ဒီလောက် ချစ်တဲ့ ဒီလိုလူ

Friday, December 30, 2011


(၁)
မယားချစ်စိုးနိုင်
ကြားရသည့် သတင်းက  ဘယ်လိုမှ ယုံနိုင်စရာမရှိ။ ကားတစ်စီးကို ငွေတစ်သောင်း ဖြင့် ၀ယ်လို့ရပြီ ဟူသည့် သတင်းထွက်လာလျှင် ယုံကောင်းယုံချင်စရာ ရှိသေးသည်။ ခုဟာက  မယားချစ်စိုးနိုင် တစ်ယောက် နောက်မိန်းမ ယူသွားပြီ ဟူသည့် သတင်း ဖြစ်နေသည်။ နောက်မိန်းမ ဘယ်သူဘယ်ဝါ ဟူသည့် သတင်း ကလည်း  ထူးဆန်းသည်။ အနောက်ပိုင်း ရွှေမျှင် ရပ်ကွက်ထဲက စကားမပြောတတ်သည့် မကြေးမုံနှင့် ညားသွားပြီ ဟူသတတ်။|

တစ်ရပ်ကွက်လုံး က …မယားကြီးဖြစ်သူ မကျော့ကျော့ဆွေ တစ်ယောက် ဘယ်သို့ဘယ်ပုံ ရှိလေမည် ကို အထူးစိတ်ဝင်စားနေကြပေသည်။
(၂)

တစ်ကယ်တော့လည်း ဒီသတင်းကို မယုံနိုင် ဖြစ်ကြရသည်မှာ သိပ်တော့မဆန်း။ မယားချစ်စိုးနိုင် ဟု အမည်တွင်နေသော ကိုစိုးနိုင်သည် အမည်နှင့် လိုက်အောင်ပင် မယားဖြစ်သူ ကျော့ကျော့ဆွေကို ချစ်မြတ်နိုးသည့်သူ။ ချစ်မယားလေးအတွက် နေပူပူ မိုးရွာရွာ ဆိုက်ကားနင်းသည်။ ညဘက်အချိန်ရလျှင် ရေစည်ပါ တွန်းပြီး အပိုဝင်ငွေ ရှာလိုက်သေးသည်။ မောမောပန်းပန်း အိမ်ပြန်ရောက်လို့ …မယားဖြစ်သူ က ဆီးကြို ပြုစုတာကို ခံရရှာမလား မတွေးလေနှင့် ။

မောင်ရေ….မောင့်ကို မျှော်ရတာနဲ့လေ ကျော့ဖြင့် ဇက်တွေတောင် ညောင်းရော သိလား။ မောင် ရေမချိုး သေးခင် တစ်လက်စတည်း မိဂသီဆေးလေး လူးပြီး ဇက်ကြောဆွဲပေးပါလား ..ဆိုတာမျိုး ကို အပြုံး တစ်ဝေေ၀ဖြင့် ဇက်ကြောဆွဲပေးတတ်သည့် လူစား။ ပတ်ဝန်းကျင်က မေးထိုးစရာ ၊ အံ့သြစရာ လင်မယား စုံတွဲ။

ကိုစိုးနိုင် အချစ်ကဲပုံကလည်း ပိုသည်ထက်ပိုသည်။ နံနက်ခင်း အလုပ်မသွားခင် သူကပင် ချက်ခဲ့ပြုတ် ခဲ့သည်။ ရုပ်လှသလောက် အချင်းမပါလာသော မယားချော အိပ်ယာထလျှင် စားလို့ရအောင် ကြိုက်တတ် တာလေးတွေကို စီမံခဲ့သေးသည်။ နေ့လည်ခင်းစာကို ဟင်းဝယ်လာပြီး ၊ ကျော့ကျော့ဆွေ မဖြစ်သာသဖြင့် တည်ထားသော ထမင်းမနပ်တနပ် သို့မဟုတ် နည်းနည်းတူးချင်ချင် မျိုးဖြင့် အိမ်ပြန်စားသည်။ တစ်လက်စတည်း ဈေးက ၀င်ဝယ်လာသော ဟင်းချက်စရာတွေကို ညနေစာအတွက် ဖြိုးဖြိုးဖြတ်ဖြတ် စီမံ ချက်ပြုတ်ခဲ့ပြီး၊ ချစ်ဇနီးချောကို ဘယ်ပြန်ညာပြန်နမ်းမည်။

ပြီးတာနဲ့ နေ့ခင်းပိုင်း ဆိုက်ကားနင်း တစ်ဖန် ပြန်ထွက်သည်။ အဲ ..သတ်မှတ်ထားသော ငွေကြေး မရလျှင် ဆိုက်ကားသိမ်းချိန်တွင် ရေစည်တွန်းပြီး ပိုက်ဆံ ထပ်ရှာသည်။ မရှာလို့ကလည်း မဖြစ် ..မရွှေချော ကျော့ကျော့ဆွေ၏ အလှကုန် ပစ္စည်းမျိုးစုံ အတွက်က ငွေပိုငွေလျှံလေး  ဆူနေမှ ဖြစ်မည်။ ဒါတောင် ..ကိုယ်ပိုင် ဆိုက်ကားဖြင့် စီးပွားရှာရပေလို့သာ။

တစ်ခါတစ်ရံ မရွှေချော သြကာသက …အိမ်မှာနေရသည်မှာ ပျင်းသည်ဟူသဖြင့် သူမ ကြိုက်တတ်သည့် ဗေဒင်မဂ္ဂဇင်းတွေ ၊ ဂျာနယ်တွေကို ငှားတန်သည်ငှား ၊ ၀ယ်တန်သည် ၀ယ်ပြီး ..ဆိုက်ကားနင်းရင်း အိမ်ကို ၀င်ပို့ပေးရသေးသည်။

နေခြစ်ခြစ်တောက် ပူနေလည်း ကိုစိုးနိုင်တို့ အပြုံးတစ်ဝေေ၀ အလုပ်လုပ်သည်။ မိုးတစ်ဗြောဗြော ရွာနေလည်း ကိုစိုးနိုင်တို့ ရွှင်ရွှင် မြူးမြူး အလုပ်လုပ်နေသည်သာ။

(၃)
ဟကောင် စိုးနိုင် ….ဒီလောက်ကြီးပူနေတာ အေးအေးဆေးဆေး ဂိတ်ထိုးပြီး နားပါဦးဟ၊ ဒီအချိန် ဒီလောက် ပူခြစ်တောက်နေတာ …ဘီလူးတောင် အစာရှာ မထွက်ဘူး …ခွီးတယ်မှပဲ ။

ဘ၀တူရောင်းရင်း အချို့က ဤသို့ဤနှယ် တားယူ ပြောယူရသည့် သူမျိုး။

ဘီလူးအစာရှာ မထွက်တာက ဘီလူးပျင်း မို့ နေမှာပေါ့ဗျ။ ကျွန်တော်ကတော့ ရှာရမယ် ..မရှာလို့မရဘူးဗျို့ …၊ ချစ်ဇနီးလေး အတွက် ၊ ချစ်ဇနီးလေးအတွက် ။

ကိုစိုးနိုင်ကား …ဤသို့လူ ။ ဤမျှကောင်းသော ယောကျာ်း ရထားသည့်တိုင် ကျော့ကျော့ဆွေကား  လိမ္မာ ရေးခြား ရှိမည် ၊ နားလည်မှု ရှိမည် မထင်လေနှင့်။ စာအုပ် အငှားဆိုင်က ကိုချစ်ပု နှင့် အီစီကလီ လုပ်ချင်သည်။ ကျူရှင်ဆရာမောင်မောင်ဝင်း ဆိုသူနှင့် ဒူးပုတ်ပေါင်ပုတ် အနေလျော့ရဲသည် ဟု သတင်း ထွက်ပြန်သည်။ ဒါတင်ပဲလား မဟုတ်။ စိတ်အလိုမကျလျှင် ကိုစိုးနိုင်ကို ဆူသည်၊ ဆောင့်သည်။ ဒီ့ထက် ပိုစိတ်ကောက်လျှင် အိပ်ခန်းထဲ ပေးမ၀င်။ အပြင်မှာ ဖြစ်သလို အိပ်ခိုင်းတတ်သည်။ ယောကျာ်းနိုင်ဆေး ရထားသည် ဟု ပင် သတင်းကြီးလှသည့် မိန်းမလှမျိုး။
(၄)
မခံချင်သော ညီအစ်ကိုဝမ်းကွဲ ဖြစ်သူ ကိုတိုးမောင်ကတွေ့တိုင်း ကိုစိုးနိုင်ကို ပြစ်ပြစ်နှစ်နှစ် ပြောတတ်သည်။

ဟေ့ကောင် စိုးနိုင် မင်း နွားလား ….ဟင်၊ ဒီလောက် တုံးရသလား။ နွား …နွားလိုကောင်၊ နွားလိုရုန်း ပြီး နောက်ဆုံး သေရမယ့်ကောင်။

စသည်ဖြင့် ပြင်းပြင်းထန်ထန် ဂရုဏာ ဒေါသောဖြင့် ပြောသည့်တိုင် ကိုစိုးနိုင်ကား အပြုံးမပျက်။
အေး ဟုတ်တယ်။ နွား ဆိုတော့ကော ဘာဖြစ်လဲ ။ ငါ မြက်ကြိုက်တယ်။ ငါ့ဒုက္ခကို ငါချစ်တယ်။ ထင်ချင် သလို ထင်ကြ ။

စသည်ဖြင့် အေးအေးလေး တုံ့ပြန်ပြီး ၊ ရှေးမူမပျက် နေတတ်ခဲ့သည့်သူ။ ပတ်ဝန်းကျင်က  အံ့ဖွယ်လူသား စာရင်းတွင် ထည့်သွင်းထားခြင်းမျိုး ခံနေရသော ..ဒီလောက်ချစ်သည့် ဒီလိုလူက နောက်မိန်းမ ထယူသွားပြီ၊ ကျော့ကျော့ဆွေကို ပစ်ထားခဲ့ပြီ ဟူသည့် သတင်းထွက်လာသော အခါ  တစ်ရပ်ကွက်လုံး ဟေ ကနဲ ဟင်ကနဲ ဖြစ်ကုန်ကြရလေသည်။

(၅)


ပေါ့ပေါ့နေတဲ့ ကျော့ကျော့ဆွေ

ကျော့ကျော့ဆွေသည် အဆူအဖြိုး အချိုးအကွေ့ အဝေ့အ၀ိုက် အ၀န်းအဖြောင့်တွေ နေရာတစ်ကျ ရှိလှသည့်  ဖြူနုထွား မိန်းမချောမျိုး ဖြစ်သည်။ မိန်းမလိုက်စားချင်သူများ အလွန်တရာ မျက်စိကျလှသည့် ဖြောင့်ဖြောင့် တောင့်တောင့် မိန်းမလှမျိုး ဟုလည်း ဆိုနိုင်သည်။ ကျောင်းနေစဉ်ကတည်းက လိုက်ကျသည့် သူတွေ ဒုနှင့်ဒေး ပေါသည်။ သူဌေးသားလေးတွေ၊ လူ့ဘော်ကျော့လေးတွေက အများဆုံး၊ အကဲဆုံး အသဲဆုံး။

ဒါမျိုးဆို ကျော့ကျော့ဆွေတို့ကလည်း သိပ်သဘောကျသည်။ မိန်းကလေးပဲနော် သဘောမကျပဲ နေမလား။ ကိုယ့်ကို ချစ်တဲ့သူပေါတာ သဘောကျစရာပေါ့။ ကျော့ကျော့ဆွေက ဒီ့ထက်ပိုသည်။ ကိုယ့်ကို လာချစ်လို့ ကတော့ ကိုယ်က ပြန်ချစ်ပစ်လိုက်ချင်သည်။ မိန်းကလေးတစ်ယောက် စောင့်ထိန်းအပ်တာတွေ ကျော့ကျော့ဆွေ အလေးမထား။ ဖြစ်ချင်စိတ်ပေါ်လာလျှင် ဖြစ်ပစ်လိုက်သည်။ ချစ်ချင်စိတ်ပေါ်လာလျှင် ချစ်ပစ်လိုက်သည်သာ။

အနေအထိုင် စည်းမရှိသည့် ကျော့ကျော့ဆွေသည် ဆယ်တန်းဖြေပြီး နောက်ဆုံးနေ့မှာပင် ယောကျာ်း နောက် ကောက်ကောက်ပါအောင် ခိုးရာလိုက်ခဲ့သည်။ အတူနေသော အိမ်မှ ဂျီးဒေါ် အပျိုကြီး ဖြစ်သူ ကိုလည်း  ပိုးစိုးပက်စက် ဆဲဆိုသည့် စာတစ်စောင် ချန်ထားရစ်ခဲ့လိုက်သည်။ သူမအပေါ် တစ်စက်ကလေးမှ အကောင်း မမြင်တတ်သည့် ဂျီးဒေါ်အပျိုကြီးကို ခိုးရာလိုက်ပြေးသည့်နေ့မှာ စစ်ကြော်ငြာခဲ့ခြင်းပါပေ။

ကံများ ဆိုးချင်တော့ ကျော့ကျော့ဆွေ ခိုးခိုင်းသဖြင့် လာခိုးပါ့မည် ဟု ကတိပေးခဲ့သော ဘသားချောက အတည်ယူရမည် စိုးသဖြင့် မလာဘဲ ရှောင်နေခဲ့ပါတော့သည်။ ကားဂိတ်တွင် ညနေ နေ၀င်ရောရီအထိ မျက်စိသူငယ် နားသူငယ် ဖြစ်နေသော ကျော့ကျော့ဆွေ တစ်ယောက် ….ခိုကိုးရာမဲ့ဘ၀ ရောက်သွား ခဲ့သည်။ ဤသည်မှာပင် ကိုစိုးနိုင်နှင့် နဖူးစာ ကြံဖန်ဆုံမိဖို့  အကြောင်းရင်း ဖြစ်လာခဲ့သည်။

ကားဂိတ်တွင် ယောင်ချာချာ ဖြစ်နေသော ကျော့ကျော့ဆွေကို ဇိမ်ခေါင်းနှင့် တပည့်လူမိုက်နှစ်ယောက်က ကျားချောင်း ချောင်းနေခဲ့ကြသည်။ ဒါကို ကျော့ကျော့ဆွေကလည်း တစ်စတစ်စ ရိပ်မိလာပြီး ကြောက်ကြောက်နှင့် ဟိုနေရွှေ့လိုက် သည်နေရာရွှေ့လိုက် ဖြစ်လာသည်။ နောက်ဆုံး သမင်မလေး ချောင်ပိတ်မိတော့မည့် ဆဲဆဲတွင် …အစအဆုံး မြင်နေရပြီး မနေသာတော့သည့် ကိုစိုးနိုင်က ဆိုက်ကားဖြင့် ကျော့ကျော့ဆွေကို အိမ်ကအကြို ခိုင်းလိုက်သူပါ ဟု ခပ်တည်တည်ပြောပြီး ကယ်တင်လာခဲ့ရ၏။ အပျော်တမ်းကြည့် ဗွီဒီယိုဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းဆန်ဆန် အဖြစ်အပျက်မျိုးဖြင့် အစပြုခဲ့သော သူတို့ နှစ်ဦး၏ တွေ့ဆုံမှုက သည်မျှနှင့် ရပ်မရတော့ပြီ။

သွားစရာ နေရာမရှိတော့သည့် ကျော့ကျော့ဆွေ ၊ တစ်ကိုယ်တည်း နေသည့် လူပျိုကြီး ဆိုက်ကားဆရာ ကိုစိုးနိုင် အိမ်မှာ အလိုလိုသောင်တင်သွားခဲ့တော့သည်။ ပတ်ဝန်းကျင်က မူ ကိုစိုးနိုင် မိန်းမခိုး လာသည် ဟုသာ ထင်ကြသည်။  ကိုစိုးနိုင်ကလည်း လာမေးသူမှန်သမျှ  …လာ စပ်စုသူမှန်သမျှကို ..တစ်ခွန်း တစ်ပါဒမျှ မဖြေရှင်းဘဲ ..ပြုံးပြုံးကြီးသာ လုပ်နေခဲ့သည်။ နောက်ဆုံးတော့ ကျော့ကျော့ဆွေ တစ်ယောက် ပေါက်သည့် နဖူး မထူးတော့သဖြင့်  … ဆိုက်ကားဆရာကိုစိုးနိုင်ကို မောင်တော်ဘုရား အဖြစ် အားကိုး ရပါတော့သည်။ သည်နည်းအားဖြင့် ကိုစိုးနိုင်နှင့် ကျော့ကျော့ဆွေတို့ ညားခဲ့သည်။
ကိုစိုးနိုင်အဖို့တော့… ဘီလူးပြည်ကို နတ်ကညှာတစ်ပါး ပြုတ်ကျလာခိုက်…ကောက်ရသည့် ကံထူးရှင် ဘီလူးကဲ့သို့ အလား။  ပျော်သည် ။ မော်သည်။ ချစ်သည်။ တွယ်တာသည်။ ကျော့ကျော့ဆွေ အတွက်ဆို ဘာပဲ လုပ်ပေးရ လုပ်ပေးရ တန်သည်ဟု ယူဆခဲ့သည်။ လူပျိုကြီးများ အချစ်ကြီးတော့ ..ကြောက်ဖို့တောင် ကောင်းသေးတော့။
(၆)


မကြေးမုံ

မကြေးမုံကား အနောက်ပိုင်းရွှေမျှင် ရပ်ကွက်ထဲတွင်နေသူ။ စကားမပြောနိုင်သည့် ဆွံ့အနေသူလည်း ဖြစ်သည်။ မကြေးမုံသည် အသားညိုညို ထောင်ထောင်မောင်းမောင်းနှင့် သန်မာသော မိန်းမတစ်ယောက် ဖြစ်သည်။  ရုပ်ရည်က သာမန်မျှသာဟု ဆိုနိုင်သည်။  သို့သော် စကားမပြောနိုင်သော သူမ၏ မျက်လုံးများ ကမူ သာမန်လူတွေထက် များစွာလှပပြီး ၊ စကားပေါင်းများစွာလည်း ပြောနေတတ်သည့် မျက်လုံးလေးများ ဖြစ်နေသည်။ ထိုထူးခြားချက်မှအပ မကြေးမုံသည် သာမန်မိန်းမ တစ်ဦးသာ။ သို့ပေမင့် မကြေးမုံသည် စီးပွား အရှာအဖွေ တော်သည်။ ကုန်စုံဆိုင် နှစ်ဆိုင်ကို သူမတစ်ဦးထဲ အုပ်ချုပ်ပြီး ဖွင့်ထားသည်။  အကူ မိန်းကလေး ငါးယောက် ကို လခပေးထားနိုင်သည်အထိလည်း သူမ အလုပ်က အရှိန်အဟုန်ပါသည်။ နေအိမ်တွင် ဆိုင်တစ်ဆိုင် နှင့် ဈေးတွင် ဆိုင်တစ်ဆိုင် ဖွင့်ထားနိုင်သော သူမ၏ ဘယ်ညာလက်နှစ်ဖက်မှာ ရွှေလက်ကောက်တွေ ပြည့်နေသည်။
အဲ…စကားမပြောတတ်လို့များ အထင်မသေးလေနှင့် ။ အတွက်အချက် ကောင်းကောင်းရသည်။ မိန်းမသား ဆိုပြီးလည်း စော်ကားမော်ကား လုပ်မည် မကြံလေနှင့် ..ဒေါင်ကောင်းသလောက် လက်မြန်သည့် မိန်းမ။ ဈေးထဲက ဈေးကောက် မောင်စိန်သန်းတော့ ထိကပါး ရိကပါး စကားစမိသဖြင့်  ရှေ့သွားနှစ်ချောင်း ကျွတ်ထွက်သွားအောင် အရိုက်ခံခဲ့ရပြီး လျော်ကြေးငွေ ဖြင့် ဆန်ပြုတ်သောက်ခဲ့ရဖူးသည်။
သူဌေးမကို လင်တော်ပြီး သူဌေးမင်းလုပ်ဖို့ အကြံရှိခဲ့သော မောင်စိန်သန်းမှာ သွားကျိုးစိန်သန်းဘွဲ့သာ ရသွားခဲ့လေသည်။ ဒီလောက်ကြမ်းသည့် သွက်သည့် ထက်သည့် မကြေးမုံသည် ….ကိုစိုးနိုင်ကိုမူ တုန်နေအောင် ကြိုက်သည်ဟု ဆိုကြသည်။ တစ်ကယ်တော့လည်း မကြေးမုံဟူသည်က   ကိုစိုးနိုင် တစ်ယောက် မိန်းမမရခင်ကတည်းက ..ကိုစိုးနိုင်အပေါ် မေတ္တာတော်သက်ဝင်လို့ ....မိန်းကလေးမို့  မစသာ သလို၊ အအမလေးမို့ …မပြောသာခဲ့သည့်သူ။

ဈေးအသွား ဈေးအပြန်ကို ကိုစိုးနိုင် ဆိုက်ကားမှတစ်ပါး အခြား ဆိုက်ကားလုံးဝမစီး။ အကြောင်း ကြောင်းကြောင့် …ကိုစိုးနိုင် ဆိုက်ကားမအားသည့်တိုင် လာသည်အထိ စောင့်တတ်သူ။  လုံးဝမလာလျှင် သော်မှ … ခြေလျင်ပဲအိမ်ကိုပြန်တတ်သည်။ ငါးစိမ်းသည် ဒေါ်မူကတော့ ….မကြေးမုံ ကိုစိုးနိုင်ကို ကြိုက်ပုံကို  ဤသို့ပြောလေသည်။

ဟဲ့ မိကြေးမုံတို့များ …. စိုးနိုင်ကို ကြိုက်လိုက်ပုံက အနေတဲ့ ပါးစပ်ကတောင် အသံအူးအူး ထွက်တယ် ဟေ့…တဲ့ ။

မှန်ပါသည်။ ရှင့်ကို ကျွန်မ ချစ်တယ် လို့ မပြောနိုင်တဲ့ နှုတ်ဖျားက….ခဏခဏ ထွက်လာတဲ့ အူးအူး …အဲအဲ အသံတွေကိုသာ ဘာသာပြန်တတ်မယ်ဆိုရင်…ကိုစိုးနိုင်ရယ်..ကြေးမုံက ရှင့်ကို သိပ်ချစ်ပါတယ် လို့ပဲ ဖြစ်နေပါလိမ့်မည်။

ကိုစိုးနိုင် မင်္ဂလာဆောင်တော့ …မကြေးမုံ အအမလေးရဲ့ မျက်လုံးလှလှလေးတွေမှာ မျက်ရည်စတို့ တွဲခို ခဲ့သည်။ ငါးစိမ်းသည် ဒေါ်မူ၏ ပုခုံးကို မျက်နှာထိုးအပ်ရင်း … အားးး ၀ါးးး အော်လို့  ဆို့နစ်မေ့မျော သွားခဲ့ဖူးသည်။ အဲဒီ့လောက် ချစ်ရှာသော မကြေးမုံကို ကိုစိုးနိုင်သည် ဂရုဏာမှတစ်ပါး မေတ္တာတော် မထားနိုင်ခဲ့ရှာ။  လူဆိုသည်မှာ ကိုယ့်ဒုက္ခကိုယ်ရှာသည့် အမျိုးပေမို့ ….နွားလိုကျွဲလိုရုန်း ကျွေးရမည့် ကျော့ကျော့ဆွေ ကို ..ပုခုံးထမ်းတင် သံယောဇဉ် ဖွဲ့ခဲ့မိလေသည်။  ……………မည်သို့ပင်ဖြစ်စေ ဤသုံးပွင့်ဆိုင် ဇာတ်လမ်းလေး၏ အဆုံးသတ်ကို ၀ါးလုံးတပ်လို့ ထိုးချလိုက်သူ ကတော့………………………………………။
(၇)

ယောကျာ်းကို နိုင်စေမည့် အဆောင်ယတြာအစီအရင် ဆောင်ရွက်ပေးနေပါပြီ။

လင်တော်မောင် အိမ်မကပ်လို့ …ပိန်ကပ်နေအောင် စိတ်ဆင်းရဲနေသလား …ဆရာမကြီးနှင့်လာတွေ့ပါ။ 

ယောကျာ်းလုပ်သူ …ခြေလှမ်းပျက်လို့  … မြွေဖမ်းထွက်နေတာကို … ဆုံးမချင်သလား ….ဆရာမကြီးနင့် လာတွေ့ပါ။

မယားငယ်ကို အမျက်ထန်လို့  လက်တုန့်ပြန်ချင် သလား ……… ဆရာမကြီးဆီသာ ကြွခဲ့ပါ။
ယောကျာ်းလုပ်သူ  ... အသောက်အစားရှိလို့ …မှောက်မှားမိမှာ စိုးနေသလား ….ဆရာမကြီးဆီသာ မြန်းခဲ့ပါလေ။

မိန်းမသားချင်းချင်း  အင်မတိ အင်မတန်  ကိုယ်ချင်းစာစိတ်ဖြင့် ….အပြည့်အ၀ တာဝန်ယူ ဆောင်ရွက် ပေးနေပါပြီ။

ငွေလာလာ …ရွှေလာလာ…အိုးးးလာလာ ..ဟေးးးလာလာ…  ဆရာ့ဆရာမကြီး ခုနှစ်အိမ်တန်းက မဂျမ်းဘုံ …တဲ့။

ဂျာနယ်စုံဖတ်၊ ဂမ္ဘီရလိုင်း မဂ္ဂဇင်းတွေထဲက ကြော်ငြာစုံဖတ်ရင်း …..ငြိမ်ငြိမ်မနေ ..ထကမြင်းချင်တဲ့ ..ကျော့ကျော့ဆွေ တစ်ယောက် ..ထိုဆရာ့ဆရာမကြီး ဆိုသူထံ ရောက်ခဲ့သည်။  ပယ်ပယ်နယ်နယ် နိုင်စား ရထားသော ယောကျာ်းဖြစ်သူ ကိုစိုးနိုင်ကို …ဒီ့ထက်ကြီးတဲ့ နဖားကြိုး ထိုးနိုင်ရန် ဆရာမကြီးထံ ဆည်းကပ် ခဲ့သည်။ ဆရာမကြီးကလည်း  ….အပီအပြင် လမ်းညွှန်ပေးလိုက်သည်။

ထမိန်အထက်ဆင်နှင့် ပတ်ထားသော ဂ၀ံရုပ်လိုလို ..မပီမပြင် ..ပုံဆိုးပန်းဆိုး အရုပ်လေးတစ်ခုကို ကိုစိုးနိုင် ခေါင်းအုံးထဲ ကိုစိုးနိုင်မသိအောင် ထဲ့ထားရန် တစ်ထောင်တန် အထပ်လိုက်ကို လက်ခံပြီး …အကြံပေး စီရင်ပေး လိုက်လေသည်။

အိပ်ယာဝင်လျှင် ခေါင်းဦးအောက် လက်လျှိုသွင်းပြီးမှ အိပ်တတ်သော ကိုစိုးနိုင်အတွက် …ခိုးလိုးခုလု အရုပ်က …ပြဿနာ၏ အစ ဖြစ်ခဲ့လေပြီ။  ဘုန်းကြီးကျောင်းမှာ ဘ၀အစ ပြုခဲ့ရသော  ကိုစိုးနိုင်အတွက် ..ကြည့်လိုက်တာနှင့် ဒီအစုတ်ပလုတ် အရုပ်က ဘာဆိုတာ …တန်းသိသည်။ အိမ်ထောင်သက် တစ်လျှောက်လုံး ချစ်မေတ္တာစုံမက်မှုဖြင့် …မျိုးစုံ သည်းခံလာခဲ့သည့် ကိုစိုးနိုင်တစ်ယောက် ပေါက်ကွဲခဲ့ ပါတော့သည်။
နင်…….လောက် မိုက်မဲယုတ်မာတဲ့ မိန်းမမရှိတော့ဘူး …. ကျော့ကျော့ဆွေ။ ခေါင်းအုံးဆိုတာ မြင့်မြင့်မြတ်မြတ် ထားရတဲ့ …အရာ။ ယောကျာ်းဆိုတာ အိမ်ထောင်ရဲ့ အရှင် …နင့်ကို ထမင်းနပ်မှန်အောင် ရှာဖွေ ကျွေးမွေးနေတဲ့ အိမ်ဦးနတ်။ နင့်ဘ၀ကို ကာကွယ်ပေးထားတဲ့ …တံတိုင်း ။ ဒါတွေအားလုံးကို နင်စော်ကားတယ်။ ငါ နင့်အပေါ် လိုလေသေးမရှိ  ..ငါ့ရှိတဲ့ အစွမ်းမှန်သမျှနဲ့ ရှာဖွေကျွေးမွေးခဲ့တာ …ဒီလို ယုတ်နိမ့်တဲ့ အဆောင်တွေ အစီအရင်တွေကြောင့်များ ထင်သလား။ နင့်ကို ငါချစ်တယ်။ အရင်ကလည်း ချစ်တယ်။ ခုလည်း ချစ်တယ်။ ဒါပေမယ့် မိန်းမယုတ်ကိုတော့ ငါမပေါင်းဘူး။ နင့်ထိုက်နဲ့ နင့်ကံ ….နေရစ်ခဲ့ပေတော့။

ကိုစိုးနိုင်  ဒါပဲ ပြောခဲ့သည်။ လှေကားသုံးထစ်ကို  တစ်ထစ်ချင်း မဆင်း။ လွှားခနဲ ကျော်ဆင်းခဲ့သည်။
(၈)
ကိုစိုးနိုင်သည် ဆိုက်ကားမနင်းတော့ပါ။
မကြေးမုံသည် …ကိုစိုးနိုင်နှင့် ပေါင်းသင်းရာမှ ….သားလေးတစ်ယောက် သမီးလေးတစ်ယောက် ထွန်းကားသည်။ ကျော့ကျော့ဆွေ တစ်ယောက် ကိုစိုးနိုင် ဆင်ပေးထားသမျှ လက်ဝတ်လက်စားလေးကို ယူကာ …နယ်ရှိ ဆွေမျိုးများထံ ပြန်သွား ခဲ့သည်ဟု အိမ်နီးနားချင်းများက ဆိုကြသည်။

ကိုစိုးနိုင်သည် ..သူပိုင်ဆိုင်ခဲ့ဖူးသော ကျော့ကျော့ဆွေနှင့် နေခဲ့ဖူးသည့်  အိမ်လေးနှင့် ဆိုက်ကားကို ရောင်းပြီး …ရိပ်သာတစ်ခုတွင် ဥပုပ်သည်များအတွက် ကျောင်းဆောင်လေးများ ဆောက်လုပ်လှုဒါန်း ပစ်ခဲ့သည်။

ကိုစိုးနိုင်နှင့် မကြေးမုံတို့၏ အိမ်တံခါးဝတွင်မူ .. ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားသည်ကို တွေ့ရပေသည်။ ထိုဆိုင်းဘုတ်သည် သတိပေး ဆိုင်းဘုတ် တစ်ခုဖြစ်ပြီး အောက်ပါအတိုင်း ရေးသားထားလေသည်။
ဗေဒင်ဆရာ/ဆရာမ မှန်သမျှ  လုံးဝ မ၀င်ရ။
………………………………………………………..
…………………………………………………………..
…………………………………………………………………….။

ကိုစိုး
ဒီဇင်ဘာ ၂၉ ၊ ၂၀၁၁ခုနှစ် ၊ ကြာသာပတေးနေ့ နေ့ခင်း ။ ၂နာရီ ..၁၂မိနစ်။
(အမှန်တစ်ကယ် ဖြစ်စဉ်များ ကို ကျောရိုးပြုပြီး ဖြည့်စွက် ခံစားရေးဖွဲ့ပါသည်။ )
phone 01 618 469

Post a Comment
 

Posts Comments

©2006-2010 ·TNB