နိုင်ငံရေးဗေဒင် စာစု (၂)

Sunday, November 27, 2011


သံလျက်ပိုင်ရှင်တို့၏ အမည်များ 
အခန်း(၁)   ရှေးဘုန်းရှေးကံ


နိုင်ငံအုပ်ချုပ် မင်းလုပ်ခွင့်ရတဲ့ …ကံ ဆိုတာ အင်မတန် ဘုန်းသမ္ဘာနဲ့ ပြည့်စုံညီညွတ်မှ  ရနိုင်အပ်သော ကံတစ်မျိုးပါ။ လူတိုင်း ဖြစ်ခွင့်ရချင်သလောက် …လူတိုင်းဖြစ်ခွင့်မရှိတဲ့ ကံလို့လည်း ဆိုနိုင်ပါတယ်။ မင်းကောင်းမင်းမြတ်ပဲ ဖြစ်ဖြစ် ၊ မင်းဆိုးမင်းညစ်ပဲ ဖြစ်ဖြစ် ၊ အသောက မင်းတရားကြီးပဲ ဖြစ်ဖြစ် ၊ ဆက်ဒန်ဟူစိန်ပဲ ဖြစ်ဖြစ် …..မင်းအဖြစ်ကို ရရှိစေဖို့အတွက် ..ရှေးကပြုဖူးသော ထူးမြတ်ထက်မြက်သော အတိတ် ကုသိုလ်ကံမျိုး ၊ ဘုန်းသမ္ဘာမျိုး ပါလာပြီး ဖြစ်ပါတယ်။ လူတိုင်း လိုချင်လို့ ၊ ဖြစ်ချင်လို့ လွယ်လွယ် ရအပ်သော အရာမျိုးလည်း မဟုတ်ပါ။

 ကျွန်တော် ငယ်ငယ်က အရပ်ထဲမှာ ကိုတင်ထွန်း ဆိုသူတစ်ယောက် ရှိပါတယ်။ အထွန်းဖွား၊ ဥစ်ဘယ်နှစ်ချပ် ၊ ကသစ်ဘယ်နှစ်ပွင့်နဲ့ ဖွားမြင်သူ ၊ ဇာတာ အင်မတန်ကောင်းသူ၊ သံလျက်ကိုင်ခွင့် ရမယ့်သူ ..စသည်ဖြင့် သတင်းကြီးလှသူ ကာလသား တစ်ဦးပါပဲ။ လူကလည်း ဖြူဖြူ လတ်လတ်၊ လျပ်လျပ်ပါးပါး ၊ နှာတံပေါ်ပေါ် ၊မျက်ခုံးကောင်းကောင်းနဲ့ ဥပဓိရုပ်ကလည်း တစ်ကယ်ပြည့်စုံသူ ပါပဲ။ မိဘများကလည်း သူတို့သားကို အင်မတန်ဂုဏ်ယူ မြှောက်စားထားကြပါတယ်။

သို့စဉ်သည့်တိုင်အောင် …. ကိုတင်ထွန်း ဟာ ၊ သာမန်ဘ၀ကိုသာ ပိုင်ဆိုင်ခဲ့ပါတယ်။ သံလျက်ကိုင်ခွင့် ရတာ မှန်ပေမယ့် ….ရှင်ဘုရင် မဖြစ်ရဘဲ ၊ ပန်းရံဆရာ အုပ်စီး တစ်ယောက်သာ ဖြစ်ခွင့်ရခဲ့ပါတယ်။ ဘယ်လိုလုပ် ရှင်ဘုရင် ဖြစ်မလဲနော်။ ပညာကလည်း မပြည့်စုံ။ ဗဟုသုတ နယ်ပယ်ကလည်း ကျဉ်းမြောင်း လေတော့ …သံလျက် ကိုင်ခွင့်ရမယ့်ကံဟာ …အနီးဆုံး ပန်းရံဆရာဘ၀ကို တွန်းပို့လိုက်ပါတော့တယ် ။ အဓိက ဆိုလိုချင်တာကတော့ …. တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခွင့်ရသူတို့ရဲ့ ဘုန်းသမ္ဘာ  ဆိုတာကို သတိပြု မိဖို့ လိုအပ်ကြောင်း ကနဦး ဆိုချင်တာပါ။
တစ်ခါက ကျွန်တော် လှည်းတန်းလမ်းပေါ်မှာ ဆိုင်တွေ ရုတ်ရုတ်သဲသဲ ဖျက်ကျ ပြုကျ ၊ လုပ်နေတာတွေ့လို့ မေးကြည့်တော့ ။ စည်ပင်သာယာ အရာရှိမင်းအသစ်တစ်ဦး မကြာမီ ပြောင်းလာတော့မှာမို့ ….လမ်းဘေး ကျူးကျော်ဆိုင်တွေ မှန်သမျှ သုံးလေးရက်လောက် အစဖျောက် ဖျက်သိမ်းပေးထားရမှာ ဖြစ်ကြောင်း သိရပါတယ်။ ဆိုင်ခန်းပိုင်ရှင် လူတွေများစွာ ..ဖျက်ပါဟ သိမ်းပါဟ ချွေးဒီးဒီးကျ လုပ်နေကြရပါတယ်။ …သြော် …ဘုန်းရိပ်ကံရိပ်များ ပြောပါတယ်။ လူတောင် ပြောင်းမလာသေးဘူး။ ဘုန်းတန်ခိုး အာဏာစက်က အရင် ကြိုပြောင်းလာ လိုက်ပုံများနှော့…………..။

ကဲ……ဒီတော့ …ရှင်ဘုရင် (၀ါ) တိုင်းပြည်တစ်ပြည် ရဲ့ အထွဋ်အထိပ် ပုဂ္ဂိုလ်တစ်ဦးရဲ့ ဘုန်းရိပ်အာဏာစက် များဆို ဘယ်လောက်များ ကြီးမားလိုက်မလဲ …၊ စဉ်းစားသာ ကြည့်ပေတော့။
သို့သော်ငြားပေါ့လေ…… ဒီလို ဘုန်းကံကြီးမားကြသော သန်လျက်ပိုင်ရှင်တွေမှာလည်း သာမန်လူတွေနဲ့ တူညီနေတဲ့ အချက်တစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ သူတို့တွေမှာလည်း နာမည်တစ်ခု ဆီတော့ တစ်ခြား သာမန်လူတွေနဲ့ မခြား ပိုင်ဆိုင်နေကြပြီး၊ ဆိုင်ရာ နာမည်တွေအလိုက်လည်း နိုင်ငံရေး သမိုင်းကြောင်းမှာ အကောင်းအဆိုးတွေ ကြုံတွေ့သွားကြရခြင်းပဲ ဖြစ်ပါတယ်။
အနောက်တိုင်းသားတွေကတော့ အနောက်တိုင်းစနစ်ဇာတာခွင်တွေ၊ ဂဏန်းဗေဒင်ပညာတွေ၊ အနောက်တိုင်း နာမည်ဟောနည်း ပညာတွေ နဲ့ သံလျက်ပိုင်ရှင်တွေရဲ့ ကံဇာတာတွေကို တစ်ခန်းတစ်နား ဖော်ပြ မှတ်တမ်းတင် ရေးသားလေ့ ရှိကြပြီး၊ မြန်မာပြည်မှာကတော့ ….မဟာဘုတ် အင်္ဂ၀ိဇ္ဇာ ၊ ဆန်းကျမ်း ဗေဒင်ပညာ စသော လက်ဆန်းဗေဒင်ပညာများနဲ့ သံလျက်ပိုင်ရှင်တို့ရဲ့ ကံဇာတာကို ဖော်ပြ မှတ်တမ်းတင် ထားတာ အလွန်နဲပါးလှပါတယ်။ တစ်ချို့က ဆို…..လက်ဆန်းပညာတွေက သံလျက်ပိုင်ရှင်တွေရဲ့ ကံဇာတာနဲ့ နိုင်ငံရေးဗေဒင် ဆိုင်ရာ ဟောကိန်းမျိုးတွေကို မထုတ်နိုင်ဘူးလို့တောင် အယူမှားရှိကြပါတယ်။
မဟုတ်ပါ။ လက်ရှိကမ္ဘာပေါ်မှာ  အကောင်းဆုံး နာမည်ဟောနည်းပညာ ဆိုတာ မြန်မာပြည်တစ်ခု ထဲမှာသာ ခြေကုပ်ယူကျန်ရစ်နေပါတော့တယ်။ ဒီအချက်ကို မြန်မာလူမျိုး ဗေဒင်ပညာရှင် အချို့ကိုယ်တိုင် မသိရှိကြဘဲ ၊ အနောက်တိုင်း စနစ် Numberology ကိုမှ အထင်ကြီးကြတာမျိုး ၊ မှန်တယ်ထင်ပြီး သုံးစွဲ ကြတာမျိုး ဖြစ်နေကြပါတယ်။ အဆိုပါ အယူမှားတွေကို လက်တွေ့သင်ခန်းစာပေး တိုက်ဖျက်နိုင်ဖို့အတွက် လည်း ကျွန်တော် သည်ဆောင်းပါးကို ရေးသားဖြစ်ခဲ့ပါတယ်။

ဟုတ်ပြီ။ ဒီလောက် ဆို နိဒါန်းပျိုးမှု လုံလောက် ပြည့်စုံကောင်းပါပြီ။ သံလျက်ပိုင်ရှင်တို့ရဲ့ နာမည်တွေကို လေ့လာ သုံးသပ်နိုင်ဖို့အတွက် ခရီးဆက်လိုက်ကြရအောင်။

အခန်း(၂)  အမည်များကို လေ့လာသုံးသပ်ခြင်း

အမည်တစ်ခုကို လေ့လာသုံးသပ်ရာမှာ ….အဲဒီ့အမည်ရှင် ဘာနေ့သားသမီး၊ ဘယ်အကြွင်းဖွား ဆိုတာ မသိသေးခင်မှာကို ပဏာမ အဆင့် ခြုံငုံသုံးသပ်နိုင်ရပါမယ်။

ဥပမာအားဖြင့် တနင်္လာနံ အစ + စနေအဆုံး နာမည်ရှင်များ ဆိုပါစို့။ (၂င်္လာ+၀နေ)
ဒီနာမည်မျိုး မှည့်လိုက်ပြီဆိုတာနဲ့…ပမာအားဖြင့် ကျော်ဇင်ထွန်း၊ ခင်မာလာတင့်၊ ငြိမ်းချမ်းထွေး စသည်ဖြင့် ပေါ့ မှည့်လိုက်ပြီ ဆိုတာနဲ့……အဆိုပါအမည်ရှင်တွေဟာ ဘ၀မှာ ကိုယ်နဲ့တိုက်ရိုက် မဆိုင်သော တာဝန်တွေကို ၀င်ပြီး ထမ်းရွက်ပေးဖို့ ကံ စတင်ဖြစ်တည်လာပါတယ်။ အမည်ရှင် အယောက်တစ်ရာမှာ တစ်ရာလုံးလုံး ဒီကံကို ရင်ဆိုင်ရပါတယ်။ အဲဒါ အမည်ကပေးတဲ့ …ကံဇာတာလှိုင်း သက်ရောက်မှုပါပဲ။ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ …ဒီအမည်မျိုး မှည့်လို့ကတော့ ဒီသက်ရောက်မှုမျိုး တည့်တည့် တိုးပါမယ်။ မယုံဘူး ဆိုသူများ၊ ဟုတ်ပါ့မလား ဇဝေဇ၀ါ ဖြစ်နေသူများ ၊ မိမိတို့မိသားစုထဲမှာ သို့မဟုတ် မိမိတို့ ပတ်ဝန်းကျင်မှာ ရှိသော အဆိုပါကဲ့သို့သော အမည်ရှင်များကို လေ့လာအကဲခတ်ကြည့်ပါ။
ဆက်ရရင်တော့…..အဆိုပါကဲ့သို့သော တနင်္လာနံ(က၊ခ၊ဂ၊ဃ၊င) နဲ့ အစပြုပြီး …. စနေနံ (တ၊ထ၊ဓ၊ဒ၊န) နဲ့ အဆုံးသတ် မှည့်ခေါ်ထားသော အမည်ရှင်တွေဟာ …၊ ဦးခေါင်းကို ထိခိုက်ရန် အလွန်လွယ်ကူခြင်း၊ ဂုဏ်သိက္ခာ ကျဆင်းရန် လွယ်ကူခြင်း၊ အကြီးအကဲဆိုးများနှင့် ကြုံရတတ်ခြင်း၊ ကျန်းမာရေးပိုင်းတွင် နှလုံးနှင့် ဦးခေါင်းပိုင်းတွင် ဥပဒ်ပေးလွယ်ခြင်း၊ လက်ထပ်ထိမ်းမြားရေးတွင် ပြဿနာ ဖြစ်ပွားရန်လွယ်ကူခြင်းများ သက်ရောက် လာပါတယ်။ အမှန်တစ်ကယ် ဘယ်လောက်အတိုင်းအတာအထိ သက်ရောက်နိုင်မယ် ဆိုတာကို အဆိုပါအမည်ရှင်ရဲ့ မွေးနံ(ဘာနေ့သားသမီး) ဆိုတာနဲ့၊ သူရဲ့ မွေးဖွားရာ မဟာဘုတ် ဇာတာခွင်မှာ ဆက်လက်လေ့လာ အကဲဖြတ်နိုင်ပါတယ်။

လူအယောက်တစ်ရာ မှည့် လူအယောက်တစ်ရာ သက်ရောက်စေနိုင်မယ့် အာနိသင်တွေပါပဲ။ ဆိုင်ရာ မွေးနံ / ဇာတာ စတာတွေအရ သက်ရောက်မှုအင်အား အထူအပါး ရှိနိုင်သည့်တိုင်အောင် လုံးဝ လွတ်ကင်းနိုင်သူ လို့ တစ်ယောက်ကလေး မျှပင် ကျွန်တော်မတွေ့ဖူးပါ။
ဒီလိုအမည်မျိုးတွေကို သံလျက်ပိုင်ရှင် အချို့လည်း မှည့်ခေါ်ဖူးကြပြီး၊ သူတို့မှာလည်း အဆိုပါကဲ့သို့ သက်ရောက်မှုများ အနည်းနဲ့ အများ သက်ရောက်မှု အမှန်တစ်ကယ် ကြုံကြရတာကို အထင်အရှား တွေ့ရှိရပါတယ်။ ပမာအားဖြင့် တင်ပြရရင်တော့……….

မြန်မာနိုင်ငံမှာ ကနောင်မင်းသားကြီး ဟာ (တနင်္လာ+စနေ) အမည်ရှင်ဖြစ်သလို….သူ့ရဲ့ ဦးခေါင်း ထိခိုက် စေတတ်သော  ကံအကျိုးပေးဟာ …တူတော်မောင်တွေရဲ့ လုပ်ကြုံမှုနဲ့ ဦးခေါင်းအဖြတ်ခံခဲ့ရခြင်းမှာ ထင်ရှားစေခဲ့ပါတယ်။ အလားတူပဲ အနောက်တိုင်းသား သံလျက်ပိုင်ရှင် အချို့လည်း အဆိုပါအမည်မျိုး မှည့်ခြင်းအားဖြင့် မလွတ်ကင်းနိုင်သော ကံဇာတာသက်ရောက်မှုအရ …. အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီဟာလည်း ဦးခေါင်းကိုပဲ သေနတ်နဲ့ အပစ်ခံရပြီး ကွယ်လွန်ခဲ့ရသူ အဖြစ် တွေ့ရှိရပါတယ်။ (အသေးစိတ်ကိုတော့ နောင်မှာ ကနေဒီနဲ့ကနောင် ဆောင်းပါးအဖြစ် မူလဇာတာ စစ်ဆေးချက်တွေနဲ့ တစ်ကွ ကျွန်တော်ထပ်မံ တင်ပြရေးသားပေးပါမယ်။)

ဆိုတော့…….ဘုန်းရိပ်ကံရိပ်ကြီးမားကြသော သံလျက်ပိုင်ရှင်များမှာလည်း အမည်တွေက ပေးစွမ်းသော အာနိသင်ကို မလွန်ဆန်နိုင်ကြဖူး  ဆိုတာ ထင်ရှားလှပါတယ်။

အခန်း (၃)  ယနေ့ခေတ် တိုင်းပြည်၏ သန်လျက်ပိုင်ရှင်
ညီမ အငယ်ဆုံး စိုက်ထားတဲ့ သစ်ပင်လေးတွေက အိမ်ရှေ့ဝါးရံတာ မှာ စီကာရီကာ ရှိနေကြပါတယ်။ အချို့သော အပင်လေးတွေက အရွက်အရောင် ပြောင်းလဲလာတယ်။ ရွက်ဟောင်းရော်ရီ တစ်ချို့ ..အညှာ မခိုင်တော့ဘဲ ကြွေကျသွားသလို… နောက်ထပ် ရွက်နုအသစ်ကလေးတွေ ထွက်လာကြပြန်ပါတယ်။
ကောဇာခုနှစ်အရ .. တစ်ခုကြွင်း မဟာဘုတ်ခွင် နှစ်မျိုးပီပီ ..သည်တစ်နှစ်ထဲမှာ ကမ္ဘာကြီးဟာ မူဝါဒ အပြောင်းအလဲတွေ၊ ဖွဲ့စည်းပုံအသစ်တွေနဲ့ ပြန်လည် စတင် တည်ဆောက်မှုတွေ ပြုခွင့်ကြုံလာကြပါတယ်။ ကျွန်တော်တို့ တိုင်းပြည်မှာလည်း  သန်လျက်ပိုင်ရှင်တွေ အပြောင်းအလဲ ဖြစ်တည်လာတယ်။

ယနေ့ခေတ် တိုင်းပြည်ရဲ့ အထွဋ်အထိပ် အရိုက်အရာကို ဆက်ခံထားသူ သန်လျက်ပိုင်ရှင် ရဲ့ အမည် ကတော့ ထက်မြက်စူးရှလှတဲ့ အင်္ဂါဂြိုဟ် ကို နာမည်အဖျားစာလုံးပြု မှည့်ခေါ်ထားသော အမည်မျိုး ဖြစ်လာခဲ့ပါပြီ။

တိုင်းပြည်ရဲ့ ကံဇာတာ ၊ ပြည်သူပြည်သားတွေရဲ့ ကံဇာတာ၊ သန်လျက်ပိုင်ရှင်ရဲ့ ကံဇာတာ …အရာရာဟာ အကြောင်း အကျိုး ဆက်နွယ်နေကြပါတယ်။ အထူးသဖြင့်တော့ …တိုင်းပြည်အုပ်ချုပ် မင်းလုပ်ရသူ …တနည်းအားဖြင့် သံလျက်ပိုင်ရှင် ရဲ့ ဆုံးဖြတ် လုပ်ဆောင်မှုတွေဟာ  တိုင်းပြည်ရဲ့ ကံဇာတာကို အနီးကပ် ခြယ်မှုန်းပေးမယ့် စုတ်ချက်တွေနဲ့ အလားသဏ္ဍန် တူပါတယ်။ ခေတ်စနစ် အချိန်ကာလ အသီးသီးမှာ သံလျက်ပိုင်ရှင် အမျိုးမျိုး ပြောင်းလဲ အုပ်စိုးသွားကြသလို …နိုင်ငံ နဲ့ ပြည်သူရဲ့ တိုးတက်မှု ဆုတ်ယုတ်မှု အ၀၀ ဟာလည်း စီးမျောလိုက်ပါ ပြောင်းလဲခဲ့ကြရပါတယ်။
သံလျက်ပိုင်ရှင် အမျိုးမျိုးရဲ့  စိတ်သဘာဝနဲ့ စွမ်းဆောင်နိုင်မှု အမျိုးမျိုးအလိုက် တိုင်းပြည်နဲ့ ပြည်သူ ဟာလည်း စီးချက်လိုက် လှုပ်ရှားလိုက်ပါ  နေကြရစမြဲပါ။ ခေါင်းဆောင် တစ်ယောက်ရဲ့ လက်ညိုး ညွှန်ရာဟာ ….သစ်သီးဝလံ ပန်းမန်တွေ ဖူးပွင့်ရာ ဖြစ်နိုင်သလို …၊ အရိုးပြိုင်းပြိုင်းတွေ ပြန့်ကျဲနေတဲ့ …သားသတ်ကုန်း တစ်ခုလည်း ဖြစ်နေနိုင်ပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင် ဖြစ်သူက ကျွန်တော်တို့ကို ဘယ်ဆီခေါ်သွားမလဲ ဆိုတာ စောင့်မျှော်ကြည့်ရှုရပါမယ်။ အကဲခတ် ခန့်မှန်းကြည့်ရပါမယ်။ ရှေ့ဖြစ် ဟောနည်း ပညာနဲ့ နှီးနွယ်နေသော ကျွန်တော်တို့တွေကတော့ … ကိုယ်နားလည်ထားတဲ့ ပညာအသီးသီးနဲ့ တင်ကြို အကဲဖြတ် ခန့်မှန်းလေ့ ရှိခဲ့ကြပါတယ်။

ဒီဆောင်းပါးမှာ ကျွန်တော် ၊ သန်လျက်ပိုင်ရှင် အကြီးအကဲဖြစ်သူရဲ့ မွေးခုနှစ် နေ့ရက် မွေးနံ ဘာတစ်ခုမှ မသိရသေးတဲ့အတွက် …. နာမည်တစ်ခုထဲနဲ့သာ တင်ကြိုအကဲဖြတ်စစ်ဆေး တွက်ချက်မှုအချို့ကို ဖော်ပြ ရေးသားလိုက်ရပါတော့တယ်။  မှန်/မမှန် ၊ ဟုတ်/မဟုတ် ၊ တစ်ကယ်ဖြစ်နိုင် / မဖြစ်နိုင် ဆိုတာကိုတော့ အချိန်တွေက ဆုံးဖြတ်ပေးလာပါလိမ့်မယ်။ ဘာပဲဖြစ်ဖြစ် လောလောဆယ်တော့ ဗဟုသုတ အနေလောက်နဲ့ ဖြစ်ဖြစ် ဖတ်ရှုလေ့လာသွားနိုင်  ကြပါကြောင်း။

ကျေနပ်ဖွယ်ရာအချင်းအရာတစ်ခု
ဘာပဲဖြစ်ဖြစ် ကျေနပ်ဖို့ကောင်းတာ တစ်ခုကတော့ ….ယနေ့ခေတ် တိုင်းပြည်ရဲ့ သံလျက်ပိုင်ရှင်ဟာ အမည်အားဖြင့် နာမည်အဖျားစာလုံးကို အင်္ဂါနံဖြင့် မှည့်ခေါ်ထားခြင်း ပဲ ဖြစ်ပါတယ်။ ဘာကြောင့် ကျေနပ်ဖို့ ကောင်းသလဲ ။
နာမည်အဖျားစာလုံး အင်္ဂါနံ ဖြင့် မှည့်ခေါ်ထားသူတွေဟာ လက်တွေ့ကျပြီး၊ ချက်ချင်း အကောင်အထည် ဖော်နိုင်မှု အားကောင်းကြသူတွေ ဖြစ်ပါတယ်။ လုပ်စရာရှိရင် ဖြိုးဖြိုးဖြတ်ဖြတ် နဲ့ ချက်ချင်း ကောက်လုပ် တတ်ကြပြီး၊ မူလဇာတာမှာပါ အားကောင်းသော အမည်ရှင်မျိုး ဖြစ်ခဲ့မယ်ဆိုရင် တိတိကျကျ ကြိုတင် တွက်ကိန်းချ၊ ကွက်တိဖြစ်အောင် လက်တွေ့အကောင်အထည်ဖော် တတ်သူမျိုး ဖြစ်လာစေပါတယ်။ အဲဒီ့လိုပါပဲ နာမည်အဖျားစာလုံး အင်္ဂါနံဖြင့် မှည့်ခေါ်ထားသူတွေဟာ အနာဂတ် နဲ့ တိုးတက်မှု ဆိုတာကို အစဉ်သဖြင့် ရှေးရှုထားသော သူတွေပါပဲ။ အတိတ်တွေ ပြီးပြီးသားတွေက သူတို့ကို မဆွဲဆောင်နိုင်ပေမယ့် …အနာဂတ်တွေ၊ ရည်မှန်းချက်တွေ၊ ရှေ့သို့လှမ်းရမယ့် ခြေလှမ်းတွေကတော့ သူတို့ရဲ့ စိတ်နှလုံးကို အစဉ် ဖျားယောင်း နေတတ်ကြပါတယ်။

တနည်းအားဖြင့်တော့ ရှေ့သို့ချီတက်နေသော အမည်ရှင်များ လို့ ဆိုရပါမယ်။ သူတို့ရဲ့ ဆောင်ပုဒ်ကလည်း တိုးမြှင့်ရမယ် …..၊ ရှေ့ဆက်ရမယ်၊ သေချာတွက်ပြီး ဆောင်ရွက်ရမယ် လို့တောင် ဆိုနိုင်ပါတယ်။
ကောင်းပြီ….သည်ကနေ့ခေတ် မြန်မာပြည်ဟာ ကမ္ဘာပေါ်မှာ နည်းပညာအားဖြင့် နောက်ကျ ကျန်ရစ် နေခဲ့သော၊ တိုးတက်မှု အားနည်းသော နိုင်ငံတစ်ခုလို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် အင်္ဂါဂြိုဟ် ရဲ့ ခွန်အား ယုတ်လျော့ အားနည်းနေခဲ့သော နိုင်ငံတစ်ခုပါ။ (နိုင်ငံတစ်နိုင်ငံဟာ စနေဂြိုဟ် အားနည်းခဲ့ရင် ဘာသာရေး နဲ့ နာမ်ပိုင်းဆိုင်ရာ ကဏ္ဍများမှာ အားနည်းစေပြီး၊ အတိဒုက္ခနဲ့ ငတ်မွတ်ခေါင်းပါးမှုတွေလည်း လွှမ်းမိုး လာစေပါတယ်။

အဲ အင်္ဂါဂြိုဟ် အားနည်းသော နိုင်ငံများကတော့ ကမ္ဘာပေါ်မှာ တိုးတက်မှု အားနည်းသော ဖွံ့ဖြိုးဆဲနိုင်ငံများ အဖြစ်သာ ရပ်တည်နိုင်ပါတယ်။ အင်္ဂါဂြိုဟ်ဟာ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှု အ၀၀ကို အုပ်စိုးနေပြီး၊ စနေဂြိုဟ် ကတော့ နာမ်ပိုင်းဆိုင်ရာ အခြေခိုင်မာမှုကို ဖော်ပြပါတယ်။ ဒါက အကြမ်းသဘော ခွဲခြားပြတာပါ။ အနုစိတ် တွက်မယ် ဆိုရင်တော့ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် …ဂြိုဟ်အသီးသီးရဲ့ ဆိုင်ရာ အားသာချက်တွေ ရှိနေဖို့လိုပါတယ်။)

မည်သို့ပင်ဖြစ်စေ…. တိုးတက်မှုနှေးကွေးနေသော နိုင်ငံတစ်ခုဖြစ်တဲ့ ကျွန်တော်တို့နိုင်ငံမှာ …တိုးတက်မှုကို ရှေးရှုစေသည့် နာမည်အဖျားစာလုံးအင်္ဂါနံ ဖြင့် မှည့်ခေါ်ထားသော သံလျက်ပိုင်ရှင် တစ်ဦး ပေါ်ပေါက် လာတာဟာ ..ကျေနပ်ဖို့ကောင်းတဲ့ အချက်တစ်ခုလို့ ပထမဆုံး တွေးမြင်မိပါတယ်။ ဒီအချက်ကို အခြေတည်ပြီး အနာဂတ် မြန်မာနိုင်ငံ အတွက် တင်ကြိုဟောကိန်းထုတ်ရမယ် ဆိုရင် ယခု သံလျက်ပိုင်ရှင် ဆက်လက် အုပ်ချုပ်နေသော ကာလ တစ်လျှောက်တွင် …..
(၁) ခေတ်နှင့်ညီသော တိုးတက်မှု အမြောက်အများ ဖြစ်ပေါ်လာစေမည်။
(၂) နည်းပညာဆိုင်ရာ လေ့လာစမ်းသပ်မှုများ ၊ စူးစမ်းလေ့လာမှုများ လည်း ထွန်းကားမည်။
(၃) စက်မှုနယ်ပယ်ဆိုင်ရာ တိုးတက်ထွန်းကားမှု များ အမြောက်အများ ပေါ်ပေါက်လာမည်။
(၄) ဖက်စပ် ရှယ်ယာ လုပ်ငန်းနယ်ပယ်များ ယခင်ထက် ပိုမို အားကောင်းလာနိုင်မည်။
(၅) တိုးတက်ရေး ဆိုင်ရာ မူဝါဒ အသစ်များ ချမှတ်လာခြင်းကြောင့် …၊ လုပ်ငန်းနယ်ပယ်သစ် စတင် ပျိုးထောင် စွန့်စားလုပ်ကိုင်သူများ အကျိုးကျေးဇူး ရရှိလာနိုင်သည်။
စသည်ဖြင့် ... လတ်တစ်လော တွေးမိသမျှ … တင်ကြိုဟောကိန်းပြုလိုက်ရပါတယ်။

အစဉ်အလာများ မှ သွေဖီခြင်း
အမည် အမျိုးအစားပေါင်း ခြောက်ဆယ့်နဲ့လေးမျိုး တိတိ ထဲမှာ ကမ္မကာရက အမည် ရှစ်မျိုးဟာ မူလ အစဉ်အလာများ မှ သွေဖီလိုမှု ပြုတတ်ကြပြီး၊ ကမ္မကာရက အမည် ရှစ်မျိုးထဲမှာမှ … သောကြာနံ အစ + အင်္ဂါနံ အဆုံး အမည်အမျိုးအစား ဟာ အစဉ်အလာတွေနဲ့ သွေဖီမှု အင်အား အများဆုံး ဖြစ်တာကို တွေ့ရှိရပါတယ်။ ဥပမာအားဖြင့်တော့ ……သန်းသန်းဆွေ၊ သောင်းစိန်၊ ဟန်နီဇင်၊ ဟိန်းမင်းဇော်၊ ဟန်သာညိမ်း…စသည်ဖြင့်သော နာမည်များ ဆိုပါစို့။

နားမရှင်းတတ်သော သူတစ်ချို့ အတွက် အစဉ်အလာနဲ့ သွေဖီမှု ဆိုတာကို သေချာ ထပ်ရှင်းပြရရင်တော့ ၊ လုပ်ရိုးလုပ်စဉ် အတိုင်းမဟုတ်ဘဲ လမ်းသစ်၊ နည်းသစ် နဲ့ ဆောင်ရွက်လုပ်ကိုင်လိုမှု လို့ ဆိုပါစို့။
အစဉ်အလာနဲ့ သွေဖီမှု စတင်ဖြစ်တည်လာဖို့အတွက် …အလိုအပ်ဆုံးအချက်တွေကတော့ ..ပုံမှန် ဖြစ်စဉ် များအပေါ်မှာ ငြီးငွေ့မှု၊ အသစ်ဖြစ်သော နည်းလမ်းများ ဖြစ်စဉ်များ ကို စူးစမ်းလိုမှု ..စတာတွေပဲ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့သော သောကြာနံ အစ + အင်္ဂါနံ အဆုံး အမည်ရှင်တွေဟာ နည်းသစ် လမ်းသစ် တွေကို စူးစမ်းရှာဖွေလိုစိတ် အလွန် ထက်သန်ကြတာကြောင့် … ပုံမှန်ဖြစ်ရိုးဖြစ်စဉ်တွေကို အလိုလို ငြီးငွေ့လွယ် ၊ မုန်းတီးလွယ်လာကြပါတယ်။ အမှန်ကိုပဲ သူတို့ဟာ .. ရိုးအီမှု ဒဏ်ကို မခံလိုသော စိတ်သဘာဝ ပိုင်ရှင်တွေ ဖြစ်လာကြပါတယ်။

ကောင်းပြီ။ လက်ရှိကျွန်တော်တို့ မြန်မာပြည်ရဲ့ အသစ်ချပ်ချွတ် သံလျက်ပိုင်ရှင်ဟာ အဆိုပါကဲ့သို့သော အမည်ရှင်မျိုး ဖြစ်လာပြီ ဆိုတာကို တွေ့မြင်သတိပြုမိကြပါလိမ့်မယ်။ ဒီအချက်ကို ပမာပြု ဟောကိန်း ထုတ်ရမယ် ဆိုရင်တော့ …………….. ယခု သံလျက်ပိုင်ရှင် ဆက်လက်အုပ်ချုပ်နေသော ကာလ တစ်လျှောက်တွင် …..
(၁)  မြန်မာနိုင်ငံတွင် မူဝါဒ အသစ်များ ကျင့်သုံးမှု ပိုမိုလာမည်။
(၂)  အချို့သော လုပ်ရိုးလုပ်စဉ် ကဏ္ဍများ ဖျက်သိမ်းခြင်း ၊ ရပ်နားခြင်း ဖြစ်ပေါ်လာမည်။
(၃)  ၀န်ထမ်းများ တွင်လည်း ၀န်ထမ်းသစ်များ အစားထိုးပြောင်းလဲမှု အချို့ ပိုမို ပေါ်ပေါက်လာမည်။
(၄) ဌာနဆိုင်ရာကဏ္ဍများတွင်လည်း …အပြောင်းအလဲ များ၊ ယခင်လုပ်ရိုးလုပ်ထုံး အတိုင်း မဟုတ်သော စနစ်များ ပေါ်ပေါက်လာမည်။
(၅) ပိုမိုမြန်ဆန် တိကျ ထိရောက်သော နည်းလမ်းသစ်များကို ကဏ္ဍများစွာတွင် ပြောင်းလဲ အသုံးပြုမှု ရှိလာမည်။
စသည်ဖြင့် …လောလောဆယ် ..ခေါင်းထဲပေါ်သမျှ …တင်ကြို ဟောကိန်းထုတ်လိုက်ရပါကြောင်း။

စာကြွင်း / ရေးစရာကျန်နေသေးတာတွေကတော့ …….အမြောက်အများပါပဲ။ ထုံးစံအတိုင်းပေါ့။ စာစု(၃) (၄) …….စသည့် နောက်ဆက်တွဲ ဆောင်းပါးတွေမှာ ထပ်မံ ရေးသားတင်ပြသွားပါဦးမယ်။ ဘာပဲဖြစ်ဖြစ် …သိသာ ထင်ရှားမှု အရှိဆုံး အချက်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးစွန့်စားမှု အမြောက်အများ ပြုလုပ်နိုင်ဖွယ်ရာ ရှိသော …ထူးခြားသော သံလျက်ပိုင်ရှင်တစ်ဦး ပေါ်ပေါက်လာပြီ ဆိုတဲ့အချက်ပါပဲ။

ဆရာဖုန်းက သိပ်ပြီးများ ညွှန်းလွန်းနေသလား လို့လည်း ထင်ကောင်းထင်နိုင်ပါတယ်။ သို့ပေမင့် ..တစ်သက်လုံး လေ့လာလိုက်စားလာခဲ့တဲ့ အမည်နာမဆိုင်ရာ ထောက်လှမ်းတွက်ဆနိုင်သော ပညာအရ …သည်အမည်ရှင်မျိုးတွေဟာ အမှန်တစ်ကယ်ထူးခြားတတ်တာကို တွေ့ရတဲ့အတွက် အလေးအနက် ပိုမို ထားပြီး ရေးသားဖော်ပြ ဖြစ်ခဲ့ပါတယ်။ ရေးစရာတွေလည်း အမြောက်အများ ကျန်ရှိနေပါသေးတယ်။ စိတ်ဝင်စားမှုရှိသူများ အဖို့တော့ …စောင့်မျှော်ဖတ်ရှု လေ့လာကြည့်ကြပါလို့ပဲ……………………..။

အပ္ပမာ ဒေါစ ဓမ္မေ သု ၊ ဧ တံ မင်္ဂလ မုတ္တမံ ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
Phone / 01 618 469
 

Post a Comment
 

Posts Comments

©2006-2010 ·TNB