ကျွန်တော့်ဘ၀ အတိတ်ကြေးမုံ စာစု(၃)

Saturday, October 8, 2011


မဟူရာ သို့မဟုတ် ကျွန်တော့်ဘ၀ ၏ အမှတ်တရတစ်ခု




(၁)

အမှန် ၀န်ခံရရင်တော့  .. ၀တ္ထုတိုတစ်ပုဒ် ရေးရန်ဟူသည့် အချင်းအရာမှာ ကျွန်တော့်အတွက်တော့ လွယ်ကူခြင်း မရှိခဲ့ပါပေ။ စပြီး ဦးတည်စဉ်က မောင်မြ အကြောင်းဖြစ်သည့်တိုင်အောင် ရေးရင်း ရေးရင်း မောင်ဘ အကြောင်းသို့ ရောက်ရောက်သွားခြင်းမျိုး မကြာခဏ ဖြစ်ခဲ့ရပါသည်။ ရေးလိုက် ..မကြိုက် သဖြင့် လုံးခြေပစ်လိုက် ၊ ဗြိဗြိ ..ဗြိဗြိ တွေသာ အဖတ်တင် ကျန်ရစ်ခဲ့စမြဲ။ ခက်တာက ..ကိုယ်ကလည်း  ဆရာ နေ၀င်းမြင့်တို့ ၊ ဆရာနေနော် တို့ ၊ ဆရာသစ္စာနီတို့ ၊ ဆရာအောင်လင်း တို့ ၀တ္ထုတိုတွေ ဖတ်မိလျှင် ကိုယ်ပါ မရေးရ မနေနိုင်အောင် စာပိုးကိုက်လာပြန်သည်။ ဒီတော့ ရေးလိုက် မဆုံးခင် ဗြိဗြိ လိုက် …နှင့် သံသရာက လည်နေပါတော့သည်။



စာတစ်ပုဒ်ဆုံးအောင်  ရေးမရသည့် ပြသနာကို ကျွန်တော် နေ့များစွာ …. များစွာ အဖြေရှာကြည့်ခဲ့၏။ နောက်ဆုံးတွင်မှ ကျွန်တော် သဘောပေါက်နားလည် သွားခဲ့ရသည်။ အမှန်တော့  ကျွန်တော်သည် ၀တ္ထုတိုတစ်ပုဒ် မဖြစ်ဖြစ်အောင် ဇွတ်အတင်း ဖြစ်ညှစ်ဖန်တီး  နေမိခြင်းကြောင့် ပင်တည်း။ ထိုအချက်ကို သဘောပေါက်နားလည် သွားသည့်အခါမှစပြီး …စိတ်မပါရင် လိပ်ပြာတောင် အတောင်မခတ်ဘူး အင့်ဟယ်..ဆိုကာ ဖောင်တိန်ကို လွှင့်ပစ်လိုက်တော့၏။
(၂)

ဟော …ခုတော့ အကြောင်းအရာ ရှိလာပေပြီ။ ရေးလိုစိတ်ကလည်း ပြင်းပြလာခဲ့တော့သည်။ အကြောင်းရင်းကတော့ ကျွန်တော်တို့အိမ်မှ မဟူရာ မှ စပါသည်။ မဟူရာ ဟူသည်ကား အခြားမဟုတ်  … ငယ်မွေးခြံပေါက် ရှမ်းခွေးမျိုးစပ်ထားသော ခွေးနက်ကြီးတစ်ကောင် ဖြစ်သည်။ အမွှေးနက်နက် စိုစို လက်လက်ဖြင့် အင်မတန်ခန့်ညားသော အလွန်သိတတ်နားလည်သည့် ခွေးမျိုးကောင်း တစ်ကောင် ဖြစ်သည်။ သူ့အမည်က ရန်လုံ ဖြစ်သော်လည်း ကျွန်တော်ကမူ သူ၏ အရောင်အဆင်း လှပပုံကို သဘောကျသဖြင့် မဟူရာ ဟုလည်း ခေါ်လေ့ရှိခဲ့ပေသည်။ မဟူရာသည် အရောင်အဆင်း လှသလောက် အသန့်ကလည်း အလွန်ကြိုက်သည့်ခွေးဖြစ်သည်။ အကိုက်ကလည်း သန်သည်။

အညာမှာနေစဉ် သက်တမ်းကာလ တစ်လျှောက် အနှစ်သုံးဆယ်အတွင်း အိမ်တွင် မွေးဖူးသမျှ ခွေးတို့တွင် မဟူရာသည် အလှဆုံး ၊ အထွားဆုံး၊ အခန့်ဆုံး နှင့် လိမ္မာသော ခွေးကောင်းတစ်ကောင်ဖြစ်သည်။ ဘယ်သောအခါမှ အိမ်သားတို့ကို ပြန်မကိုက်တတ်သလို၊ တစ်ခါတစ်ရံ  ကျွန်တော်  လှိမ့်ပိမ့်နေအောင်  ရိုက်သည့်တိုင်အောင် ၊ ခါးကော့ကာ မေးကိုမြေပေါ်ကပ်ပြီး တစ်အီအီနှင့် အရိုက်ခံနေတတ်သည့် အကောင်။ အဲ…ကျန်သည့်လူကတော့ မရ။ ဆွေမျိုးနီးစပ်တွေတောင် မရ ။

ထိုစဉ်က ကျွန်တော်တို့ နေထိုင်ခဲ့သည် က ကျယ်ဝန်းသော လေးကွက်တွဲ ခြောက်ကွက်တွဲ သရက်ခြံများမို့ ..အစ်ကို ၀မ်းကွဲများ ၊ အစ်မ၀မ်းကွဲများ ၏ မိသားစုများကိုလည်း ခြံထဲတွင် နေခွင့်ပေးထားနိုင်သည်။ ယင်းအစ်ကို အစ်မတို့၏ သားသမီးများ ၊ ကျွန်တော့်တူ ၊ တူမ ၀မ်းကွဲများ ကိုမူ မဟူရာက မျက်နှာသာမပေး ။ ပေလွန်းတေလွန်းသဖြင့် သံပေသီးဟု နာမည်ပေးထားရသော တောက်စိ တောက်စိ သွားတတ်ကာစ ကျွန်တော့်တူပေါက်စ ဆိုလျှင် အရွယ်မတိုင်မီမှာပင် နှစ်ကျော့ပြန် အကိုက်ခံခဲ့ရ  ဖူးပေပြီ။ အကြီးကောင် စည်သူ ၊ အငယ်ကောင် သံပေသီး ၊ တူမဖြစ်သည့် နှင်းနှင်းလေး တို့မှာ မဟူရာ၏ သွားရာ မကင်းကြ။ အထူးသဖြင့် ဒေါင်းတောက်အောင် ရှာရှာဖွေဖွေ ကမြင်းတတ်သော သံပေသီးကို မဟူရာက တော်တော် တင်းပြီး မြင်တာနဲ့ မျက်ခုံးတစ်ဖက် ပင့်ကြည့်တတ်သည်။ သည့်ထက် မျက်စိနောက် လာလျှင်တော့ မြေပေါ်ကပ်နေသော ခေါင်းက ထောင်လာတတ်သည်။ အဲသည့်အချိန်မျိုးမှာ လူကြီး တစ်ယောက်ယောက်က ၀င်ဟန့်မှ အသံပေးလိုက်မှ အနာဂတ်အကြောင်းတရားများ လှပ ပေလိမ့်မည်။ နို့မို့လို့ကတော့  မလွယ်.. ။

အဲ…သံပေသီးက လည်း မခေ။ သံပေသီးလို့ အမည်ပေးထားရတာကလည်း အကြောင်းရှိသည်။ တစ်ခါက ကျွန်တော့် မျက်စိရှေ့မှာတင် လူကြီးရင်စို့လောက်ရှိသော ပြတင်းပေါက်မှနေပြီး လက်ရန်းကိုကျော်ကာ ..သည်ကောင် ပြုတ်ကျသွားခဲ့သည်။ အောက်တွင် က ထိုစဉ်က ကျွန်တော် လွန်းအိမ်သံပြား (ယက္ကန်းစင်တွင် အသုံးပြုရသော စက်ပစ္စည်းတစ်မျိုး) လုပ်ရန်ဝယ်ထားသော သံပြားများရှိသည်။ ကျသည်မှ ခေါင်းနှင့်ထိုးကျသွားခြင်းဖြစ် သဖြင့် ..ဒီကောင်တော့ ဒီတစ်ခါ သေပဟ ဟုတောင် အောက်မေ့ ခဲ့သည်။ ဒုန်းကနဲ အသံကလည်း မြည်သွားသကိုး ။ ဒါနဲ့ အပြေးအလွှား သွားကြည့်လိုက်တော့ …အံမယ်.. မောင်မင်းကြီးသားက သွားရေ အရွှဲသား ၊ နှပ်အရွှဲသားနဲ့ သံပြားများပေါ်တွင် တစ်ဟီးဟီး ရယ်ရင်း ငုတ်တုတ်ကြီး ။ တိန်  … ။ အဲဒီ့အချိန်က စပြီး တူတော်မောင်အား သံပေသီးဘွဲ့ကို တစ်ခါတည်း အပ်နှင်း ခဲ့မိပါတော့သည်။

သည်ကောင်သံပေသီး နှင့် မဟူရာ သည် ကျွန်တော့်ဘ၀၏ ပထမဆုံးသော ၀တ္ထုတိုအတွက် ကုန်ကြမ်းများ ဖြစ်လာခဲ့သည်။ ရေးမည့် ဇာတ်အိမ် ကို စိတ်ကူးဖြင့်တည်ဆောက်လိုက်သည်။ တစ်ကယ် ချရေးသည့် အခါတွင်လည်း ရေးလို့ ကောင်းလိုက်သည်ဖြစ်ခြင်း။ တစ်ထိုင်တည်းဖြင့် ပြီးမြောက် သွားခဲ့သည်။

ဝတ္ထုတိုတွင် .. အဓိကဇာတ်ကောင်မှာ မဟူရာသာ ဖြစ်လေသည်။ ခွေးတစ်ကောင်အကြောင်းကို ရေးထား သော်လည်း .. ခွေးတစ်ကောင်မှန်း စာဖတ်သူများ ချက်ချင်းမသိအောင် (ကျုပ် ..ကျုပ်က) စသော နာမ်စား သုံးပြီး စာကို လုံးရစ်လိုက်သည်။ နောက်ဆုံးအခန်းတွင်မှ ခွေးတစ်ကောင်ဖြစ်ကြောင်း သိအောင် စာကို ဖြေချလိုက်သည်။ ရေးရသည်မှာ အလွန်လက်တွေ့ ခဲ့ပါသည်။ ခွေးတစ်ကောင်အကြောင်းကို ခွေးနေရာမှ ခံစားပြီးရေးရခြင်းမျိုးလည်း ဖြစ်သဖြင့် ခွေးစိတ်လည်း မွေးရပါသည်။ ဒီလိုပြောလို့ တစ်ချို့က ရယ်ကောင်း ရယ်ကြမည်။ တစ်ချို့က ယုံချင်မှယုံကြမည်။ တစ်ကယ်တော့ အမှန်ပင်  ဖြစ်၏။ 
ခွေးတစ်ကောင်ဘက်မှ မျက်နှာစာ အမြင်ကို ရဖို့အတွက် ခွေးတစ်ကောင်ဖြစ်ခဲ့ရင်ဟူသော ရှုထောင့်ထဲသို့ ခုန်ဆင်းပြီး ရေးမည့်စာသားကို ရွေးခြယ်ခဲ့ရသည်။ ဇာတ်သိမ်းခန်းနားလောက်တွင်  အိမ်ကို သံယောဇဉ် ကြီးစွာဖြင့် ခေါင်းလှည့်ကြည့်နေသော မဟူရာ ၏ ဇာတ်ကွက်ကို ရေးသည့်အခိုက် .. ရေးနေရင်း ကျွန်တော် ကိုယ်တိုင် ယောင်ပြီး လည်ပြန် လှည့်ကြည့်မိခဲ့သည် ။ သြော်..ဒုက္ခ .။ စာရေးခြင်းဟူသည့် ပိုးကလည်း ..ဒုက္ခမသေးပေတကား။  သို့သော် ဘာပဲဖြစ်ဖြစ် ..၀တ္ထုတိုတစ်ပုဒ် အောင်မြင်စွာ ပြီးဆုံးအောင် ရေးသားနိုင်ခဲ့ပေပြီ။ စိတ်ရောကိုယ်ပါ ရေးဖွဲ့ခဲ့ရခြင်းဖြစ်သည်မို့ ..ကိုယ်တိုင် ပြန်ဖတ် ကြည့်တော့လည်း အားရမှု အပြည့်ရှိခဲ့သည်။ အခြားသူများကို ပေးဖတ်ကြည့်တော့လည်း ဖတ်သူတိုင်း အလွန်သဘောကျကြောင်း တွေ့ရသည်။ ထိုအချိန်မှစပြီး ကျွန်တော်နားလည်သွားခဲ့ပါသည်။

အနုပညာတစ်ခုဟူသည်မှာ ..စက်ရုံမှ ထုတ်သော ပုံစံတူ ဆပ်ပြာတုံးများလို …လိုချင်သည့်အချိန်တွင် ၊ လိုချင်သလောက် ထုတ်ယူ၍ ရကောင်းသော အရာများ မဟုတ်ပေတကား။ နှလုံးသွေးထဲတွင် စီးဆင်း နေသော ..ခံစားမှု ၊ အသိပညာ၊ အတွေ့အကြုံ အားလုံး ပေါင်းစပ်ပြီးမှ ဖန်တီးမွေးဖွားခဲ့ရသော အနုပညာတစ်ခု ဟူသည်မှာ ဖန်တီးသူအတွက်တော့ အဖိုးတန်ရတနာတစ်ပါး ပင် ဖြစ်လေသည်။ ဖန်တီးသူကိုပင် နောက်တစ်ကြိမ် ဒါမျိုးပုံစံတူ တစ်ထေရာတည်းလေး လုပ်စမ်းပါဦးဟု ဆိုချေဦး …ထိုဖန်တီးသူ ကိုယ်တိုင်ပင် မစွမ်းနိုင်ပါပေ။ ဒါကြောင့်ပင်လျှင် လူသားတို့အဖို့ အနုပညာလက်ရာ ဟူသည်တို့ကို အခြားအရာများထက် ပိုမိုတန်ဖိုးထားကြခြင်း ဖြစ်ပေလိမ့်မည်။

(၃)

၂၀၀၀ /၂၀၀၁ ခန့်တွင်ဖြစ်မည်။ ကျွန်တော် တာချီလိတ်မြို့မှ မွေးရပ်မြေဖြစ်သော ၀မ်းတွင်းမြို့သို့ ပြန်လည် ရောက်ရှိခဲ့သည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် .. ယင်းအချိန်တွင် သဲတော-၀မ်းတွင်း မြို့နယ်ရှိ စာပေလွင်ပြင် စာဖတ်အသင်း မှ ကြီးမှုးကျင်းပသော စာပေဟောပြောပွဲနှင့် ၀တ္ထုတို နှင့် ကဗျာ ပြိုင်ပွဲများ ကျင်းပမည့် ကာလဖြစ်နေသည်။ ကျွန်တော် လေးစားသော ဆရာနေ၀င်းမြင့် ၊ ဆရာကိုချစ်စရာ ..စသော စာရေးဆရာကြီးများ ဟောပြောကြမည်လည်းဖြစ်သဖြင့် ..တက်ကြွနေခဲ့မိသည်။ ထို့အပြင် .. ပြိုင်ပွဲ ကိုလည်း ထိုဆရာသမားတို့ကပင်လျှင် ကြီးကြပ်တည်းဖြတ်ပြီး  ..ဆုရွေးခြယ်ပေးမည် ဖြစ်သဖြင့် ..၊ စိတ်အား ထက်သန်ခဲ့မိတော့သည်။

သို့သော် ခက်သည်က ကျွန်တော့်တွင် အမှန်တိုင်းဆိုရမူ ကဗျာတွေက ရေးပြီးသား အလွန်ပေါသော်လည်း ၊ ၀တ္ထုတိုကတော့ မဟူရာတစ်ပုဒ်တည်းသာ ရှိနေသည်။ ကဗျာအတွက် ကတော့ မပူရ ။ ဒါနှင့်ပင် မဟူရာ ၀တ္ထုတိုနှင့် တရားကဗျာလေးတစ်ပုဒ်  ကောက်စပ်ပြီး ပြိုင်ပွဲဝင်ခဲ့သည်။ ဆုရသည် မရသည်ထက် ..၊ ဟောပြောပွဲနှင့် ပြိုင်ပွဲအပြီးတွင် ..ကိုယ်သဘောကျသော ဆရာသမားများနှင့် ယမကာရွှေရည်အတူစိမ်ပြီး .. လေကန်ခွင့် ၊ သူတို့ပြောသည်ကို နားထောင်ခွင့် ရမည့်အနေအထားကို စိတ်အားပြင်းထန်ခဲ့မိသည်။

သို့သော် ..ကံကြမ္မာကား မျက်နှာသာမပေးခဲ့ချေ တကား။ ဟောပြောပွဲမလုပ်မီ တစ်ရက်နှစ်ရက်ခန့်မှာပင် ..တာချီလိတ်မြို့သို့ ကျွန်တော် ပြန်၍ သုတ်ခြေတင်ရပါလေပြီ။ အကြောင်းကတော့ …ထိုစဉ်က ထိုင်းနှင့် မြန်မာ စစ်ရေးအရ တင်းမာမှုဖြစ်ပြီး ၊ ဟိုဘက် သည်ဘက် နယ်စပ်ဒေသများတွင် ..ကျည်ဆံလေးတွေ ၊ အမြောက်ဆံလေးတွေ နှင့် ပစ်ပေါက်တမ်း ကစားကြသည်ဟု သတင်းထွက်လာခဲ့ခြင်းကြောင့်တည်း။
ဇနီးနှင့် သမီး အပူကြောင့် …မီးလိုပူကာ လူက နေမရတော့သဖြင့် ..ချက်ချင်း လေယာဉ်လက်မှတ် စီစဉ်ပြီး ..တာချီလိတ်သို့ ဂိုးရတော့သည်။ သမုဒယကြိမ်စကြာ ရိုက်ခေါ်လိုက်တာမို့ ..သည်မောင် ငမိုးရိပ်လည်း .စိုးထိတ်လို့ မနေသာ ၊ ကျည်ဆံများ ကျနေရာဆီ … အမြန်လှမ်းခဲ့ရ   ပေတော့၏။
ထိုစဉ်အချိန်မှ စပြီး တစ်နှစ်ခန့်ကြာသည့်တိုင်အောင် ၊ မဟူရာ ကို သော်လည်းကောင်း၊ စာပေရေးရာ ကဏ္ဍများကိုသော်လည်းကောင်း  ကျွန်တော် အဆက်အသွယ် ပြတ်တောက်ကင်းကွာ သွားခဲ့တော့သည်။ သည်လိုနေလာရင်း     တစ်ရက်တွင်မှ ကျွန်တော်၏ ညီအလတ်ဖြစ်သူထံမှ ဖုန်းအဆက်အသွယ်ရ၏။ စာပေပြိုင်ပွဲနေ့က  မဟူရာ သည် ၀တ္ထုတိုပထမဆုရကြောင်း ၊ ကဗျာမှာမူ တတိယဆုသာ ရရှိကြောင်း၊ အစ်ကို့အစား ကျွန်တော် ဆုတက်ယူခဲ့ကြောင်း၊ ပထမဆုဖြစ်သည့် ဒိုင်ယာရီအကောင်းစားကို မူ သူသုံးပစ်လိုက်ပြီဖြစ်ကြောင်း ၊ မကောင်းတတ်၍ တတိယဆုဖြစ်သည့် ဒိုင်ယာရီအသေးလေးကိုမူ သိမ်းထားသေးကြောင်း…စသဖြင့် အကျိုးအကြောင်း ဖုန်းဆက်ပြောလေ၏။ တော်သေးတာပေါ့ ငါ၏ညီ …ဂွီ ။

(၄)
မဟူရာ ..သည် ကျွန်တော်မြတ်နိုးသော ကျွန်တော့်ဘ၀၏ ပထမဦးဆုံးသော ၀တ္ထုတိုတစ်ပုဒ်ဖြစ်သလို ၊ ဘ၀၏ အမှတ်တရတစ်ခုလည်း ဖြစ်ခဲ့ပေပြီ။ သို့သော် .. သည်မျှနှင့် အဆုံးမသတ်သေးခဲ့။ အကြောင်းတရား တိုက်ဆိုင်မှုအချို့က အံ့သြဖွယ်ရာ ဟုဆိုရမည်လေလော ။  ထိုစဉ်က စာပေပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့သော ကဗျာဆုကိုမူ  ..ရန်ကုန်တွင် နေထိုင်သော သဘောင်္သား တစ်ဦးက ရရှိသွားကြောင်း သိခဲ့ရပေသည်။ သို့သော် ဘယ်သူဘယ်ဝါဟု ကျွန်တော်မသိခဲ့ရ။ ကဗျာနာမည်ကိုလည်း ကျွန်တော် မသိခဲ့ရ။

ရန်ကုန်သို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီးနောက် ..တစ်နယ်တည်းသား  သဘောင်္သား မိတ်ဆွေ တစ်ယောက် နှင့် မမျှော်လင့်ဘဲ မိတ်ဆွေဖြစ်ခဲ့ရသည်။ အဆိုပါပုဂ္ဂိုလ်မှာ တိုက်တိုက်ဆိုင်ဆိုင် စာပေ ပြိုင်ပွဲနေ့က  ကဗျာပထမဆု ရရှိသွားခဲ့သူဖြစ်နေပေသည်။ သူရော ကျွန်တော်ပါ ထိုအချက်ကို တော်တော် အံ့အားသင့်ခဲ့ရသည်။ ထို့ထက်ပိုပြီးအံ့အားသင့်ရသည်ကတော့ ထိုစဉ်က သူပြိုင်ပွဲဝင်ခဲ့သော ပထမဆုရ ကဗျာ၏ ခေါင်းစဉ်နာမည်ပဲ ဖြစ်သည်။ မဟူရာနိဒါန်း ဟူသတည်း။  အမှောင်ည၏ ကနဦးအစ ..တနည်း ဆည်းဆာချိန် အကြောင်းကို ဖွဲ့ဆိုထားသော ကဗျာတစ်ပုဒ်ဖြစ်၏။ အလွန်ကောင်းလှ၏။ သူ့လောက် ကျွန်တော် ကဗျာတစ်ပုဒ်ကို စာသားကျစ်လစ်လှပအောင် မခြယ်မှုန်းနိုင်ကြောင်း  သူရွတ်ပြသည်ကို နားထောင်မိစဉ်မှာပင် သိရှိသွားခဲ့ရ၏။ လောကကြီးသည် တစ်ခါတစ်ရံ ထင်သလောက် မကျယ်ပါလား ဟု တွေးခဲ့မိပေသည်။ မဟူရာကို ရေးဖွဲ့ခဲ့သော ကျွန်တော်နှင့် မဟူရာနိဒါန်းကို ရေးဖွဲ့ခဲ့သော သူ သည် နောင်နှစ်များစွာ ကြာချိန်တွင် တစ်နေရာတည်းတွင် အမှတ်မထင် တိုက်တိုက်ဆိုင်ဆိုင် ပြန်တွေ့ ဖြစ်လိမ့်မည် ဟု မထင်ခဲ့မိပါပေ။

ယခုတော့ ကိုကိုသဘောင်္သား ကဗျာဆရာလည်း .. ရေနူးသဖြင့် ကုန်းပေါ်တက်ကာ ၊  နေပြည်တော်တွင် မီနီမတ် ဖွင့်နေပေပြီ။ ကျွန်တော်သည်လည်း  ..စာပေသမားဘ၀ထက် ဗေဒင်ဆရာဘ၀ရောက်ကာ .. အောင်လံထူ စစ်သူကြီးပွဲ နှင့် ဟဲနေရတော့သည်။ ဘ၀ဟူသည် ကိုယ်ထင်ထားသလို   ဖြစ်ချင်မှလည်း   ဖြစ်တတ်၏။ ကကြီး  ဖြစ်မယ်ထင်ထားခဲ့သည့်တိုင် ..  တစ်ပတ်လည်ကာ ..ယပက်လက် ဖြစ်ချင်လည်း ဖြစ်သွားတတ်ပြန်သည်  တကား။

မဟူရာနိဒါန်းပိုင်ရှင်  ကိုတာသို့ အမှတ်တရ …

ကိုစိုး
Saturday, May 14, 2011
 

Post a Comment
 

Posts Comments

©2006-2010 ·TNB