ကျွန်တော့်ဘ၀အတိတ်ကြေးမုံ စာစု(၂)

Wednesday, October 19, 2011


စာပေ နှင့် ကျွန်တော်




စာအုပ်စာပေ လူ့မိတ်ဆွေ ဟု ဆို၏။ ကျွန်တော်၏ ငယ်ဘ၀ကား ..စာအုပ်တစ်အုပ် ဖတ်ရဖို့အတွက်  ခက်ခက်ခဲခဲ  ကြိုးပမ်းခဲ့ရသော ဘ၀မျိုးဖြစ်ခဲ့သည်။ အကြောင်းကား ..ကျွန်တော်၏ မိဘလူကြီးများတွင် စွဲဝင် နေသော အမြင်ဆိုးတစ်မျိုးကြောင့် ၊ အယူအဆအမှားတစ်မျိုးကြောင့် ဟု ဆိုရပေမည်။



ဝတ္ထုမဖတ်ရ ၊ မဂ္ဂဇင်း မကိုင်ရ ၊ ကျောင်းစာပဲကြည့်  ဟူသော သြ၀ါဒ အမိန့်သံများအောက်တွင် ကျွန်တော် ကြီးပြင်းခဲ့ရသည်။ လူကြီးမိဘများအနေနှင့် အရွယ်မတိုင်မီ အချစ်အလွမ်း စာပေများကို အဓိကပြု တားမြစ်လိုခြင်း ဖြစ်ပြီး၊ ရောကျိုကျိုကာ စာအုပ်မဖတ်ရ အမိန့်ချခံခဲ့ရပေသည်။ အမှန်တော့ ..ဘယ်စာအုပ်တွေ မဖတ်သင့်သေး ၊ ဘယ်စာအုပ်တွေ ဖတ်သင့်သည် ..စသည်ဖြင့် လမ်းညွှန်ပေးခြင်းမျိုး သာ ဖြစ်သင့်ပေသည်။

ဆွေမျိုးစကားကို နားအလွန်ယောင်တတ်သော မိခင်ကြီးဖြစ်သူမှာမူ ယင်းကဲ့သို့ ကျွန်တော့်အား လမ်းညွှန် ပေးမည့် အစား ၊ မလုပ်ရ ၊ မဖတ်ရ ၊ မကြည့်ရ ဗီတိုအာဏာဖြင့်သာ တားမြစ်ခဲ့ပါသည်။ ဆွေမျိုးညာတိ တို့က …(ဟဲ့…တင်ရီ ..နင့်သားပေါက်စလေးရှိသေးတယ် ၊ စာအုပ်ကြီးတစ်ကိုင်ကိုင်နဲ့ ၊ စောစောစီးစီး လူပျို စိတ်ဝင်ပြီး ၊ ကျောင်းစာညံ့တော့မှာပဲ ) ဟူသော အပြောမျိုးများကြောင့် ကျွန်တော့်မှာ စာအုပ် တစ်အုပ် ဖတ်ရဖို့အတွက် .. အိမ်သာထဲတွင် စာထိုင်ဖတ်ခဲ့ရပါသည်။ ယင်းအကျင့်မှာ ယခုထက်ထိ တိုင်အောင် မပျောက်တော့ပဲ မနက်လင်းသည်နှင့် ဆေးပေါလိပ်တစ်လိပ် နှင့် စာအုပ်တစ်အုပ်ယူပြီး နာရီဝက်ခန့် အိမ်သာထိုင်တတ်သော အကျင့်မျိုး စွဲကပ်နေပါတော့သည်။
အလွန်စာဖတ်လိုပြီး  ဖတ်စရာ စာအုပ် ရှားပါးသော အိမ်တွင် ကျွန်တော်သည် အဖေ့ဘက်မှ အဘဖြစ်သူ၏ ထင်ရှုးသေတ္တာကို  အဘမသိအောင် မွှေပြီး ၊ သူပြုစုထားသော လောကီပညာ မှတ်တမ်းများကို ဖတ်ရှုရ၏။ အဂ္ဂိယပညာများ၊ ဆေးပညာများ၊ ထူးဆန်းသော အတွေ့အကြုံများ အကြောင်း စတင်သိရှိဖတ်ရှုခဲ့ရပေသည်။ အဘ သည် အိန္ဒိယနိုင်ငံတွင် ဒုတိယကမ္ဘာစစ် မတိုင်မီ ကတည်းက ကိုရင်ဘ၀ဖြင့် နေထိုင်ခဲ့ဖူးသော မြန်မာစစ်စစ် တစ်ယောက် ဖြစ်သည်။ စစ်ပြီးခေတ် နောက်ပိုင်း အတန်ကြာမှ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိပြီး ဇီးတောရွာရှိ ရုပ်စုံကျောင်းတွင် ကျောင်းထိုင်ဘ၀ ဖြင့် လည်းကောင်း ၊ ထို့နောက်တွင်မှ လူဝတ်လဲကာ အိမ်ယာထူထောင်ခဲ့သူ ဟု လည်းကောင်း  သက်ကြီးစကား သက်ငယ်ကြား သိမှတ်ခဲ့ရပါသည်။

ခက်သည်ကတော့ အဘကလည်း ကျွန်တော့်ကို သူ့စာအုပ်များ မွှေသည် ၊ ဖတ်သည်ကို မကြိုက်ခြင်း ဖြစ်သည်။ ကျွန်တော်ခိုးခိုးဖတ်မှန်းသိသောအခါ သူ၏ မှတ်တမ်းစာအုပ်များကို သော့ခတ်ကာ သိမ်းထား တော့သည်။ ဖတ်စရာရှားပါးသော ဘ၀တွင် ဖခင်ဖြစ်သူ ၀ယ်လာသော ငါးရာ့ငါးဆယ်နိပါတ်တော် စာအုပ် အထူကြီး တစ်အုပ် ကို ကျွန်တော်တွင်တွင်ဖတ်ဖြစ်ခဲ့ပါသည်။ ယင်းစာအုပ်ဖတ်ခြင်းကိုမူ မိခင်ကြီးဖြစ်သူ နှင့် အဒေါ်မှ ဘာမှမပြောသော်လည်း အချိန်အကြာကြီးဖတ်လျှင်မူ မျက်စောင်းခဲလာတတ်ပေသည်။ ကျွန်တော်၏ ငယ်ဘ၀ စာဖတ်ရပုံမှာ ယင်းသို့အခက်အခဲများ ရှိခဲ့လေသည်။

ထို့ထက် အရွယ်အတန်အသင့် ရောက်လာသော အခါတွင်တော့ ..စာစုံကို ကျွန်တော် မရမက ဖတ်ပါတော့သည်။ သိုင်းဝတ္ထုများကို စတင်ဖတ်သည်။ နဂါးနိုင်ဓါး ၊ သိုင်းလောကမှ စိန်ခေါ်သံ ၊ ရွှိ ..ရွှပ် ..ဂွိ..ဂွပ် တွေ ဖတ်စရာနဲလာပြန်တော့ ..စုံထောက်တွေ၊ သဲထိတ်ရင်ဖိုတွေ ဖတ်သည်။ ယင်းအခါတွင် ..ဆရာမင်းသိင်္ခ၏  စာအုပ်တစ်အုပ်ကို စတင်ဖတ်မိသွားခဲ့ပါသည်။ စနေမောင်မောင် နှင့် ပါပလူမျိုး ကိုးဆယ့်ကိုး ဟူသော စာအုပ်ဖြစ်သည်။ ကြိုက်လိုက်သည်ဖြစ်ခြင်း .. ။  တစ်ခါတည်းနှင့် အသည်းစွဲ အောင် ကြိုက်သွားသည်။ မနုစာရီ ကို ပြန်ရှာဖတ်သည်။ ဆရာမင်းသိင်္ခ ထွက်သမျှ စာအုပ်မှန်သမျှ ဘာစာအုပ်မှ အလွတ်မပေးတော့သည်အထိ ဖတ်ခဲ့ပြန်ပါသည်။ ကိုယ့်ကိုယ်ကိုတောင် အင်္ဂါသား ဖြစ်သဖြင့် အင်္ဂါမောင်မောင် လို့ နာမည်မှည့်ချင်သော်လည်း အဓိပ္ပါယ်ကောက် လွဲစရာ အကြောင်း ရှိသော နာမည်မျိုး ဖြစ်နေသဖြင့် မမှည့်ရဲခဲ့ခြင်း ဖြစ်သည်။ ( စနေမောင်မောင် ဟူသော ဆရာ၏ ဇာတ်ကောင်ကို သဘောကျခဲ့ပုံများ ပြောပါတယ်။ )
မသိအောင်ဖတ်မှ စာဖတ်ရမည့် အနေအထားတွင် ကျွန်တော်သည် စာဖတ်ရနိုင်သော နည်းလမ်းများ ကိုလည်း ဖန်တီးတတ်လာခဲ့သည်။ ကျောင်းသွားလျှင် လမ်းတွင် စာအုပ်ဆိုင်ဝင်သည်။ ကျောင်းအားချိန် များတွင် ကျောင်းမှာပင် စာဖတ်သည်။ ဘောလုံးကန်ခြင်း ၊ ခြင်းခတ်ခြင်း ဟူသည့် အားကစား ကဏ္ဍ များတွင် စိတ်မပါခဲ့။ ဒီတော့ ကျွန်တော့်ခန္ဓာကိုယ်မှာလည်း  ထိုစဉ်က ၀ါးလုံးရှည်ရှည်ကို အ၀တ် ပတ်ထားသလို လှီခဲ့သည်။ ကျောင်းမှအပြန်တွင် အိမ်မရောက်မီ ငှားလာသော စာအုပ်ကို ပြန်အပ်သည်။ အလုပ်ကိုဖြစ်….လို့ ။

စာသည် ဖတ်ပါများလာသောအခါ ..စာဖတ်သက်အလိုက် စာအပေါ့အလေးကိုလည်း ခွဲခြားတတ်လာစမြဲ ဖြစ်သည်။ စာဖတ်သက် ရင့်လာလေလေ အာသာမပြေသလို ခံစားမှုမျိုး ဖြစ်လာလေလေပင်။ သည်မှာပဲ စာအမျိုးအစားတွေ ပြောင်းဖတ်မိလာတတ်ခြင်း ဖြစ်သည်။ သုတတွေ ရသတွေ ဘက်ကို ကျွန်တော် ခြေဦးလှည့်ခဲ့ပြန်သည်။ အချစ် တွေ အလွမ်းတွေ စဖတ်ဖြစ်ချိန်ကတော့ ရည်းစားဦးလေး ရပြီးသည့် နောက်တွင်မှ ဆိုလျှင် ပိုမှန်ပေလိမ့်မည်။ စစခြင်းဖတ်ဖြစ်တာက ဆရာနွမ်ဂျာသိုင်း ၏ အချစ်ဝတ္ထုများ ဖြစ်သည်။ ပေါ့ပေါ့ပါးပါးနှင့် ဖတ်ရသွက်ခဲ့သည်။ ဒီ့နောက် ဆရာငြိမ်းကျော်ကို ဖတ်မိခဲ့သည်။ အလွန် နှစ်သက်ခဲ့ပေသည်။ တစ်အုပ်မှ မကျန်သလောက် အဟောင်းပုံကိုပါမွှေပြီး ကျွန်တော်ရှာဖတ်ခဲ့သည်။ မြို့ပေါ်က စာအုပ်ဆိုင်တကာ ကျွန်တော်မရောက်ဖူးသည်မရှိ။ မိခင်ကြီးသိသောအခါ  နယ်ကျော်ပယ် ကျော်ထိ စာအုပ်ငှားရမည်လား ဟု အဗျင်းခံခဲ့ရဖူးပေသည်။

ဆရာမင်းလူ ၊ ဆရာသော်တာဆွေတို့၏ စာအုပ်များကို လည်း သဲသဲမဲမဲ ရှာဖတ်ဖြစ်ခဲ့သည်။ ဆရာ နိုင်ဝင်းဆွေ ၏ နွေတစ်ည ၀တ္ထု ကို ကျောင်းမှ ဆရာကြီးတစ်ဦးထံမှ တောင်းတောင်းပန်ပန်နှင့် ငှားဖတ် မိပြီး ..ဇာတ်သိမ်းခန်းလည်းရောက်ရော ..ကျွန်တော်မျက်ရည်ကျပြီး ရင်ထဲတွင်ဆို့နင့်နင့် ဖြစ်ကျန်ရစ် ခဲ့ဖူးသည်။ ကရကဋ်ရာသီဖွားတစ်ယောက် အလွမ်းဝတ္ထုဖတ်ရသည်မှာလည်း မစားသာလှ။
စာပေအရေးအသားတွင်မူ ကျွန်တော့်သည် ဆရာမင်းလူတို့ ဆရာသော်တာဆွေတို့ ကဲ့သို့ ပွင့်လင်း လွတ်လပ်သော အရေးအဖွဲ့နှင့် အတွေးတည်ဆောက်ပုံမျိုးကို နှစ်သက်မှု ပိုမိုခဲ့ပေသည်။ အလားတူပင် ဆရာငြိမ်းကျော် ကဲ့သို့ လူမှုဘ၀ရေးရာများကို အချစ်အလွမ်းဝတ္ထုများတွင် ကျင့်ဝတ်များနှင့် ယှဉ်တွဲပြီး ရောစပ် ရေးဖွဲ့ထားခြင်းမျိုးကိုလည်း နှစ်ခြိုက်ခဲ့မိပေသည်။ ဆရာအောင်လင်း ၏ အရေးအသားမျိုး ကိုတော့ ကျွန်တော် သဘောအကျဆုံးဟု ဆိုနိုင်ပေလိမ့်မည်။

ဒီနောက်တော့ စာစုံပေစုံ ကျွန်တော်ဖတ်ဖြစ်ခဲ့ပါတော့၏။ သို့သော် ....ဆယ်တန်းအောင်ပြီးသည့် အချိန် ထိတိုင်အောင် .. ကျွန်တော် ကိုယ်၌မူ ၀တ္ထုတစ်ပုဒ် မျှ မရေးဖွဲ့မိခဲ့သေး ။ ဆောင်းပါးတစ်ပုဒ်မျှ မရေးခြစ် ဖြစ်ခဲ့သေးပေ။ ကဗျာတွေသာ အထပ်ထပ်ရေးဖြစ်ခဲ့ပေသည်။ အဲ..ရေးမယ့်ရေးဖြစ်တော့လည်း ..ကျွန်တော့် ဘ၀တွင် ပထမဦးဆုံး ရေးဖြစ်ခဲ့သော ၀တ္ထုတိုမှာ ..ဘယ်သောအခါမှ မေ့မရတော့မည့် အမှတ်တစ်ရ ဖြစ်စရာ တစ်ခု ဖြစ်နေခဲ့ပြန်ပါတော့သည်။ အဘယ်ကြောင့်ဟူမူ…………….

ကိုစိုး
၉ ၊ ၅ ၊ ၂၀၁၁
နံနက် ၄နာရီ  ၅၁မိနစ်

Post a Comment
 

Posts Comments

©2006-2010 ·TNB