပ်ပိုင်းဆိုင်ရာ ရှုထောင့်တွင် အချစ်ကို တနင်္လာဂြိုဟ်ဖြင့် ဖော်ညွှန်းပြဆိုသည်။ အဆိုပါဂြိုဟ်၏ မူလဇာတာတွင် ရပ်တည်နေမှု အနေအထားသည် ဆိုင်ရာ ဇာတာရှင်၏ ဘ၀တွင် ကြုံတွေ့ခံစားရမည့် …ခံစားချက်များ၊ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်သော ကံဆိုးမှု ကံကောင်းမှု တို့နှင့် များစွာ ဆက်နွယ်နေပေတော့သည်။)

ချစ်ခြင်းဖြင့် …..ချမ်းမြေ့နိုင်ကြပါစေ။

သုတေသီ ဝေသာလီမောင်ဖုန်း
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
Phone / 01 618 469

Post a Comment
 

Posts Comments

©2006-2010 ·TNB