မရွှေကကြီး ၏ ဘ၀ခရီး

Thursday, December 22, 2011


(၁)
ကျွန်မရဲ့ ဘ၀တစ်လျှောက်လုံးကို  ခြုံကြည့်မယ် ဆိုရင် …ကျေနပ်ဖို့ကောင်းတယ် လို့ ယူဆပါသလား …တဲ့။
မေးမှ မေးတတ်ပလေ ဒေါ်ရွှေကကြီး ရယ်။ ပူဇော်ကန်တော့ထားတဲ့ ဒေါ်လာလေးတွေနဲ့ အမျှ ခရေစေ့ တွင်းကျ မေးတတ်လွန်းပါပေ့။ ဒေါ်ရွှေကကြီး ဆိုသူကတော့ တစ်ခြားမဟုတ် … စာရေးသူ၏ ညီမလတ် ၏ သူငယ်ချင်းမိတ်ဆွေမ ဖြစ်သူ အိမ်ကိုအလည်ရောက်လာသည့် ကိုးရီးယား အမျိုးသမီး တစ်ဦးပဲ ဖြစ်သည်။

ရောက်လာပြီး သိပ်မကြာ ၊ ညီမလတ်ဖြစ်သူနှင့် တွတ်တိ တွတ်တိ ခေါင်းချင်းဆိုင်ပြီး ၊ ကိုးရီးယားလို ကွိကွိကွကွ တွေ ပြောကြသည်။ ရဲဟဲဟဲဟဲ…ယူးးးးးဟူးဟူး အိုးးးး ဘာတွေမှန်းတော့မသိ ။ မောင်ဖုန်း လည်း သူတို့ နှစ်ယောက်ကို ကြည့်ပြီး စိတ်ပိန်လာသည်။ ဒါနဲ့ စာအုပ်တစ်အုပ်ကို ယူပြီး ကောက်ဖတ်နေမိသည်။

ခဏနေတော့ ညီမလတ်ဖြစ်သူ သေးသေးသွယ်သွယ် ဆင်ခန္ဓာ က မောင်ဖုန်းအနီးသို့ လှိမ့်လာသည်။
ကိုကြီး … အွန်ဂျောင်းက သူ့ဇာတာကို စစ်ချင်လို့တဲ့ အဲဒါ ၊ ညီမလေး က ဘာသာပြန်ပေးပါ့မယ်။ လုပ်ပါဦး ကူညီပါဦး၊ ညီမလေး မိတ်ဆွေပါ။ သူသိချင်နေတာလေးတွေ မေးချင်လို့ …… ဟု မောင်ဖုန်းကို ဆိုလာ တော့၏။

(၂)

ထုံးစံအတိုင်း နိုင်ငံခြားသူ ပီပီ သူ့ကိုယ်သူ ဘာနေ့သားသမီး မှန်း  မသိ။ မွေးရက် အင်္ဂလိပ် ရက်လနှစ် ကိုသာ သိသည်။ မောင်ဖုန်းလည်း နှစ်တစ်ရာ တိုက်စစ်ရတော့၏။  တနင်္လာသမီး အထွန်းဖွား ၊ နာမည် က ဂွက်အွန်ဂျောင်း။ ဂွက်က မျိုးရိုးနာမည် ဟု ဆိုသည်။ မျိုးရိုးနာမည် ဖြစ်ခြင်းကြောင့် ဂွက်သည် မျိုးနွယ်စု ဆိုင်ရာ အများဆိုင် အကျိုးပြ ပညတ်ဖြစ်နေသည်။

သို့ဖြစ်ခြင်းကြောင့် ဂွက်ကို ဖယ်ရှားပြီး ၊ အွန်ဂျောင်းကို သာ အမည်စစ်ပေးရသည်။ ဂွက် သည် သူမတို့ မျိုးရိုး ဆိုင်ရာ အများဆိုင် ကံဇာတာပြ ပညတ် ဖြစ်ခြင်းကြောင့် တမင်ဖယ်ရှားခဲ့ရခြင်း ဖြစ်သည်။ အကျိုး သက်ရောက်မှု မပြုသောကြောင့် ဖယ်ရှားခဲ့ရခြင်းမဟုတ်ပေ။ မျိုးရိုးနာမည်  ပညတ်များသည် ယင်းမျိုးနွယ်စု နှင့် ဆိုင်သော လူမျိုးစု ကံဇာတာကို အဓိကဖော်ညွှန်းပြဆိုသည်။
တနင်္လာသမီး အထွန်းဖွား ၊ နာမည်အဖျားစာလုံးက အထွန်းမှာပဲ ပြန်လည် ရပ်တည်ထားသည့် သာမိကာရက အမည်ပိုင်ရှင်။ အနှစ်ချုပ်က ဒါပဲ ဖြစ်သည်။ ဒီလောက်ဆို အလုပ်ဖြစ်ပြီ။ ကိုင်း …လာလေရော………… ။ နာရီလေးတစ်ချက် ကြည့်ရအောင် …. ။  အင်္ဂါ အခါ ဖြစ်နေသတည်း။

အင်္ဂ၀ိဇ္ဇာ ပညာအရ အခါတိုင် ထူ လိုက်သည်။
             ၀       
             ၎
             ၁
      -------------
            ၃       အင်္ဂါ အခါတိုင်
      -------------
            ၆
            ၂          ( မွေးနံ )
            ၅

ဗေဒင်ပညာ လေ့လာ သူအများစု အဖို့ လွယ်ကူရှင်းလင်း စွာ ပင် နားလည်ရိပ်မိပြီး ဖြစ်ပါမည်။ သူမ ကံညံ့ နေချိန် ဖြစ်လေသည်။

တစ်ခုခုကို ရှုံးနိမ့်ထားတယ်။ ခုချိန်မှာ အရာရာ အခက်အခဲများပြီး၊ အဆင်မပြေမှုတွေ ရှိနေမယ်။ အထူးသဖြင့် နာမည်အဖျားစာလုံးလည်း ဖြစ်၊ မွေးနံလည်း ဖြစ်တဲ့ တနင်္လာ အားနဲချိန် ဖြစ်တာမို့ ….သင်တန်း နဲ့ သင်ကြားရခြင်း ဆိုင်ရာ အခက်အခဲတွေ အများအပြား ကျရောက်လာတတ်ချိန် ဆိုပါစို့ ။  ကဲ …ခုဘာဖြစ်လာသလဲ။

စာမေးပွဲကျလာတာ ကိုကြီး၊ လေယဉ်မယ် လုပ်ဖို့ စာမေးပွဲ ဖြေတာ မအောင်ဘူး။ ကျထားတယ်။ ခု …စိတ်ညစ်လို့ စိတ်ပြေလက်ပျောက် ခရီးထွက်ရင်း မြန်မာပြည် ခဏ အလည် ရောက်လာတာ။
အင်း….ဒီတော့ ….ခု ဘာဆက်မေးချင်တာရှိလည်း လို့ ပြောလိုက်။

အားလုံးသိချင်တယ်  တဲ့ ကိုကြီး  ။
တိန်…..အားလုံးတောင် သိချင်တယ် ဆိုပဲ။ အားလုံးကတော့ ကျွန်တော်မျိုးလည်းမသိ။ ဘုရားမှ တစ်ပါး အဘယ်သူမှလည်း မသိနိုင်။  ဆိုတော့…..
အားလုံးသိချင်လို့ မရဘူးလို့ ပြောလိုက်။ အမြင်သာ အထင်ရှားဆုံး အသေချာဆုံး ဖြစ်နိုင်တာနဲ့ အကျိုး ရှိနိုင်မယ့် အရေးပါတဲ့အချက်တစ်ချို့ ကိုတော့ တွက်ပြီး ဖြေပေးလိုက်မယ် လို့ သူ့ကိုပြောလိုက် ညီမလေး။
နေဦး ကိုကြီး..၊ သူက …သူ့ဘ၀မှာ လေယာဉ်မယ် ဖြစ်ဦးမှာလား တဲ့။ အဲဒါလေး သေချာ ကြည့်ပေးပါ ပြောတယ်။ နောက်ပြီး အဲဒီ့စာမေးပွဲကို နောက်တစ်ခါ ပြန်ဖြေရင် အဆင်ပြေနိုင်မလားလို့လည်း မေးထားတယ်။

ဒေါ်ရွှေကကြီး ၏ မေးခွန်းများက ကျွန်တော့်အတွေ့အကြုံနှင့် လေ့လာအားထုတ်ခဲ့မှုတို့ကို ကလိထိုး နေသည့်နှယ်။ မှားလို့ကလည်း မဖြစ်။ မှားရင် လူကိုအထင်သေးရုံလောက် မဟုတ် ကျွန်တော်တို့ တိုင်းပြည်မှ ကျွန်တော်တို့ ပညာကို ပါ အထင်သေးခံရနိုင်သည်သာ။ ဒီတော့ အာရုံကို ပိုစုစည်းလိုက်ရသည်။
လာမေးသည့်အခါကတော့  ဘယ်လိုမှ မကောင်း ။ အင်္ဂါ အခါ ဖြစ်နေသည်။ လက်ရှိကလည်း စာမေးပွဲ ကျထားသည့်သူ။ နောက်တစ်ကြိမ် ပြန်ဖြေလို့ကော သူမ အောင်မြင်နိုင် ပါမည်လား။ စဉ်းစားစရာပင်။
ထုံးစံအတိုင်း သုံးနေကြဖြစ်သော အချိန်ပိုင်းစနစ် မဟာဘုတ်ကို ထပ်တည်ဆောက်လိုက်ရသည်။  အချိန်ပိုင်းစနစ် မဟာဘုတ် အရ သူမ၏ မေးခွန်း မေးမြန်းချိန်ကာလ မဟာဘုတ်ခွင်မှာ …(၂) ခုကြွင်း မဟာဘုတ်ခွင် ဖြစ်နေသည်ကို တွေ့ရလေသည်။ သို့ဖြစ်ခြင်းကြောင့်  မူလမဟာဘုတ်ဇာတာခွင် နှင့် အချိန်ပိုင်းစနစ် မဟာဘုတ် ဇာတာခွင် တို့ကို ယှဉ်လျက် ချထား ပြီး လေ့လာကြည့်ရှုရပြန်သည်။ 
မူလ မဟာဘုတ် ဇာတာခွင်

      အဓိပတိ
          ဝ


      အထွန်း
       ၂  (မွေးနံ)
နာမည်အဖျားစာလုံး
         သိုက်
           ၅
         ရာဇ
          ၁
      
       မရဏ
          ၆

          ဘင်္ဂ
            ၃
         ပုတိ
           ၎



အချိန်ပိုင်းစနစ် မဟာဘုတ် ဇာတာခွင်

       အဓိပတိ
         


      အထွန်း
         ၁
        သိုက်
          ၎
          ရာဇ
           ဝ
        
    မရဏ
       ၅

          ဘင်္ဂ
         ၂ (မွေးနံ)
နာမည်အဖျားစာလုံး
         ပုတိ
          ၃


ယင်းသို့ ယှဉ်တွဲချထားသော မဟာဘုတ်ဇာတာ နှစ်ခု တွင် ကြည့်ပါ။ မွေးနံ တနင်္လာသည် မူလမဟာဘုတ် ဇာတာတွင် အထွန်းဌာနတွင် ရပ်တည်ထားပြီး ကောင်းမြတ်သော အနေအထား ရှိသည်။ အထူးသဖြင့် သူမ၏ အမည် အဖျားစာလုံးသည်လည်း … တနင်္လာနံပင်ဖြစ်ပြီး ကောင်းသော အနေအထား ရပ်တည်မှု အင်အားနှင့် ပြည့်စုံသည်။ ယင်းအခြေအနေများက သူမသည် ဘ၀တွင် သာမန်ထက်မြင့်မားသော အနေအထားဖြင့် ရပ်တည်ခွင့် ရရှိနိုင်သည်ကို ဖော်ပြထားသည်။

လက်ရှိ အချိန်ပိုင်းမဟာဘုတ် ဇာတာခွင်တွင်မူ တနင်္လာသည် ဘင်္ဂဌာနတွင် နံတူ တနင်္လာနှင့် ပက္ခမိ ထားသည်ကို   တွေ့ရှိရသည်။ ဒုတိယအဆင့်အားဖြင့်  ရာဇတွင် ရပ်တည်နေသော ဂြိုဟ်ကို စစ်ဆေး ကြည့်ရှုရသည်။ အချိန်ပိုင်းစနစ် မဟာဘုတ် ဇာတာခွင်တွင် ရာဇတွင် ရပ်တည်သော ဂြိုဟ်သည် အလွန် အရေးကြီးသည်။  ထိုဂြိုဟ်သည် လက်ရှိဖြစ်စဉ်တစ်ခုလုံးကို ထိမ်းချုပ်ထားနိုင်သော အစွမ်းမျိုး ရှိသည်။ ထိုဂြိုဟ်နှင့် သက်ဆိုင်ရာ ဇာတာရှင်၏ မွေးနံ ၊နာမည် စသော အချက်အလက်များ သည် မိတ်ပြုနေခြင်း၊ သင့်လျော်သော ဆက်စပ်မှုမျိုး ရှိနေခြင်းမျိုး ဖြစ်တည်နေမှ ဆိုင်ရာဇာတာရှင်တွင် ကောင်းကျိုး သက်ရောက် နိုင်သည်။  ဆန်းစစ်သော် ………………….
မရွှေအွန်ဂျောင်း၏ မွေးနံသည် တနင်္လာဖြစ်ပြီး ….ရာဇဌာနတွင်မူ စနေဂြိုဟ် ရပ်တည်နေကြောင်း တွေ့ရှိရ ပေမည်။ စနေသည် တနင်္လာကို ငယ်နိုင်ကဲ့သို့ နိုင်သော ပဋိပက္ခဥဒသိန် ဂြိုဟ်မျိုး ဖြစ်သည်။ တနင်္လာသည် မူလသဘာဝ အရပင်လျှင် စနေဂြိုဟ်အား အလွန်ကြောက်ရသည်။ ဆက်နွယ်မှု ရှိလိုက်သည်နှင့် တနင်္လာ၏ သဘာဝမှာ ချက်ချင်းယိမ်းယိုင် ပျက်ဆီးသွားတတ်သည်။  ဆိုတော့ ဆန်းစစ်တွေ့ရှိမှုများ အရလည်း ….မရွှေအွန်ဂျောင်းမှာ အခြေအနေ  မလှပေ။

ကျွန်တော်၏ ဦးခေါင်းမှာ ရှုပ်ထွေးစပြုလာသည်။  မူလ ဇာတာအရ ကောင်းသည် ။  အချိန်ပိုင်းဇာတာအရ မကောင်း။ ကဲ …ဘယ်လိုလုပ်ရပါ့။ ဒီတော့ သူမ၏ မေးခွန်းကို ပြန်လည် သုံးသပ် ဆင်ခြင် ကြည့်လိုက် ရပါသည်။
ဘ၀မှာ လေယာဉ်မယ် ဖြစ်ဦးမှာလား ။
စာမေးပွဲကို နောက်တစ်ခါ ပြန်ဖြေရင် အဆင်ပြေနိုင်မလား ။
မေးခွန်းက နှစ်မျိုးတည်း။

မေးတဲ့သူက လွယ်သည်။ ဖြေတဲ့သူက  ခက်သည်။ (လုပ်ချင်ဦးဟဲ့ …ဗေဒင်ဆရာ)
မည်သို့ပင်ဖြစ်စေ အမေးရှိလျှင် အဖြေ ရှိရမည်သာ။ ပထမမေးခွန်းကို စဉ်းစားလိုက်သည်။ ဘ၀တွင် လေယာဉ်မယ် ဖြစ်ဦးမှာလား ဟူသော မေးခွန်း ကို ဆန်းစစ်ပါက……………. မူလမဟာဘုတ်ကို သာ ဆန်းစစ်ရမည် ဖြစ်သဖြင့်………
(၁) မွေးနံ အထွန်းတွင် ရပ်တည်သည်။ ( အများအာရုံစိုက်ခံရသော ဘ၀မျိုးရနိုင်သည်)
(၂) နာမည်အဖျားစာလုံး တနင်္လာ အထွန်းတွင် ရပ်သည်။ (လူပေါင်းများစွာ ကို ဆွဲဆောင်နိုင်သော အနေအထားဖြင့် အောင်မြင်နိုင်ခြင်း၊ ကောင်းမြတ်သော သင်တန်းများ တက်ရောက်ခွင့် ရရှိနိုင်ခြင်း ၊ အများ အာရုံစိုက်ခံရသော အနေအထားမျိုး ရရှိနိုင်ခြင်း ၊ ခရီးသွားလာရသော ကဏ္ဍများသည် ဘ၀အတွက် အရေးပါခြင်း စသည်တို့ကို ဖော်ပြသည်။ )
(၃)  အသက်မွေးမှု အခေါင်အချုပ်ဂြိုဟ် ဖြစ်သော …တနင်္ဂနွေသည် ရာဇဌာနတွင်  မဟာဘုတ် ကသစ်မူ ထားပြီး အားကောင်းစွာ ရပ်တည်နေသည်။ (အသက်မွေးမှု မှန်သမျှတို့တွင် အထက်တန်းကျသော အသက် မွေးမှုများ နှင့် မင်းအစိုးရတို့နှင့်  နှီးနွယ်နေသော အုပ်ချုပ်ရေးနယ်ပယ်တို့ တွင် အောင်မြင်မှု ရရှိစေနိုင်သော အနေအထား တစ်ရပ်ဖြစ်သည်။)
(၄) အသက်မွေးမှုကို ထပ်မံ ပြဆိုနိုင်သော အညွန့်ဂြိုဟ် အင်္ဂါ သည် ဘင်္ဂဌာန တွင် ရပ်တည်နေသည်။ (အပြိုင်အဆိုင်ဖြင့် အသက်မွေးရခြင်း၊ စွန့်စားလုပ်ကိုင်ခြင်းမျိုးဖြင့် အသက်မွေးရခြင်း ၊ အခက်အခဲများ ကြားမှ အကျိုးစီးပွားကို စွန့်စားရှာဖွေရခြင်း တို့ ကို ဖော်ပြသည်။)

အထက်ပါ အချက်လေးရပ်သည်   …စွန့်စား သွားလာရခြင်း ၊ ခရီးသွားလာလှုပ်ရှား ပြီး အောင်မြင်နိုင်ခြင်း  …အများ အာရုံစိုက်ခံရသော အားကောင်းသော အသက်မွေးမှုမျိုးဖြင့်  ရပ်တည်ခွင့် ရရှိနိုင်ခြင်း တို့ကို ထင်ထင်ရှားရှား ဖော်ပြနေသည်။ တနည်းအားဖြင့် သူမသည် သူမ ကြိုးစား အားထုတ်နေသော လေယာဉ်မယ် ဘ၀ သို့ ရောက်ရှိနိုင်သည် ကို တွေ့ရလေသည်။
ကဲ …ပြီးရော ဟ ။ မေးခွန်းတစ်ခု ။
လာခဲ့ နောက်တစ်ခု   .... စာမေးပွဲကို နောက်တစ်ခါ ပြန်ဖြေရင် အဆင်ပြေနိုင်မလား ။
မေးခွန်းကို သုံးသပ်ကြည့်ပါ။ မဟာဘုတ် လေ့လာလိုက်စားသူများ ဤနေရာတွင် အထူးသတိပြုပြီး ဖတ်ရှု လေ့လာပါ။  စာမေးပွဲကို နောက်တစ်ခါ ပြန်ဖြေရင် အဆင်ပြေနိုင်မလား ဟူသော မေးခွန်းတွင်  ..(နောက်တစ်ခါ ပြန်ဖြေရင် ) ဟူသော မေးခွန်းပါ စကားစုသည်  …အလွန်အရေးပါသော အချက် ဖြစ်သည်။ 
သေချာစွာ မှတ်သားပါ။
လူတို့၏ ဘ၀တွင် နောက်တစ်ဖန် ၊ တစ်ကျော့ပြန် ကြိုးစား အားထုတ်မှု အားဖြင့် ရနိုင်သော ကောင်းကျိုး / ဆိုးကျိုး မှန်သမျှကို …ဆိုင်ရာ မွေးနံရှင်၏ အာလပ္ပန ကာရက ဂြိုဟ် မှ တစ်ဆင့်  ဆန်းစစ် သိရှိနိုင်သည်။ ယင်းအချက်ကို မဟာဘုတ် ဗေဒင် လေ့လာနေသူတိုင်းသည် အသဲစွဲနေအောင် မှတ်သားထားရမည်။
မရွှေအွန်ဂျောင်းသည် တနင်္လာသမီးဖြစ်ခြင်းကြောင့် သူမ၏ အာလပ္ပနကာရက ဂြိုဟ်သည် တနင်္ဂနွေ ဖြစ်သည်။ သည်တော့ ဒုတိယမေးခွန်းအတွက် အဖြေမှန်မှာ တနင်္ဂနွေဂြိုဟ်ကို လေ့လာဆန်းစစ်ခြင်းပြုမှသာ ရရှိနိုင်ပေလိမ့်မည်။  ဆန်းစစ်ကြည့်ကြပါစို့။

(၁)  တနင်္ဂနွေသည်  မူလမဟာဘုတ်တွင်   ရာဇဌာနတွင်  ကသစ်မူရပ်တည်သည်။ ( သူမသည် ဘ၀တွင်  တစ်ဖန် ပြန်လည်ကြိုးစားအားထုတ်မှုတို့ဖြင့် ကောင်းစွာသော အောင်မြင်မှု ရရှိနိုင်သူ ဖြစ်ကြောင်း ထင်ရှားစွာ ဖော်ပြသည်။ ဘယ်သောအခါမျှ တစ်ကြိမ်ရှုံးနိမ့်ရုံဖြင့် အားမလျှော့သင့်သော ဇာတာရှင်မျိုး ဖြစ်သည်။)
(၂)  အချိန်ပိုင်း မဟာဘုတ်ဇာတာတွင်  တနင်္ဂနွေသည် အထွန်းဌာနတွင်ရပ်တည် ထားသည်။ ယင်းအနေအထားသည် မူလမဟာဘုတ် ရှိ အထွန်းဌာန တွင်ရပ်တည်နေသော မွေးနံ တနင်္လာ ပေါ်သို့  စီးနင်းနေသည့် အနေအထား ဖြစ်သည်။ ( လက်ရှိကာလ အရလည်း သူမသည်  နောက်တစ်ကြိမ် တစ်ကျော့ပြန်ကြိုးစားအားထုတ်မှု ဖြင့် အောင်မြင်မှု ရရှိနိုင်သည်ကို ထင်ရှားစွာ ဖော်ပြသည်။ )

ပြီးပြီ ။ ဒါပါပဲ။ 
ဘ၀မှာ လေယာဉ်မယ် ဖြစ်ခွင့် ရှိတယ်။ ကြိုးစားအားထုတ်မှုကို မလျှော့ပါနဲ့။ နောက်တစ်ကြိမ် ထပ်ပြီး ကြိုးစားပါ။ အောင်မြင်ပါမယ်။

ကျွန်တော့်အဖြေစကားကို ကြားသည့်အခါ ဒေါ်ရွှေကကြီးမ က ပြုံးရိပ်ရိပ်လေးတော့ ဖြစ်လာသည်။ သိပ်တော့ ယုံကြည်ပုံမပေါ် ။ သူ့ကိုယ်သူ စိတ်ဓါတ် တော်တော် ကျနေခြင်းမျိုးလည်း ဖြစ်ကောင်း ဖြစ်ပေမည်။ ထို့နောက် အနည်းငယ် ဆက်ဟောပေးလိုက်သည်။ နောက်ဆုံးမှာတော့ သူမက အောက်ပါ အတိုင်း မေးလေသည်။
ကျွန်မဘ၀တစ်လျှောက်လုံးကို ခြုံကြည့်မယ် ဆိုရင် ကျေနပ်ဖို့ကောင်းတယ် ထင်ပါသလား  ….တဲ့။ တိန်။  မေးမှ မေးတတ်ပလေ နှော့။ လောက ဆိုတာ နေတတ်ရင် ကျေနပ်ချင်စရာပါ။ မနေတတ်ရင်တော့ ဘာတစ်ခုမှ ကျေနပ်စရာမမြင်။ နာမည်အဖျားစာလုံးလေးကို ငဲ့ပြီး ဘာပဲဖြစ်ဖြစ် သူမ စိတ်ကျေနပ် သွားအောင် ကျွန်တော် ဖြေပေးလိုက်ပါသည်။  ကျေနပ်စရာတွေ နေတတ်ရင် ပိုပို ရလာနိုင်တာမို့ ကျေနပ်ဖို့ ကောင်းတယ် လို့ ဆိုပါစို့ရဲ့ …..။လတွေ အတော်အတန်ကြာသွားသည်။ တစ်နှစ်ကျော်ခန့်ဖြစ်မည်ထင်သည်။ သူမ ၏ သတင်းကို ညီမဖြစ်သူမှ တစ်ဆင့် ပြန်ကြားရသည်။
အွန်ဂျောင်းက သူ့အတွက် ဟောစာတမ်း ရေးပေးပါဦးတဲ့ ကိုကြီး၊ သူအခု စာမေးပွဲပြန်ဖြေတာ အောင်သွားပြီ။ ဖိလစ်ပိုင်မှာ လေယာဉ်မယ် သင်တန်းတက်နေရပြီ။ မကြာခင် လေယာဉ်မယ် ဖြစ်တော့မယ်။  အဲဒါ …ကိုကြီးက ဆီက သူ့ဘ၀ တစ်သက်တာ အတွက် ဟောစာတမ်းလိုချင်တယ်လို့ ညီမလေးကို မှာနေတယ်။ ကိုကြီး ရေးပေးထား…ညီမလေးဘာသာပြန်ပေးမယ် ….ဟု ကျွန်တော် ကြားသိရသည်။

ကျွန်တော်မရေးပေးဖြစ်ခဲ့ပါ။ ကျွန်တော် တွေ့ဖူးသမျှ ကိုးရီးယားလူမျိုး အများစုမှာ အလွန်ကဂျီကဂျောင် များကြပါသည်။ မေးလိုက်သည်မှာလည်း စုံစိနေတတ်ပြီး ဖြေရသည်မှာ အလွန်မောပါသည်။  ဒါကြောင့်လည်း သူမဟောစာတမ်းကို တော်တော်နဲ့ မရေးပေးဖြစ်ခဲ့ပါ။  ပြီးခဲ့သော ၁၁လပိုင်း ထဲမှာတော့  …မဖြစ်မနေ ရေးပေးရန် ညီမဖြစ်သူမှ တစ်ဆင့် အကြောင်းကြားလာပါသည်။ ထုံးစံအတိုင်း ကြည့်လိုက်တော့ သူမအတွက်တင်မက ဘဲဘဲ အတွက်ပါ မေးထားသည်မှာ စုံနေသည်။ တွက်ရမှာ တော်တော် လက်တွန့်သွားသည်။ ဒါနဲ့  ဥာဏ်ပူဇော်ခကို ဒေါ်လာရာဂဏန်း သတ်မှတ်ပစ်လိုက်သည်။ မေးချင်မေး မမေးချင်နေပေတော့။ မြန်မာလူမျိုး ဆယ်ယောက်လောက် ဖြေလိုက်ချင်သည်။ ကိုးရီးယား လူမျိုး တစ်ယောက် ကို ဖြေရသည်မှာ မစားသာပါ။ အီစိမ့်နေအောင် တွေးရ ၊ စဉ်းစားရပါသည်။

သို့သော် သူမက တောင်းဆိုသော ဥာဏ်ပူဇော်ခကို လွှဲပေးပြီး ဟောစာတမ်းတောင်းခံခဲ့ပါသည်။  ကျွန်တော်လည်း နောက်တစ်ခါ ထပ်ပြီး မမေးတော့လောက်အောင်ကို စုံစုံစိစိ တွက်စစ်အကြံပေး ရေးသား ပေးလိုက်ပါသည်။ သို့ပေမင့်  ထုံးစံအတိုင်းပင် ..မရွှေကကြီးမ က  သူ့ဘဲဘဲ အတွက်ရေးတာ သူ့လောက် မစုံလို့ သူ့လိုလေးပဲ ပြည့်ပြည့်စုံစုံ ရေးပေးပါ ဟု ထပ်မံတောင်းဆို ပါတော့သည်။ အမှန်တော့ လူတစ်ယောက်အတွက် ဇာတာတစ်စောင်ကို တွက်စစ်ပေးရာတွင် အပိုဆောင်းပါလာတတ်သော (အထူးသဖြင့် ဘဲဘဲဇာတာများ) မှာ မြန်မာလူမျိုးများ  မုန့်ဟင်းခါးစားရာတွင် ဟင်းရည် အဆစ် တောင်းကြသည်နှင့် အလားသဏ္ဍန်တူပါသည်။
ကျွန်တော့်ဆီတွင် ထိုကဲ့သို့ မုန့်ဟင်းခါး ဟင်းရည် အဆစ်တောင်းကြသော မိန်းကလေး ဗေဒင်မေးသူများ အလွန် များပြားသဖြင့်  နောက်ဆုံးတော့ အတိုချုံးစနစ် နာမည်စစ်ပေးခြင်းနှင့် သင့်မသင့် ချင့်ချိန် ပေးခြင်းမျိုးကို အဆစ်ပေးနေရစမြဲ ဖြစ်သည်။ မရွှေအွန်ဂျောင်းကိုလည်း ထိုသို့ အဆစ်ပေးခဲ့ရသည်။ သို့သော် မရွှေကကြီးမက အဆစ်နှင့်  မ၀။ နောက်ထပ်တစ်ပွဲစာ ဘဲဘဲအတွက် ထပ်တောင်းဆိုလာသည်။ ကဲ …..ရှိစေတော့………မောင်ဖုန်း …..နင်က အစကတည်းကမှ ပြတ်ပြတ်မှ မပြတ်တာကိုးးးးးးးးးးးးးးးးးးး  ။ ရေးလိုက်ဦးဟေ့  …ရေးလိုက်ဦးဟ……….။
တစ်မြန်မနေ့ကတော့ ချစ်ဇနီးက  ကျွန်တော့်ခေါင်းပေါ်မှ အလံဖြူလေးတွေကို နှုတ်ပေးသည်။ မောင်ရေ …နောင်ဆို အနက် နှုတ်ရတော့မယ် ထင်တယ်ဟု ပြောသောအခါ …ကျွန်တော့်စိတ်ထဲတွင် …ကကြီးများကို ….ပိတ်ပိတ်ပြီး ကျိန်ဆဲချင်စိတ်ပေါက်လာ မိတော့သတည်း။

ချမ်းမြေ့ပီတိ ရရှိနိုင်ကြပါစေ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း

Post a Comment
 

Posts Comments

©2006-2010 ·TNB