အမည်သုတ အဖြာဖြာ

Monday, January 16, 2012



ဂန္ဓာရုံ ပညတ် အမည်များ
မြန်မာလူမျိုးတွေ အများအပြားမှည့်ခေါ်လေ့ရှိတဲ့ အမည်တစ်မျိုးကတော့  သင်း   ဆိုတဲ့ ပညတ် တစ်ခု ဖြစ်ပါတယ်။ ပမာအားဖြင့် … သင်းရနံ့ ၊ သင်းသင်းဆွေ၊ သင်းပျံ့နွေး၊ သင်းမြမြဦး၊ စသည်ဖြင့်ပေါ့ …သင်း နဲ့ အစပြု မှည့်ခေါ်လေ့ ရှိကြတာကို တွေ့ရှိရပါတယ်။


ကျွန်တော်ပြောချင်တာကတော့  သင်းနဲ့ အစပြု မှည့်ခေါ်ထားတဲ့ အမည်ရှင်တွေဟာ အင်မတန်မှပဲ အနေအထိုင် ပိရိ စေ့စပ်ရပါတယ်။ သီလ စောင့်ထိမ်းမှု လျော့ရဲ လို့ လုံးဝ အတိမ်းအစောင်းမခံ တဲ့ အမည်မျိုးတွေပါ။  သင်း  ဟာ ဂန္ဓာရုံဆိုင်ရာ ပညတ်တစ်မျိုး ဖြစ်ပါတယ်။ ရနံ့နဲ့ ဆိုင်တဲ့ ပညတ်ပီပီ ….အနေအထိုင် မှားလိုက်တာနဲ့ မကောင်းတဲ့ ရနံ့ (တနည်းအားဖြင့်)  အပုပ်နံ့ ထွက်လွယ်တဲ့ သဘာဝ သင့်နေတဲ့ ပညတ် ဖြစ်နေပါတယ်။

မကောင်းတဲ့ အမည်မျိုးတော့ဖြင့် မဟုတ်ပါ။ ကောင်းတဲ့ ပညတ် ကောင်းတဲ့ အမည်မျိုးသာ ဖြစ်ပါတယ်။ သို့သော် ...လျှပ်စီးလက်နေမယ့် မိန်းကလေးမျိုးတွေ၊ မိမိကိုယ်မိမိ တန်ဖိုးမထားဘဲ ထင်သလိုနေမိမယ့် မိန်းကလေးမျိုးတွေ၊ မိဘလူကြီးအုပ်ထိမ်းမှု လျော့ရဲစေမယ့် မိန်းကလေးမျိုးတွေ၊ သန္ဓေဆိုးနဲ့ မွေးဖွားလာတဲ့ မိန်းကလေးမျိုးတွေ အတွက် တော့ ..သင်း ဆိုတဲ့ ပညတ်မှည့်မိခဲ့ရင် ….မျိုးကောင်းရိုးကောင်းထဲမှာ ပေါက်ဖွားလာသည့်တိုင်အောင် သူတစ်ပါး နှာခေါင်း ရှုံ့ခံရတဲ့ အဖြစ်မျိုးနဲ့ ဘ၀ကို ရှင်သန်ဖြတ်သန်း ရပါလိမ့်မယ်။
သာမန် မိန်းကလေးမျိုးတွေမှာတောင် သင်းနဲ့ မှည့်ခေါ်ထားမိသူများ အဖို့ တစ်ခါတစ်ရံမှာ …သွားပုပ် လေလွင့် အပြောခံရမှုတွေ များပြားလာတာမျိုး မကြာခဏ ကြုံလာရတာ သတိပြုမိကြပါလိမ့်မယ်။  အဓိက တိုက်တွန်း လိုတာက  သည်ပညတ်မျိုး အမည်မျိုးနဲ့ မှည့်ထားမိပြီ ဆိုမှဖြင့် သီလကို သူတစ်ပါးထက် လုံအောင် ထိမ်းနိုင်အောင် ကြိုးစားကြပေတော့ ။  အလားတူပဲ …ရနံ့နဲ့ဆိုင်သော ကုသိုလ်အ၀၀ ကို လုပ်နိုင် သလောက် လုပ်ကြပေတော့လို့ တိုက်တွန်းလိုက်ရပါတယ်။

အဲ…ကိုယ်ကျင့်သီလကလည်း ကောင်း ၊ သန့်သန့်ရှင်းရှင်း သပ်သပ်ရပ်ရပ်ကလည်း နေတတ်မယ် ဆိုရင်တော့ ဒီနာမည်ရှင်မျိုးတွေဟာ အင်မတန် ဂုဏ်သတင်းကြီး လွယ်ကြသလို ၊ ထင်ရှားကျော်ကြားသော သူမျိုးတွေ အဖြစ် ဘ၀ရပ်တည်ခွင့် ရရှိနိုင်ကြပါလိမ့်မယ်။ အဲဒီ့လိုပါပဲ…သင်း ဆိုတဲ့ ပညတ်အပြင် ၊ မွှေး၊ နံ့သာ၊ ကြူ၊ ကြိုင်၊ …စသည်ဖြင့်သော ပညတ်တွေဟာလည်း ဂန္ဓာရုံ ပညတ်တွေ ဖြစ်တဲ့အတွက် …အလားတူ မှတ်ယူ ထိမ်းသိမ်းနိုင်ကြပါစေလို့ …….ရေးသားတင်ပြပေး လိုက်ရပါတယ်။

အထက်ပါကဲ့သို့သော အမည်ရှင်များ အားလုံးအဖို့ … အဆုတ် နဲ့ လေရှုပြွန်စနစ်ပိုင်းဆိုင်ရာ ရောဂါ ဥပဒ်များလည်း ကျရောက်လွယ်သလို…လေထုမှတစ်ဆင့်ကူးစက်နိုင်သော ရောဂါဘယ တို့လည်း ရလွယ် ကူးလွယ်တာကို သတိချပ်မိဖို့ လိုအပ်ကြောင်း ဆိုရင်း…………..။

တနင်္လာ + စနေ  အမည်ရှင်များ
အလွန့်အလွန်ပေါများလှပြီး  မကြာခဏတွေ့ရှိရတဲ့ အမည်အမျိုးအစား တစ်ခုကတော့ တနင်္လာနံ အစပြုပြီး+ စနေနံ အဆုံးပြုထားတဲ့ အမည်ရှင်တွေပဲ ဖြစ်ပါတယ်။ ဂြိုဟ်အချင်းချင်းမှာ စနေဟာ တနင်္လာဂြိုဟ်ကို …လူကြီးက ပုခက်အတွင်းက ကလေးကို နိုင်သလိုမျိုး  ..အနိုင်ယူနိုင်စွမ်းတဲ့ ဂြိုဟ်ဖြစ်ပါတယ်။ ဂြဟကာရကချင်းလဲ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အဆိုပါ ဂြိုဟ်နှစ်မျိုးကို အမည်မှာ တွဲစပ် မှည့်ခေါ်လိုက်တာဟာ တော်တော်လေးကိုလည်း မလျော်မကန်တဲ့ သဘာဝ ရှိပါတယ်။ အထူးသဖြင့်တော့ …ယခုကဲ့သို့သော တစ်ခုကြွင်း မဟာဘုတ်ဇာတာခွင် နှစ်မျိုး နဲ့ ခြောက်ခုကြွင်း မဟာဘုတ် ဇာတာခွင် နှစ်မျိုး မှာ မွေးဖွားလာသူတိုင်းအတွက်တော့ ….မဖြစ်မနေ ရှောင်ရှားဖို့ လိုအပ်တဲ့ အမည်မျိုး ဖြစ်တာကို သတိပြု မိကြဖို့ တင်ပြရေးသားပေးလိုက်ရပါတယ် ။

မိုးကောင်းကင်ရဲ့  အမည်များ
မြန်မာလူမျိုးအများ မှည့်ခေါ်လေ့ရှိသော အခြားသော အမည်တစ်မျိုးကတော့ …. ကောင်းကင်နဲ့ သက်ဆိုင်သော အမည်များပဲ ဖြစ်ပါတယ်။ ပမာအားဖြင့်  ….မိုးအာကာ ၊ အာကာမောင်၊ ဝေယံထွန်း၊ ထက်ဝေယံ၊ ဇေယျာမိုး ..စသည်ဖြင့်သော ….အမည်များဖြစ်ကြပါတယ်။  အဓိအားဖြင့်တော့ ..မိုး၊ အာကာ၊ ဝေယံ စသော ကောင်းကင် အမြင့်ဆိုင်ရာ ပညတ်တွေ အသုံးပြုမှည့်ခေါ်ကြခြင်းပဲ ဖြစ်ပါတယ်။
အဆိုပါအမည်မျိုးတွေဟာ ပညတ်အင်အားကောင်းမွန်မြင့်မား ကြတာကြောင့်  လူတိုင်းနဲ့ ကိုက်ညီသော အမည်ပညတ်တွေ မဟုတ်ပါ။ သာမန်ဇာတာရှင်တွေမှာ ဒီနာမည်ပညတ်မျိုးတွေ မှည့်ခေါ်လိုက်ပြီ ဆိုတာနဲ့ ဘ၀တစ်လျှောက်မှာ အနှိမ်ခံရခြင်း၊ အမြင့်မှ ပြုတ်ကျရခြင်း၊ ရာထူး အဆင့်အတန်း မမြဲမြံခြင်း ၊ ရုတ်တရက် နိမ့်ကျတတ်ခြင်း စတဲ့ ကံတရားတွေ ကြုံလာရတတ်ပါတယ်။

အမည် နဲ့ လူဟာ လိုက်ဖက်ညီမှလည်း ကောင်းမွန်သော အကျိုးကျေးဇူးကိုပြုပါတယ်။ အမည်က မောင်မိုး  လူက ပုပြတ်ပြတ် ဖြစ်နေရင် ..၊ ဘုန်းကြီးလို့သက်မရှည်..သက်ရှည်လို့ ဘုန်းမကြီး ဆိုသလို …ဘ၀ခရီးမှာ အဆီအငေါ် မတည့်မှုတွေ အများအပြား ပေါ်ပေါက်ကြုံတွေ့လာရတတ်တာ အမှန်ပါ။ အဲဒီ့လိုပါပဲ အမည်က အာကာမောင် ..လူက …မြင့်မြင့်မတွေး မြတ်မြတ်မကျင့် သူမျိုးဖြစ်နေခဲ့ရင် ..သူတစ်ပါးအပေါ်လွှမ်းမိုးနိုင်ဖို့ ဝေးလို့ ..ခိုင်းဖတ်မဖြစ်ရင်တောင် ကံကောင်းလို့ ဆိုရမယ့် ဘ၀ဖြစ်စဉ်တွေ ပေါ်ပေါက်လာတတ်ပါတယ်။
ဒါကြောင့် မိမိတို့ ရင်သွေးငယ်တွေ နာမည်မှည့်ပေးရာမှာ မိဘများအနေနဲ့ အလွန်သတိချပ်အပ်လှပါတယ်။ ကောင်းသည်ထက် ကောင်းအောင် ညွန့်သည်ထက် ညွန့်အောင် ကိုယ့်သားသမီးကို နာမည်ပေးလိုက်တာက အကြောင်း မဟုတ်ပါဘူး။ မှည့်လိုက်တဲ့ နာမည်က အရမ်းမြင့်နေ မြတ်နေပြီး ၊ ဆိုင်ရာရင်သွေးငယ်က မူလဇာတာအရ ဖြစ်စေ..သူကျင်လည်ဖြတ်သန်းရာ ဘ၀ပေးအခြေအနေအရဖြစ်စေ…စိတ်နေကိုယ်ကျင့် မမြင့်မားနိုင်ခဲ့ရင် …သူမှည့်ထားတဲ့သူနာမည်က သူ့ကို ပြန်ပြီးဒုက္ခပေးလာတတ်တယ် ဆိုတာလေးတော့ သဘောပေါက်ထားကြဖို့ လိုပါလိမ့်မယ်။

ကိုယ်တွေ့ကြုံဖူးသမျှ အမည်ရှင်များ အကြောင်း တစ်စိတ်တစ်ဒေသ

သင်းပျံ့လို့ မမွှေးနိုင်သည်………….


ကောင်မလေးက …သောကြာသမီး အထွန်းဖွားပါ။ နာမည်ကို သောကြာနံအစ ..+ ကြာသာပတေးနံအဆုံး မှည့်ခေါ် ပေးထားပါတယ်။ ဆိုတော့ ..သာမန်အားဖြင့်ကြည့်ရင် ( ဟာ ခင်ဗျားသမီး က အထွန်းဖွားပဲ ။ နာမည်ကလည်း ရာဇမှာ အဆုံးသတ်ထားတော့ တယ်ကောင်းပေါ့) လို့ ဆိုချင်စရာပါ။

အထက်မှာ ကျွန်တော် ဆိုခဲ့သလိုပါပဲ ။ နာမည်ရဲ့အစကို ..သင်းနဲ့ မှည့်ခေါ်ထားပါတယ်။ အဆုံးစာလုံး ကတော့ ကြာသာပတေးနံနဲ့ … မော် ဆိုပြီး မှည့်ထားတာပါ။ နာမည်အပြည့်အစုံ မဖော်ပြလိုတာကတော့  စာရေးသူ နယ်မှာ နေစဉ်က တစ်ရပ်ထဲ နီးနီးနားနားက မိန်းကလေး ဖြစ်နေတာကြောင့်ပါပဲ။

လိုတိုရှင်းပဲ ပြောပါ့မယ်။ ကလေးမလေးရဲ့ မိဘနှစ်ပါးက လောင်းကစားမှုနဲ့ ထောင်ကျ၊ မအေက နာမည်ပျက် ခပ်ရှုပ်ရှုပ် ။ ဆိုတော့….ကလေးမလေးကလည်း ဆိုဆုံးမသွန်သင်ပေးခံရမှု ၊ လမ်းမှန် ညွှန်ပြခံရမှု ကင်းဝေးရှာပါတယ်။ ရှစ်တန်းလောက်မှာ ..ကြေးကြီး ပြည့်တန်ဆာ ဘ၀ကို အမေ့လမ်းစဉ် လိုက်ပြီး မိုက်မိုက်မဲမဲ လျှောက်ခဲ့ရပါတယ်။ နောက်..သုံးလေးနှစ်နေတော့..နယ်စပ်တွေအထိ အသွားအလာ များပြား ကျယ်ပြန့်လာတယ်။ အသက်အရွယ် နှစ်ဆယ်မပြည့်မီမှာပဲ …အေအိုင်ဒီအက်စ်ရောဂါလော ဘာလော မသိရတဲ့ ရောဂါသည် ဘ၀နဲ့ ဇာတ်သိမ်းသွားရရှာတဲ့ ကလေးမလေးပါ။

ကဲ….မှည့်ထားတဲ့ သင်း…..က  နာမည်ဆိုးနဲ့ နှာခေါင်းရှုံ့ခံရတဲ့ ဘ၀ ကိုပဲ သူမကို ပေးစွမ်းနိုင်ခဲ့ပါတယ်။  မှည့်ထားတဲ့ မော်  က…မော်နိုင်ကျော်နိုင် …ခေါင်းမော်နိုင်တဲ့ ပုံရိပ်။ လက်တွေ့မှာက ခေါင်းကို မဖော်နိုင်တဲ့ အထင်သေးအမြင်သေးခံ ဘ၀ ကိုသာ အာနိသင်ပြုပေးလိုက်ပါတော့တယ်။

ကဲ…ကိုယ့်ဆရာ ရွှေမဟာဘုတ်သမားတို့ရေ….သောကြာအထွန်းဖွား နှော…..။ နာမည်ကလည်း ..အထွန်း+ရာဇ နှော…။ ဟိုကြိုးတွေ သည်ကြိုးတွေ ဆွဲပြီး….ဘာကြောင့် ညာကြောင့်တွေ …လျှောက်မရွှီး နေကြနဲ့တော့။ အဲဒါလက်တွေ့ဗျာတို့။ သောကြာသမီးမှာ ရာဇမှာ ရှိတဲ့ဂြိုဟ်ဟာ ..ဘာကြောင့် ကောင်းကျိုးကို ကောင်းကောင်းမပြုနိုင်ခဲ့သလဲ။ သောကြာသားသမီးတွေအတွက် ကြာသာပတေးဂြိုဟ်ဟာ ဘယ်လို ကောင်းကျိုးနဲ့ ဆိုးပြစ်တွေကို ပေးသလဲ။ သူမဖြတ်သန်းရတဲ့ ပထမဦးဆုံး အထွန်းဂြိုဟ်ဖြစ်တဲ့ သောကြာဂြိုဟ်အိပ် နှစ်ဆယ့်တစ်နှစ်ထဲမှာပဲ ဘာကြောင့် နှာခေါင်းရှုံ့စရာဘ၀ နဲ့ သူမ အသက် ဆုံးရှုံးသွားခဲ့ရသလဲ။ အထွန်းဂြိုဟ်အိပ် သက်ရောက်ခဲ့ရင် ကောင်းတယ်ဆိုသူတွေ၊ မရဏမှာ ဂြိုဟ်အိပ် သက်ရောက် ကြုံရင် ဆိုးတယ် ဆိုသူတွေ ….သတိချပ်ကြပါ။ စာအုပ်ထဲကနေ အပြင်ကို တစ်ချက် လောက်လေး ….ချောင်းကြည့်လိုက်ကြဖို့တော့ လိုပါလိမ့်မယ်။

ကဲ…ဒီတစ်ပုဒ်တော့ ဒီလောက်နဲ့ ရပ်လိုက်ကြပါစို့လား ။
အပ္ပမာဒေါစ …ဓမ္မေသု …ဧတံ မင်္ဂလ မုတ္တမံ ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
Phone / 01 618 469

Post a Comment
 

Posts Comments

©2006-2010 ·TNB