ကြယ်ပွင့်များရဲ့ ကံဇာတာ

Friday, November 4, 2011




ကြယ်ပွင့်များ ဟူသည်ကတော့ … အနုပညာလောက ၊ ဖလင်လောကမှ …အနုပညာသည်တို့ကို သည်နေရာမှာ ရည်ညွှန်းပါ၏။ တစ်နေ့သော အခါက .. နယ်မှ အသိဟောင်း ဗေဒင်ပညာရှင် တစ်ဦးနှင့် ဖုန်းတော်တော်ကြာ ပြောဖြစ်ခဲ့သည် ။ သူသည် အမေးသန်သူဖြစ်သလို … ခရေစေ့ တွင်းကျ လည်း ရှာရှာဖွေဖွေ တွေးတတ်မေးတတ်သူလည်း ဖြစ်သည်။ အဲသည်ကနေပြီး …ရုပ်ရှင် ဖလင် လောက အကြောင်း ဆက်မိလာသည်။ သူမေးသော မေးခွန်းတစ်ခု ကို ပြန်ပြောပြပါမည်။


ဆရာစိုး .. ရုပ်ရှင်လောက နဲ့ ကျွန်တော်တို့ ဗေဒင်ပညာရပ်ပိုင်းဆိုင်ရာလေးတွေ ဆက်စပ်ပြ ပါဦးဗျ။ သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့အတွက် ဆိုပါတော့ဗျာ ။ ဆရာစိုးစကားနဲ့ ပြောရရင် ..ဘယ်ဂြိုဟ်အားကောင်းဖို့လိုမလဲဗျ ။

သူဒီမေးခွန်း မေးသောအခါ ကျွန်တော်ခေါင်းကြိမ်းရပါသည်။ ရှင်းရခက်သည်များ ကို ရှင်းရသည်မှာ အချိန်ပေးရသလို … တစ်ဖက်လူ အမှန်တစ်ကယ် နားလည်အောင်လည်း ဥပမာ ထိထိမိမိဖြင့် ပေးနိုင် ၊ သရုပ်ဖော်နိုင်မှ အဆင်ပြေသည်။  

ဖုန်းနဲ့ပဲ ပြောကြမလားဗျ  ၊ နဲနဲတော့အချိန်ပေးရလိမ့်မယ်ထင်တယ်။

ရတယ်ဆရာစိုး … ဆရာစိုးအဆင်ပြေတယ်မဟုတ်လား။ အချိန်ရမယ် ဆိုရင် ဖုန်းနဲ့ပဲ ပြောကြ ရအောင်။ ကျွန်တော်လည်း လောလောဆယ် အားလပ်ချိန် ဖြစ်နေတယ်။    

ဒါဆိုလည်း ဖုန်းနဲ့ပဲ ပြောကြတာပေါ့။ နေဦး ဘယ်က စပြောရင်ကောင်းမလဲ တွေးလိုက်ဦးမယ်။ အင်း ..ရုပ်ရှင်ဖလင် လောက ဆိုတော့လည်း ဖလင်လောက နဲ့ ဆိုင်တဲ့အကြောင်းအရာက နေပဲ စကြတာပေါ့။  ဒီလိုဗျာ ……  အနုပညာနဲ့ ဆိုင်တဲ့ဂြိုဟ် လည်း ဖြစ်၊ နောက်တစ်ခုက ဖလင် လောက နဲ့ အထူး သက်ဆိုင်တဲ့ ဂြိုဟ်က တနင်္လာ ပါ။

တနင်္လာ ဂြိုဟ် ဆိုတာက ခံစားမှုနဲ့ စိတ်ကူးယဉ် နယ်ပယ်ကို အဓိကအစိုးရပြီး၊ လူသားတွေ စိတ်ခံစားမှုရဲ့ စေစားမှုအားဖြင့် ..ဖန်တီးထားသော နယ်ပယ်များကို လွှမ်းမိုးထားတယ်။ ပန်းချီဆရာ တစ်ယောက် ပန်းချီဆွဲစဉ်မှာဖြစ်စေ ….  စာရေးဆရာတစ်ယောက် စာရေးစဉ်မှာ ဖြစ်စေ …တနင်္လာဂြိုဟ်ရဲ့ လွှမ်းမိုးမှုအားဖြင့် …. (တနည်းအားဖြင့်) …စိတ်ခံစားမှုရဲ့ စေ့ဆော်မှု အားဖြင့်  ဈန်ဝင်စားပြီး လုပ်ဆောင်ကြရပါတယ်။  အနုပညာနယ်ပယ်တွေနဲ့ တနင်္လာဂြိုဟ် ပတ်သက် ဆက်နွယ်နေတယ် ဆိုတာက ဒီသဘောပါ။

ဥပမာ အားဖြင့်  ဆိုပါတော့…၊ စာရေးဆရာတစ်ယောက် ရဲ့ ဇာတာမှာ သူရဲ့တနင်္လာဂြိုဟ်ဟာ အင်္ဂါဂြိုဟ်လို အမြဲရန်လို နေသော ဂြိုဟ်မျိုးနဲ့ ဆက်နွယ်မှု အားကောင်းခဲ့မယ် ဆိုရင် ..၊ သူရေးတဲ့ စာတွေက … ၀ါကျခပ်တိုတိုနဲ့ ထိထိမိမိ စာကြောင်းတွေ ဖြစ်လာမယ်။ အတိုက်အခိုက် အသတ်အပုတ် ပါသော ဇာတ်လမ်းတွေ၊ သို့တည်းမဟုတ် ..စစ်ဘက်နဲ့ဆိုင်တဲ့ စာပေတွေ ရေးသား သူမျိုး ဖြစ်လာ နိုင်ပါတယ်။ ဒီအနေအထားမျိုးမှာ ရာဟုလိုဂြိုဟ်မျိုးက မကောင်းတဲ့ အနေအထား တစ်ရပ်ရပ်နဲ့ ပါဝင် ဆက်နွယ်နေခဲ့ရင် ….သူ့စာပေမှာ အညှီအဟောက် ရှိလာမယ်။ အင်္ဂါနဲ့ရာဟု ဆက်နွယ်မှု အားကောင်းတဲ့ စာရေးဆရာမျိုးမှာ ..အဆဲအဆို သို့မဟုတ် လိင် အသားပေး ၊ လိင်လှုံ့ဆော်မှု ပါဝင်သော စာပေမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

စာပေရေးသားခြင်းကို ဗုဒ္ဓဟူးဂြိုဟ်က အစိုးရပေမယ့် ..စိတ်ခံစားမှုကို ဖြစ်တည်စေတဲ့ တနင်္လာဂြိုဟ် ကိုလည်း ဖယ်ထားခဲ့လို့မရပါ။ သူ့ကို ထည့်တွက်ရပါတယ်။ အနုပညာတစ်ခု ဖန်တီးတဲ့အခါ … စိတ်ခံစားမှု ကဏ္ဍ ဟာ အင်မတန်အရေးပါသလို ..တနင်္လာဂြိုဟ် နဲ့ ဆက်နွယ် နေသော အခြေအနေ အရပ်ရပ်ကိုလည်း မူလဇာတာမှာ စစ်ဆေးသုံးသပ်ရပါမယ်။ အကယ်လို့ …. စာရေးဆရာ တစ်ယောက်ရဲ့ မူလဇာတာမှာ တနင်္လာဟာ စနေ ဂြိုဟ်လို ဂြိုဟ်မျိုးနဲ့ အားကောင်းစွာ ပတ်သက်နေခဲ့မယ် ဆိုရင်…ဝေဖန်ရေးစာပေ ရေးသားသူ၊ ဂမ္ဘီရဆန်ဆန် စာပေမျိုး ရေးသားသူ ၊ နာမ်ပိုင်းဆိုင်ရာ စာပေများ ဖြစ်သော ဘာသာရေး၊ စိတ်ပညာ၊ ဗေဒင်၊ စသည့် စာပေများ ရေးသား သူတစ်ဦး ဖြစ်လာစေပါတယ်။

ဟိုးထား ခဏလေး ဆရာစိုး။ မူလဇာတာ ဆိုတာက ..ကျွန်တော် တို့ နက္ခတ်လက်ရိုးဇာတာ တွေကို ဆိုလိုတာလား။ ဆရာစိုးတို့ မဟာဘုတ်ဇာတာ ကို ဆိုလိုတာလား။

နှစ်ခုစလုံးကို ဆိုလိုတာပါ။

ဒါဆိုရင် မဟာဘုတ်နဲ့ ပတ်သက်တာကို မူတည်ပြီးရှင်းပြဗျာ။ လက်ရိုးက ကျွန်တော် အတန်အသင့် နားလည်ပြီးသား။ မဟာဘုတ်နဲ့ ကြတော့ ဘယ်လို ကြည့်သလဲ သိချင်တယ်။ လုပ်စမ်းပါဦး။

ရိုးရိုးလေးပါပဲ။ မဟာဘုတ်မှာ တနင်္လာ ဘယ်ဌာနမှာ ရပ်တည်နေသလဲ ၊ ဘယ်ဂြိုဟ်နဲ့ ပက္ခမိ ထားသလဲ။ ပက္ခအမျိုးအစားက ဘယ်လိုအမျိုးအစားလဲ။ ဒါကို ကြည့်ရပါတယ်။ ပြီးရင် အရေးအကြီးဆုံး ဖြစ်တဲ့ နာမည် အဖျားစာလုံးကိုလည်း ကြည့်ရှုစစ်ဆေးရပါတယ်။ နာမည် ….

ဟိုးထား……ဆရာစိုး။ ခဏလေးဗျာ …မေးစရာရှိလို့။ နာမည်အဖျားစာလုံးကို ကြည့်ရှု စစ်ဆေး ရမယ် ဆိုတော့ …မူလ သူရဲ့ နာမည်ရင်း ကို စစ်ဆေးမှာလား၊ ဒါမှ မဟုတ် ကလောင် နာမည်ကို စစ်ဆေးရမှာလား။

ကလောင် နာမည်ကိုပါ။ ကလောင်နာမည်ရဲ့ နာမည်အဖျားစာလုံး ဘယ်မှာရပ်တည်ထားသလဲ ဆိုတာကို ကြည့်ရှု စစ်ဆေးရတာပါ။ အနုပညာလောက မှာ ရပ်တည်မယ့် နာမည်ဟာ …သူရဲ့အနုပညာခရီး ကံဇာတာနဲ့ သက်ဆိုင်ပါတယ်။ ဘယ်အချိန်မှာ အောင်မြင်နိုင်သလဲ …ဘယ်အချိန်မှာ အခက်အခဲ ကြုံနိုင်သလဲ စသဖြင့်တွေကို ဆိုင်ရာ အနုပညာနာမည်တွေက ဖော်ပြပါတယ်။

ဟုတ်ပြီ။ ရပြီ။ ဒါဆို ဆရာစိုး ခုနက ပြောသလို …ထားပါတော့  နာမ်ပိုင်းဆိုင်ရာ စာပေတွေ ရေးသားဖို့ အတွက်ဆို  … မဟာဘုတ်ဇာတာမှာ ဘယ်လို အချက်အလက်တွေ တွေ့ရနိုင်သလဲ။

ရှုထောင့်ကတော့ အများကြီးပါ။ သို့သော်ထင်ထင်ရှားရှား ပိုမြင်နိုင်တာလေးတွေကို ပြောပြရရင် ၊ နာမည် အဖျားစာလုံးဟာ မရဏမှာ ရပ်နေခဲ့ရင် နာမ်ပိုင်းဆိုင်ရာ စာပေတွေကို ရေးသားဖို့ တွန်းအား ပေးပါတယ်။ အလားတူပဲ …နာမည်အဖျားစာလုံးဟာ စနေ ဖြစ်နေပြီး တနင်္လာနဲ့ ပတ်သက် နေခဲ့ရင်ဖြစ်စေ၊ နာမည် အဖျားစာလုံးဟာ တနင်္လာ ဖြစ်နေပြီး စနေနဲ့ ဆက်နွယ် နေခဲ့ရင် ဖြစ်စေ ….နာမ်ပိုင်းဆိုင်ရာ စာပေတွေ ရေးသားဖို့ တွန်းအားပေးနိုင်တယ်။ စိတ်ခံစားမှု ကို စေ့ဆော် ပေးနိုင်တဲ့ … တနင်္လာဟာ နာမ်ပိုင်း ဆိုင်ရာကို ကိုင်းညွတ်စေတဲ့ စနေနဲ့ မည်သည့် အနေအထားမျိုး ဖြစ်သော ဆက်နွယ်မှု တစ်စုံတစ်ရာ ရှိနေသည့် အခါတိုင်းမှာ နာမ်ပိုင်းဆိုင်ရာ စိတ်ခံစားမှု အာရုံကို ဖြစ်ထွန်းစေနိုင်ပါတယ်။

ဥပမာ …ဆရာမင်းသိင်္ခ ရဲ့ မူလဇာတာ နဲ့ ကလောင်နာမည်ကို လေ့လာကြည့်ပါ။


ဆရာမင်းသိင်္ခရဲ့ မူလဇာတာမှာ  နာမည်အဖျားစာလုံး (ခ) ဟာ …  တနင်္လာ နံ ဖြစ်ပြီး.. မရဏဌာနမှာ ရပ်တည်နေတာကို တွေ့ရပါမယ်။ ဒီ့ထက် ပိုအားကောင်းတဲ့ ဆက်နွယ်မှုကတော့  … မရဏမှာ ရပ်တည်နေတဲ့  တနင်္လာဟာ ပုတိမှာရပ်တည်ထားတဲ့ စနေဂြိုဟ်နဲ့  အလွန် အားကောင်းသော ဆက်နွယ်မှု အဖြစ် ၊ အိမ်ချင်း ဖလှယ်ပြီး ရပ်တည်ထားသော ပရိဝတ္တန သမ္ဗန္ဓ ပြုထားခြင်း ပဲ ဖြစ်ပါတယ်။  (အပြာရောင်ဖြင့် ပြထားပါသည်။)

မရဏဌာန ရဲ့ အိမ်ရှင်ကသစ်ဂြိုဟ်ဟာ စနေဖြစ်ပြီး တနင်္လာပိုင် ပုတိဌာနမှာ ရပ်တည်ထားသလို၊  အပြန်အလှန်အားဖြင့် ပုတိဌာန ရဲ့ အိမ်ရှင်ကသစ်ဂြိုဟ် တနင်္လာဟာ စနေပိုင် မရဏဌာနမှာ ရပ်တည်ထားတဲ့ အလွန်အားကောင်းသော ဆက်နွယ်မှုမျိုး ဖွဲ့တည်နေပါတယ်။  ( ခြောက်ခုကြွင်းဖွား ဇာတာရှင်တွေ အဖို့ အဆိုပါ စနေ + တနင်္လာ ပရိဝတ္တန သမ္ဗန္ဓ ပြုမှု နဲ့ ဖွားမြင်လာကြသူများ လို့ ဆိုနိုင်ပါတယ်။ )  

ဆရာမင်းသိင်္ခ ရဲ့ ကလောင်နာမည် အဖျားစာလုံးဟာ တနင်္လာနံ ဖြစ်ပြီး မရဏဌာနမှာ (စနေဖြင့် ထက်သန်စွာ ဆက်နွယ်မှုပြုပြီး) ရပ်တည်ထားခြင်းကြောင့် …ဂမ္ဘီရ စာပေဆိုင်ရာ စိတ်ခံစားမှု ကို ထက်ထက်သန်သန် ဖြစ်ထွန်းစေခဲ့ပါတယ်။ ဆရာခ ရေးခဲ့တဲ့စာပေတွေကို ပြန်လေ့လာကြည့်မယ် ဆိုရင်လည်း .. မရဏဌာန ရဲ့ သဘာဝဖြစ်တဲ့ (အတိတ်/ သမိုင်း/ အဟောင်း/မနေ့က) စသော သဘာဝများလွှမ်းမိုးထားတဲ့ …. ခေတ်ဟောင်းကို အခြေပြုရေးဖွဲ့ထားသော  စာပေများ ဖြစ်နေတာကို တွေ့ရနိုင်ပါတယ်။

တစ်ခု ခွဲခြား မိဖို့တော့ ထည့်ပြောပါရစေ။ ဒီယခု တင်ပြချက်တွေဟာ စာရေးဆရာ တစ်ဦး ဖြစ်စေသော အချက်များ မဟုတ်ပါ။ စိတ်ခံစားချက်ကို စေ့ဆော်မှုပေးတတ်ပုံကိုသာ တင်ပြ သွားခြင်း ဖြစ်တာကို နားလည်ရပါမယ်။ အကယ်လို့ …ဒီနေရာမှာ ဆရာခသာ … ရုပ်ရှင် ဒါရိုက်တာ တစ်ယောက်ဖြစ်မယ် ဆိုရင် …သူဟာ …သမိုင်းနောက်ခံပြု ရာဇ၀င်ဇာတ်ကားတွေ ရိုက်ကူးခဲ့မှာ ကျိန်းသေပါပဲ။  

အဓိက အခိုင်အမာ ကျွန်တော် ပြောချင်တာ တစ်ခုကတော့ …. မိမိတို့ရဲ့ မူလမဟာဘုတ်ဇာတာ နဲ့ ဆိုင်ရာ အနုပညာနာမည် တွေဟာ  …မိမိတို့ဖြတ်သန်းရမယ့် အနုပညာခရီး အတွက် ကောင်းကျိုးဆိုးပြစ်ကို ဖြစ်ထွန်းစေနိုင်တယ် ဆိုတာပါပဲ။ ကဲ..ဖုန်းနဲ့ပြောရတာ ဆိုတော့ လိုရင်းကိုပဲ တိုက်ရိုက်ဆက်သွားကြရအောင်ဗျာ။

အထက်ပါနည်းတူပါပဲ …ဖလင်လောက ၊ ရုပ်ရှင်လောက ဆိုင်ရာ အနုပညာနာမည် တွေမှာလည်း ထိုနည်း လည်းကောင်း တွက်ဆတွေးယူနိုင်ပါတယ်။ သူတို့ရဲ့ ဆိုင်ရာ နာမည်တွေ၊ မူလ မဟာဘုတ် ဇာတာတွေ အရ …ဘယ်လိုဇာတ်လမ်း ဇာတ်အိမ် ၊ ဇာတ်ကောင်နေရာ စသည်များနဲ့ အံဝင်ခွင်ကျဖြစ်ခြင်း၊ အကျိုး ပေးခြင်း စသော ကံဇာတာ လမ်းကြောင်းများ ကို ရှာဖွေ သိရှိနိုင်ပါတယ်။

ဒီနေရာမှာ နောက်ဆုံးအနှစ်ချုပ်အနေနဲ့ ..တစ်ခုထပ်ပြီးပြောပြရရင်တော့ …သရုပ်ဆောင်မှုပိုင်း ဆိုင်ရာ ကဏ္ဍ အတွက် အရေးအပါဆုံးဂြိုဟ် ကို ကျွန်တော်ပြောပြပါ့မယ်။ တစ်ခြားမဟုတ်ပါ ။ နေရာတစ်ကာ အမြဲပါတတ်သော ဗုဒ္ဓဟူးဂြိုဟ် လေးပဲဖြစ်ပါတယ်။ ကဲ….. ဖုန်းနဲ့ပြောရတာ ဆိုတော့လည်း ဒီလောက်နဲ့ပဲ နိဂုံးချုပ်ကြစို့ရဲ့ဗျာ။ နောက်တစ်ခါ ကျမှ ..ဘာကြောင့် ဗုဒ္ဓဟူးဂြိုဟ်နဲ့ သရုပ်ဆောင်မှု အတတ်ပညာ ဆက်စပ်မှု ရှိနေတယ် ဆိုတာကို အသေးစိတ် ရှင်းပြပါရစေ။

ဟာဗျာ …ဆရာစိုး ခင်ဗျားလုပ်ချလိုက်ပြန်ပြီ ၊ တို့လို့တန်းလန်းကြီး ။

အကျင့်ပါ နေလို့ပါဗျာ။ နောက်ပြီး …နားထင်မှာလဲ ဖုန်းခွက်ရာကြီးတောင် ထင်နေပြီဗျ ၊ နောက်တစ်ခါ ပေါ့ဗျာ.....၊ ကဲ …ကောင်းသောနေ့ပါခင်ဗျား။

ချမ်းမြေ့သုတ ရရှိနိုင်ကြသည် ဖြစ်ပါစေ။


ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
phone . 01 618 469

Post a Comment
 

Posts Comments

©2006-2010 ·TNB