ဗေဒင်ဆရာရဲ့ ထမင်းတစ်နပ်

Thursday, December 8, 2011



ထမင်းတစ်နပ် ၏ ကနဦး

ငယ်ငယ်က အလွန်ချမ်းသာခဲ့ပါတယ်။ ချမ်းသာလွန်းလို့လည်း အမေ့ကို ဗေဒင်ဆရာလူလည်တွေ လူလိမ် တွေက လာလာ နှိပ်စက်ခဲ့ကြတယ်။ ဒါတွေကို ငယ်ငယ်ထဲက ကျွန်တော့်စိတ်က မကြိုက်ဘူး ဖြစ်လာတယ်။ ဒီလူတွေ ခုတစ်မျိုးဟောလိုက် ၊ တော်ကြာတစ်မျိုး ဟောလိုက်၊ ယတြာ၊ အင်း၊ အဆောင် စတာတွေနဲ့ အမေ့ ဆီက ငွေကို အမျိုးမျိုးတောင်းယူလိုက် …လုပ်နေပါလား တွေးမိလာတယ်။ အမေ့ကို တားခဲ့ပေမယ့် ကလေး ဖြစ်နေတဲ့ ကျွန်တော့်ကို အမေက နင်နားမလည်ပါဘူး စိုးမိုးရယ် ဆိုပြီး ပြောလေ့ရှိပါတယ်။


နားမလည်ပါဘူး လို့ အပြောခံရတဲ့ အဲဒီ့ဗေဒင်ဆိုတာကို ကျွန်တော် စပြီး စိတ်ဝင်စားလာတယ်။ ငါကောင်းကောင်း နားလည်လာတဲ့အခါ ဒီလူလိမ်တွေ အိမ်လာပြီး မလိမ်နိုင်တော့ဘူးလို့ ကလေးတွေး တွေးမိလာပါတယ်။ လူတွေဟာ သိပ်ချမ်းသာလာရင် .. ပျက်ဆီးယိုယွင်းမှာကို သိပ်ကြောက်လာတယ်။ ဒါကြောင့်လည်း  မယောင်ရာဆီလူးမိ ဆိုသလို  ယောကျာ်းဖြစ်သူ အပြင်ထွက်တာ များလာရင် ..မယားငယ် ထားများ နေသလား ဗေဒင်မေးချင်ရတာနဲ့ နတ်မေးချင်ရတာနဲ့ ဖြစ်လာကြပါတယ်။ ချမ်းသာ လေလေ..စိုးရိမ်စိတ်တွေကလည်း များလာလေလေပါပဲ။ အဲဒီ့မှာပဲ ..လူလိမ်တွေနဲ့ ပက်ပင်းတိုး မိကြတော့တယ်။ လူလိမ်ဆိုတာကလည်း ဂျိုပါတာမဟုတ်ဘူးလေ။ လည်ပင်းမှာ ဆိုင်းဘုတ်ချိတ် မထားသလို၊ နဖူးမှာလည်း တံဆိပ်ရိုက် မထားဘူး မဟုတ်လား။ လူတစ်ယောက် လိမ်နေတာလား တစ်ကယ်လား ဆိုတာကို ခွဲခြားနိုင်ဖို့က တော်ရုံဗဟုသုတ အသိဥာဏ်နဲ့ မရပါဘူး။

ကိုယ်နဲ့ စိမ်းတဲ့ တနည်းအားဖြင့် ကိုယ်နဲ့အလှမ်းဝေးတဲ့ ကဏ္ဍ ဖြစ်နေလေလေ အလိမ်ခံရဖို့ လွယ်ကူ လေလေပါပဲ။ မသိရင် မသိကြေးပေးရရုံတင် မကဘူး ကံမကောင်းရင် ပယ်ပယ်နှယ်နှယ်ပါ အလိမ်ခံရဖို့ လမ်းပေါက်ပြီးသားဖြစ်သွားတယ်။  ဒါကြောင့် အသိဥာဏ်နဲ့ ဗဟုသုတကို တိုးချဲ့ထားနိုင်ပါမှ သူများ လိမ်တာ ခံရခြင်းမျိုးက ကင်းနိုင်ပါလိမ့်မယ်။ ကိုယ်နဲ့ မဆိုင်ဘူးဆိုပြီး ကျော်လွှား ချန်ထားခဲ့လေလေ …  အသိဥာဏ် ဗဟုသုတ အားနဲလေလေ … အလိမ်ခံရဖို့ သေချာလာလေလေပါပဲ။

တစ်နေ့ ဗေဒင်ဆရာ ဘ၀ ရောက်လာမယ့် ကျွန်တော်ဟာ အသက် ဆယ့်နှစ်နှစ်သားလောက်မှာ ဗေဒင်စာအုပ်တွေ စပြီး ၀ယ်စုလာခဲ့မိပါတယ်။ ဖတ်တယ်။ တွက်တယ်။ တစ်ကယ်ဖြစ်မဖြစ် စောင့်ကြည့်တယ်။ ကောင်းတာဆို မျှော်လင့်တယ်။ မကောင်းတာဆို ကြိုတွေးပြီး ပူမိတယ်။ မဖြစ် ရအောင်လည်း ယတြာတွေကို ချေနိုင်ဖို့ လေ့လာရပြန်တယ်။ ဟိုကျမ်းက ဟိုလို ဆိုတယ်။ သည်ကျမ်းက သည်လို ပြောတယ်။ အင်..ဒီစာအုပ်ကကျတော့ တစ်မျိုးပါလား။ ဟိုဆရာနဲ့ မတူဘူး။ သည်ဆရာက ပိုမှန်မယ် ထင်တယ် …စသည်ဖြင့် .. အတွေးအမြင် မသန့်စင်နိုင်သေးသော ရက်ပေါင်းများစွာ ..များစွာ ဖြတ်သန်းခဲ့ရပါတယ်။

အလွန်ချမ်းသာကြွယ်ဝခဲ့တဲ့ မိသားစု စီးပွားမှန်သမျှဟာ ကျွန်တော့် အသက် ၁၇ နှစ်သားလောက်က စပြီး တစ်ရိပ်ရိပ် ထိုးကျလာခဲ့တယ်။ သွားလာလှုပ်ရှားနေမှ အကျိုးစီးပွား ရှာဖွေတတ်တဲ့ ဖခင်ဖြစ်သူကို မိခင်ကြီးက (ဆွေမျိုးတွေ တိုက်တွန်းချက်အရ) အထိုင်လုပ်ငန်း ဖြစ်တဲ့ စက်ယက္ကန်းလုပ်ငန်း ဇွတ်အတင်း လုပ်ခိုင်း ခဲ့ပြန်တယ်။ ကျွန်တော့်ဖခင် ဖြစ်သူဟာ အင်မတန်တော်တဲ့ ကုန်သည်တစ်ယောက်၊ အရောင်းအ၀ယ်သမားတစ်ယောက် ဖြစ်သလောက် ကုန်ထုတ်လုပ်မှု လုပ်ငန်းပိုင်းမှာတော့ ချာတူးလန်အောင် မစွံခဲ့သည့်သူ။ ငါးကို ကုန်းပေါ်တင်ပေးလိုက်သလို . … မိသားစု စီးပွားရေး က ဘတ်လတ် ဘတ်လတ် ဖြစ်လာတယ်။

အရောင်းအ၀ယ်လောကမှာ ရှင်သန်ခဲ့စဉ်က သူကျင့်သုံးခဲ့သလို .. ကုန်ထုတ်လုပ်ငန်းမှာလည်း ဖခင်ကြီးဖြစ်သူက ကွာလတီကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားလုပ်တယ်။ ဈေးကွက်မှာတော့ ကွာလတီ မကောင်းသည့် ကုန်များနှင့် အတူတူသာ ဈေးတိုးနိုင်တယ်။ ပုဆိုးလုံချည်ဆိုတာကလည်း အခက်သားလား။ မျက်မြင်နဲ့ ကွာလတီကို ခန့်မှန်းနိုင်ဖို့က လုံးဝမလွယ်။ တစ်ရေလျှော်လိုက်မှ ဆေးကျွတ်သွားတာ၊ ရုံ့သွားတာ။ ဖြူဖပ်ဖြူလျော် ဖြစ်သွားတာ ၊ အိတ်ထဲမှာ မြင်ရတုန်းက အဆင်ပြေသလောက်၊ ထုတ်ဝတ် လိုက်မှ ကိုက်မပြည့်တာ တိုနေတာ ၊ ကွင်းကျဉ်းဖြစ်နေတာ ..စသည်ဖြင့် သာမန်အမြင်လောက်နဲ့ ကွာလတီ အမှန်ကို သိဖို့မလွယ်သည့် လုပ်ငန်းမျိုး။ ဒီလုပ်ငန်းမျိုး လုပ်နေသည့် တိုင်အောင် .. ကျွန်တော့်ဖခင်ဟာ  ဂုဏ်မာန အင်မတန်ကြီးခဲ့သည်။ အမြတ်နည်းချင်နေပါစေ၊ မခိုမကပ်ရဘူး၊ အကောင်းဆုံး ကွာလတီ ဖြစ်အောင် လုပ်မယ် ဟူသော စိတ်ဖြင့် လုပ်ခဲ့သည်။ ကြာတော့ အမြတ်က နဲသည်ထက်နဲလာသည်။ ကုန်ကြမ်းဈေးတွေ တက်လေလေ အရှုံးဘက်ကိုလုလာလေလေ ဖြစ်လာသည်။ ဒီလောကမှာ အရင်ရောက် နှင့်နေသူ စီးပွားရေးသမားတွေကလည်း  နေရာမပေးရုံမက ချောက်တွန်းကြသူတွေပင် ရှိခဲ့ပြန်တော့….. မိသားစု စီးပွားရေးက အနှုတ်တွေ ဒင်းကြမ်း ထပ်လာတော့သည်။

အနှစ်ချုပ်လိုက်တော့ ကျိကျိတက် ချမ်းသာခဲ့သော မိသားစုသည် … အထည်ကြီးပျက်မိသားစု ဘ၀သို့ … တစ်စတစ်စ ရောက်ရှိသွားတော့၏ ။
အသက် ၂၅ နှစ်တွင် တာချီလိတ်မှ ကျွန်တော် မွေးရပ်မြေသို့ ပြန်ရောက်သည်။ ကွဲကွာနေခဲ့ရသော သုံးနှစ်ခန့်အတွင်း အဖေ အမေနှင့် ညီ ညီမလေးများ၏ မိသားစု စီးပွားရေးအခြေအနေသည် …စိုးရိမ် ရေမှတ်သို့ ရောက်နေခဲ့ပေပြီ။ ရောက်ပြီး မကြာမီမှာပင် အခြေအနေအရပ်ရပ်ကို ကျွန်တော် သဘော ပေါက်ခဲ့သည်။ နေလက်စ သရက်ခြံများနှင့် စက်ရုံဟောင်းကြီးတစ်လုံး၊ အချောသပ်အဆင့်အထိ မရောက်ခဲ့သော တစ်ထပ်တိုက်လေး တစ်ခုသည်သာ နောက်ဆုံးလက်ကျန်။ မြို့ထဲက ခြံတွေ၊  တိုက်တွေ၊ ကားတွေ ဆိုင်ကယ်တွေ တစ်ခုမှ မရှိတော့။ စက်ဘီးအိုလေး သုံးလေးစီး သာ ငါးရိုးလေးတွေလို သရက်ပင်များ အောက်တွင် ငိုက်မြည်းနေကြသည်ကို တွေ့ရတော့သည်။  အမေ၀ယ်ထားခဲ့ဖူးသမျှ ပရိဘောဂတွေက တစ်တိတိ ရောင်းစားခဲ့ရသဖြင့် ကုန်လုလု။ နေ့စဉ် စားစရိတ်က ရွှေထီးဆောင်းကာလက .. အ၀တ်အထည်များကို လပေးဖြင့် လျှော့ဈေးပြန်ရောင်းသူ မှ တစ်ဆင့် ဖန်တီးနေရပေပြီ။
စားလို့မကုန်နိုင်အောင် ကြွယ်ဝခဲ့သမျှ ဓနတို့သည် အထပ်ထပ်မှားလို့ ကုန်ခဲ့ပေပြီ။ စက်ယက္ကန်းလုပ်ငန်း အဆင်မပြေသဖြင့် ကန်ထရိုက်လုပ်ငန်းလုပ်ဖို့ မိခင်ကြီးမှပင် တိုက်တွန်းခဲ့ပြန်သည် ဆို၏။ ထိုအလုပ်လုပ်ပါမှ ရှိသမျှ လက်ဝတ်လက်စားပါမကျန် အကုန် ပြုတ်တော့သည် ။  ရစရာငွေတွေက တစ်ခုမှ မရတော့။ သူစိမ်း တွေထက် ဆွေမျိုးတွေက သဲ့ယူသွားကြသည်။ မွေးရပ်မြေသို့ ကျွန်တော် ပြန်ရောက်ပြီး ချိန်တွင် ကျွန်တော့် နှလုံးသားက အေးခဲစပြုလာသည်။

ဥာဏ်ပညာ ဗဟုသုတ အားနည်းသော မိခင်ကြီးကို မလွန်ဆန်နိုင်သော ဖခင်ဖြစ်သူ သည်  တစ်သက်လုံး မလုပ်ခဲ့ဖူးသော ချဲသမားဘ၀ ရောက်နေသည်ကို ကျွန်တော် ရင်နာနာဖြင့် တွေ့လိုက်ရသည်။  လွန်ခဲ့သော ရှစ်နှစ်ခန့်က ကျွန်တော် ချဲထိုးသည်ကို ဆုံးမ တားမြစ်ခဲ့ဖူးသော အဖေသည် ယခုတော့ သူကိုယ်တိုင် ချဲသမားဘ၀ ရောက်နေပေပြီ။ ဤတွင် ကျွန်တော်သည်လည်း တစ်သက်လုံး အိပ်မက်ပင် မမက်ခဲ့ဖူးသော ဘ၀တစ်ခုကို စတင် ပျိုးလိုက်မိတော့သည်။

တစ်သက်လုံး  ရွှေမင်းသားလို နေခဲ့ရသည့် ကျွန်တော် … ၊ သင်ပုန်းပေါ်မှာ မြန်မာ့ရိုးရာဗေဒင်ပညာဖြင့် ဗေဒင် ဟောသည် …လို့  စာရေးနေတာကို အမေသည် ကြောင်တက်တက်ဖြင့် ကြည့်နေခဲ့သည်။ ကျွန်တော် ဗေဒင် ဟောမလို့ အမေ ဟု ကျွန်တော်ပြောလိုက်တော့ အမေ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ အလွန် ရှက်တတ်သော၊ လူစုစု မြင်လျှင် ရှောင်ကွင်းပြီး လူသူကင်းဆိတ်ရာတွင် စာသွားဖတ်နေတတ်သော ၊ လူ့ဂလန့်လူ့ဂွစာ ကျွန်တော်က ဗေဒင်ဟောတော့မလို့ ပြောသည်ကို အမေ ယုံကြည်ရခက်ခဲ့ပုံရသည်။ ကွဲကွာနေသော သုံးနှစ်ခန့်အတွင်း ပြောင်းလဲသွားသော ကျွန်တော့်ကို အမေသည် အံ့အားသင့်နေခဲ့ဟန် တူလေသည်။
ဘ၀က သင်လိုက်တာပါ အမေ …
ဘာတစ်ခုမှ မပြင်ဆင်ခဲ့ဘဲ ပြင်ဆင်ပြီးဖြစ်သွားခဲ့ ….
အရှက် ကို သတ္တိ အဖြစ် ပိုးမွေးသလို ပုံပြောင်းမွေးယူ ..
ကျွန်တော့်ကိုယ် ကျွန်တော် အရေထူပစ်လိုက်ရတယ်။  

တစ်မြို့တည်းသား အသိတွေက
ပြုံးစိစိ ကြည့်သွားကြတယ်။  

ပူရှိန်းနေတဲ့ မျက်နှာကို …..
အညာနွေလယ် လေပူတွေ လာဟပ်တယ်။
…………………………………….
ရင်ဘတ်ကလည်း နာချင်ချင်ပါ။

ဒါပေသိ….ပထမဆုံးရလိုက်တဲ့ ဥာဏ်ပူဇော်ခ ခုနှစ်ရာ
အဲဒါလေးနဲ့ အမေ့ကို ကန်တော့လိုက်ချိန်မှာပဲ ..
ဓါးမကိုင်တဲ့ သူရဲကောင်းလို ကိုယ့်ကိုယ်ကို ခံစားခဲ့ရ ..တယ်။ 

ကံကြမ္မာဆိုတာကို  စိန်ခေါ်ဖို့အတွက် …
ကံဇာတာတွေကို ကျွန်တော် ဖတ်ခဲ့တယ် ..
အိမ်ရှေ့သစ်ပင်မှာ ချိတ်ဆွဲထားတဲ့ ဆိုင်းဘုတ် …
ယနေ့ ကျွန်တော် ဗေဒင်ဖြင့် အသက်မွေးသည်
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ) 
အဲဒါကို ကြည့်ကြည့်ပြီး လူတွေက ရယ်တယ် … အမေ။

ရယ်ထားကြ ..ပေတော့ ..
ကံဇာတ်ဆရာ အရိုက်ခံရပါမှ ..
ဘ၀ကို ကမန်းကတမ်း ပြုပြင်ဖို့
ယခုပင် ..ဗေဒင်ဆရာဆိုတာကို ..ပြေးတွေ့
မွေးနေ့ဆိုတာကို ပြန်သတိရကြလိမ့်မယ်။

ဒီလိုနဲ့ …
တစ်ဖက်က အားတင်း
တစ်ဖက်က ခါးသီးရင်း ..
အနာဂတ်ကို အသက်သွင်း ဖို့အတွက်
မနက်ဖြန်တွေကို ဆန်ရှိနေဖို့အတွက် ..
ဒီကနေ့တွေမှာ ကျွန်တော် ..မာန်အတိနဲ့ နေခဲ့တယ်။

ဘ၀ က ပေးတဲ့ အသိ
အသိ က ပေးတဲ့ အကျင့်
အကျင့် က ပေးတဲ့ ရလဒ်
ပြဇာတ်တစ်ပုဒ်လို မဟုတ်သည့်တိုင် … ကျွန်တော်ကျေနပ်ခဲ့။

ဒါပါပဲ….
ဗေဒင်ဆရာ မဖြစ်ချင်ဘူး ..
ဗေဒင်ဆရာ လုပ်ရမယ် ..
မဖြစ်ချင်ဘူး ဆိုရင်တောင် ..
လုပ်ခွင့်ရချိန်မှာ  .. အကောင်းဆုံးဖြစ်အောင်တော့ လုပ်ပါ့မယ် အမေ။

အမေ က  အထင်မကြီးလို့ ..ဂုဏ်မယူတောင်
ခြံအနောက်မြောက်ဘက် ချောင်ကလေးမှာ
ကျွန်တော်…ဆိုင်းဘုတ်ကလေး ထောင်ထားတယ်
ယနေ့ ဗေဒင်ဖြင့် အသက်မွေးသည်
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)  ……။
ထိုစဉ်က  .. စိတ်ထဲတွင် ထိခိုက်မှု အနည်းငယ်ဖြစ်ခိုက် ..ရေးသားမိခဲ့သော ကဗျာတစ်ပုဒ်သာ ဖြစ်သည်။ ထိုကဗျာ၏ အမည်ကို  အသက်မွေးဝမ်းကျောင်း ဟု ပေးခဲ့မိသည်။ သို့သော် …ကိုယ်ရေးကိုယ်တာ ခံစားချက် သက်သက်မျှသာ ဖြစ်သဖြင့် ဒိုင်ယာရီအဟောင်း တစ်အုပ်ကြားမှာပဲ …သည်ကဗျာလေးကို ချော့သိပ်ထားခဲ့မိသည် မှာ ကြာခဲ့ပေပြီ။ ပြီးခဲ့သော ဆယ်ရက်ဝန်းကျင်ခန့်ကမှ စာအုပ်ပုံ ပြန်ရှင်းရင်း သည်ကဗျာလေးကို ပြန်ရှာတွေ့ပြီး အညောင်းအညာဆန့် လှုပ်နှိုးလိုက်ရသည်။ သူနိုးထလာတော့လည်း …အတိတ်ကာလက အရိပ်များက ကျွန်တော့်ရင်ကို ထပ်တူ ပြန်နှိုးဆွ ထိရှစေပြန်သည်။ ဒါနဲ့ ..ဒီဆောင်းပါးလေးကို ကျွန်တော် ရေးဖြစ်ခဲ့သည်။

ယခုတော့လည်း  .. ကျွန်တော်သည် ဗေဒင်ဆရာဘ၀ သို့ လုံးလုံးလျားလျား နီးပါး ရောက်နေပြီလား မသိတော့ပါပေ။ ပညာရပ်တစ်ခု အဖြစ်သာ သီးသန့်လေ့လာလိုက်စားလိုစိတ်ဖြင့် နှစ်မြုပ်မိခဲ့သော်လည်း … ထမင်းစားဖို့အတွက်ပါ ဗေဒင်ပညာကို အသုံးပြုနေရသည့် ဘ၀ ဖြစ်လာပါသည်။ တစ်ကယ်တော့ ခိုင်လုံသော အခြား အသက်မွေးဝမ်းကျောင်း တစ်ခုခု ပိုင်ဆိုင်လျှင် သည်ပညာရပ်ဖြင့် ကျွန်တော် အသက် မမွေးလိုပါ။ သည်ပညာကို အမှန်စင်စစ် လေးနက်စွာ လေ့လာလိုက်စားခြင်း၊ ပြတ်တောက်နေသော ကွင်းဆက်များကို ဖော်ထုတ် မှတ်တမ်းတင်ခြင်း ၊ သုတေသနပြု မှတ်တမ်းတင်ခြင်းများသာ စိုက်စိုက် မတ်မတ် လုပ်လိုခဲ့ပါသည်။

အဘယ်ကြောင့်နည်း။  .. ကျွန်တော့်အနေနှင့် နှစ်ပေါင်းများစွာ  …အချိန်ပေါင်းများစွာ လေ့လာခဲ့သည့် တိုင်အောင် … နားမလည်နိုင်သေးသော အခန်းကဏ္ဍပေါင်း မြောက်များစွာ ကျန်ရှိနေပါသေးသည်။ အလွန် အင်မတန် နက်ရှိုင်းသလို … ရှုပ်ထွေးဆန်းပြားသော ကံအကြောင်းအကျိုး ဆက်စပ်မှုများမှာ တော်ရုံဥာဏ် နှင့်လည်း အကုန်အစင် နားလည် ရန် မလွယ်ကူလှပါ။ သိသည်ထက် သိချင်နေသေးသော စိတ်က … ဗေဒင်ပညာတည်း ဟူသော နာမ်ပိုင်းဆိုင်ရာ ကြောင်းကျိုးဆက်စပ်မှု ပညာရပ် ကို ဆက်လက်လေ့လာ လိုက်စားရန်သာ တိုက်တွန်းနေဆဲ ။

တစ်ခါတစ်လေ ကျွန်တော့်ကိုယ်ကျွန်တော် အားမလို အားမရ ဖြစ်နေချိန်မှာ ၊ ကျွန်တော်သိချင်နေတာတွေ မသိရသေးလို့ စိတ်တိုင်းမကျ ဖြစ်နေရဆဲ အချိန်မှာပဲ ..အချို့က ကျွန်တော့်ကို တလေးတစား ဆရာ ခေါ်ကြတယ်။ ဆရာတစ်ဆူအဖြစ် အသိအမှတ်ပြုကြတယ်။ ရှက်လွန်းလို့ ဒေါင့်တစ်နေရာမှာ မောင့်နေရာ ရှာမတွေ့။  ဗေဒင်ပညာသုတေသီ ဆိုတဲ့ ဝေါဟာရကို မရဲတရဲ သာ  ချိတ်ရဲရုံ ဘ၀မှာ ဆရာတစ်ဆူအဖြစ် အိပ်မက်တောင် ကျွန်တော်မမက်ဖူးသေး။ ဆရာဆိုတာ …. မသိလို့ မေးရင် ကြောင်းကျိုးသင့် အားလုံး ဖြေနိုင်နေရမယ်။ ငဖုန်း ..နင် ဆရာလား ။ မဟုတ်ဘူးဗျာ။ မဟုတ်ရသေးပါ။ ကျွန်တော် အသိ မပြည့်စုံသေးတဲ့ ဘ၀ပါ ။ အဲဒါ ပါပဲ။ ရောရောရှိ ဗေဒင်ဆရာဘ၀ ကတော့ လာမပြောနဲ့ ။ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်ကတည်းက  ဖြစ်ခဲ့ပြီးပြီ။ ဘာအနှစ်သာရမှ ရှာတွေ့စရာမရှိတဲ့ ..အဲဒီ့ဘ၀မှာ ကျွန်တော် မပျော်ပိုက်ခဲ့လို့ …ဟောဒီ့ပညာအသိဆိုတာတွေ နောက်ကို . ကောက်ကောက်ပါအောင် လိုက်လာခဲ့တာ။

လိုက်ရင်းလိုက်ရင်း  ပညာအသိတွေ တစ်စ တစ်စ တိုးလာတယ်။ ရလာတယ်။ တစ်ပြိုင်ထဲမှာပဲ အခြား တစ်ဖက်မှာ မိသားစုတာဝန်တွေ လစ်ဟင်းသည်ထက် လစ်ဟင်းလာတယ်။ လုပ်ပေးရမယ် ဆိုတဲ့ အသိကြောင့် အများသူငါတွေလို ဗေဒင်ဟောပြီး အသက်မွေးရပြန်တယ်။ ဗေဒင်ဟောပြီး အသက်မွေး ဖို့ထက် …မသိကြေးပေးကြရသူတွေ (ကိုယ်ကိုယ်တိုင်အပါအ၀င်) အတွက် … သိနိုင်သမျှ အသိ လက်ဆင့်ကမ်းဖို့ ၊ ကျွန်တော်စာရေးဖြစ်ခဲ့တယ်။

တစ်ခါတစ်လေ အဆဲခံရတယ်။ တစ်ခါတစ်လေ အမုန်းခံရတယ်။ ဘာပဲဖြစ်ဖြစ် သိသင့်တယ်လို့ ကျွန်တော် ယူဆရင် အဲဒီ့အရာ ကို စာရေးတယ်။ ကျွန်တော် ရေးတဲ့စာကနေ …မသိလို့ နစ်နာရတဲ့ နစ်နာမှုတွေ သက်သာစေမယ် ဆိုရင် ..အလုပ်ဖြစ်ပြီ ။ ကျွန်တော့်စေတနာ စိုက်ရောက်ဖြူစင်ရင် ကျွန်တော် သေသွားတောင် ကျွန်တော့်စာတွေ တော့ အချိန်ရှည်ကြာ စွဲထင်နေရစ်ခဲ့မယ်  ဆိုတာလည်း ကျွန်တော် သိတယ်။ တစ်ဖက်ကလည်း ဘ၀၀မ်းစာအတွက် ဒီဗေဒင်ပညာနဲ့ပဲ အသက်မွေးရ ရှာကြံရပြန်တယ်။ ဟောစာတမ်း ရေးတယ်။ နာမည်ပေးကိစ္စတွေ ဆောင်ရွက်ပေးတယ်။ ကျွန်တော်လုပ်နိုင်တာတွေတော့ ကျွန်တော် လုပ်နေတာပါပဲ။ ဒါပေမယ့် ဗေဒင်ဟောခယူပြီး ဗေဒင်ဟောနေရတဲ့ဘ၀ကို ကျွန်တော် မပျော်ပိုက်နိုင်တာ သေချာပါတယ်။

ဘ၀က တောင်းဆိုမှုကို အသိဥာဏ်က တိုက်တွန်းလိုက်တယ်။ ခံစားမှုက  လက်မခံဘူး။ ဒီလိုနဲ့ ဗေဒင်ဆရာ ပြန်ဖြစ်လာပြန်တယ်။

အဲဒီ့လို လုံးချာလည်လိုက်နေတဲ့ ကျွန်တော်ဟာ သည်ကနေ့ မိတ်ဆွေအသိုက်အ၀န်း ကောင်းလို့ .. မြန်မာ့ရိုးရာဗေဒင် ဆိုတဲ့ ဆိုဒ်ကလေးတစ်ခုကို ပိုင်ဆိုင်လာခဲ့တယ်။ သူတို့တွေရဲ့ ပံ့ပိုးမှု နဲ့ ကျွန်တော် စာတွေလည်း အများအပြား ရေးဖြစ်ခဲ့ပါတယ်။ တစ်ဖက်ကလည်း ဒီအလုပ်လေးကနေ ထမင်းအနပ် ပေါင်းများစွာအတွက် ထိုက်သင့်အားလျော်စွာ အကျိုးကျေးဇူးပြုခဲ့တယ်။ မကြာခဏ အခမဲ့ ဟောပေးလွန်းလို့ ..ဘ၀တစ်ခု တည်ဆောက်နိုင်တဲ့အထိတော့  .. .. မစွမ်းဆောင်နိုင်ခဲ့ပါ။ ဒါနဲ့…ကိုယ့်အသက်ကို ကိုယ်ပြန် တွက်စစ်ရင်း မဖြစ်ချေဘူး ဆိုပြီး ဥာဏ်စွမ်းနဲ့ကံစွမ်း ပေါင်းလို့ …ကြံစမ်း ဟဲ့ဆိုပြီး … ဥာဏ်သင့်ရာကို မြေစမ်းလို့ ခရမ်းပျိုး ကြည့်နေရဆဲပါပဲ။ ဘာပဲဖြစ်ဖြစ် သည်လောက သည်ရပ်ဝန်းလေးမှာ ကျွန်တော် ပျော်ပါတယ်။

ဒီလိုနဲ့…. ဒီလောကမှာ နေထိုင်ရင်း ကျွန်တော် သတိ တော်တော်ထားတတ်သွားပါတယ်။ တစ်ကယ်တော့ ဗေဒင်ဆရာတွေ စားရတဲ့ ထမင်းတစ်နပ်ဟာ မလွယ်ကူပါဘူး။ မိမိရဲ့ ဗေဒင်မေးသူ ပူဇော်မှုပြုတဲ့ ဥာဏပူဇော်ကြေးဟာ မိမိအတွက် ထမင်းတစ်နပ်ဖြစ်တာမို့ … သည်လို အခကြေးငွေ ယူပြီး ဆောင်ရွက်ပေး ရာမှာလည်း တာဝန်ကြီးတာ အမှန်ပါ။ အဓိကအားဖြင့်ကတော့ စေတနာမှန်ဖို့ တစ်ကယ်လိုပါတယ်။ စေတနာ မှန်မှသာ အပြစ်နည်းခြင်း ၊ အပြစ်ကင်းခြင်း ဖြစ်ပါလိမ့်မယ်။ ဘာလို့လည်း……………….။  ဗေဒင်မေးသူ အများစုက ဘ၀မှာ အခက်အခဲ ပြဿနာ ကြုံချိန်မှာ မေးလာတတ်တဲ့ အတွက်ကြောင့်ပါပဲ။ တနည်းအားဖြင့်တော့ … အပူသည်တွေ များပါတယ်။ အပျင်းပြေမေးသူ၊ စူးစမ်းကြည့်လိုသဖြင့် မေးသူ၊ အထင်ကြီးသဖြင့် လိုအပ်လှသည် မဟုတ်သော်လည်း မေးသူ ..စသည်ဖြင့် ပါဝင်နေတတ်သော်လည်း အများအားဖြင့်ကတော့  ပြဿနာ တစ်စုံတစ်ရာကြောင့် အပူသင့်နေချိန်မှာ မေးလာသူမျိုးတွေသာ အများဆုံးပါ။

သူတို့တွေကလည်း  ထွက်ပေါက်ရလိုရငြား၊ ကူကယ်ရာ ဖြစ်လိုဖြစ်ငြား မေးမြန်းအားကိုး တိုင်ပင် လာကြတာပါ။ ဒီအခါမျိုးတွေမှာ သူတို့တွေအပေါ် တစ်ကယ်စေတနာထား ပြီး ထိုက်သင့်အားလျော်စွာ အကြံပေးကူညီရင်း ..မိမိတို့တတ်ကျွမ်းတဲ့ပညာနဲ့ လမ်းညွှန်ပေးရခြင်းပါပဲ။ အဲ….စေတနာရှေ့မထားဘဲနဲ့ အသပြာရှေ့ထားပြီး … ယတြာတွေ ၊ အဆောင်တွေ၊ အင်းတွေ၊ ကန်တော့ပွဲတွေ၊ ဘာတွေ၊ ညာတွေ နဲ့ အပူသည်ဆီက ခွတုတ်ညှစ်ယူ တတ်သူတွေအတွက်ကတော့ ….နောင်ဘ၀ခံရမယ့် ငရဲက နည်းနည်း ဝေးနေပါသေးတယ်။ ဒီဘ၀မှာတင် အဲဒီ့လိုလူမျိုးတွေမှာ …သူတို့ကိုယ်တိုင်လည်း အပူမီးဝိုင်းနေရတဲ့ ဘ၀မျိုး နဲ့ ဘ၀ဆုံးရတတ်တာကို မျက်စိရှေ့မှာတင် နှစ်ယောက် သုံးယောက် တွေ့ဖူးနေပါပြီ။

အပူမီးမ၀ိုင်းပဲ နေမလား…။ အပူသည်တွေဆီက အားကိုးယုံကြည်စွာ ကန်တော့ပူဇော်ထားတဲ့ ပူဇော်ကြေး ဆိုတာ စေတနာမမှန်ရင် … ကိုယ့်ကို ပြန်လောင်မယ့် အက်စစ်မီးလိုပါပဲ။ အဲဒီ့ပူဇော်ကြေးကနေ ဖန်တီးထားတဲ့ ဗေဒင်ဆရာ စားရတဲ့ ထမင်းတစ်နပ်ဟာလည်း … စေတနာ မမှန်ရင် ..သံချွန် သံခဲ၊ မီးကြီးခဲတွေပါပဲ။ မျက်စိနဲ့ ကြည့်ရင်တော့ ထမင်းခဲ ဖြစ်နေပေမယ့် ဥာဏ်နဲ့ကြည့်ရင်တော့ အဲဒါ သံရည်ပူ၊ သံခဲပူတွေ ဖြစ်မှန်း သိနိုင်ပါတယ်။ ဒီနေ့ … ကျွန်တော် ထမင်းစားတဲ့အခါ  သတိနဲ့ စားဖြစ်ပါတယ်။ သြော်… ငါစားနေတာ ..ဗေဒင်ဆရာ စားတဲ့ ထမင်းတစ်နပ် ပါလား ဆိုတဲ့ သတိလေးပါပဲ။

ချမ်းမြေ့ကြပါစေ။

ယနေ့ …ကျွန်တော် ..ဗေဒင်ပညာဖြင့် အသက်မွေးသည် …………   
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
phone . 01 618 469

Post a Comment
 

Posts Comments

©2006-2010 ·TNB