ဒီတစ်ခွန်းဆိုရင်ဖြင့် (၁)

Friday, February 10, 2012

အပိုင်း(၁)
(၁)
တော်တော်လေးကိုမှ မကျေနပ်စရာ ။ သင်းမြကို ဒင်းက  ရှိတယ်လို့မှ အောက်မေ့သေးရဲ့လားမသိ ။ အတော် သွေးအေးသည့် ယောကျာ်း  ။ မီးစနဲ့ ထိုးပြီး သွေးပူအောင်လုပ်လိုက်ရ မကောင်းဖြစ်ရောမယ်။ စိတ်ပေါက်ပေါက် ရှိသည်နှင့် အပျိုကြီး မသင်းမြတစ်ယောက် ..ကိုဘမိုး ကို ကြည့်ရင်း  မကျေမနပ် တွေးနေမိသည်။


ဟုတ်တော့လည်း ဟုတ်သည်။  မြို့က ဈေးကြီးပေးဝယ်ထားရသော  မျက်နှာချေအကောင်းစား လိမ်းကျံ ထားသဖြင့် နဂိုဖြူသော မသင်းမြသည် ..ယနေ့ပို၍ ဖွေးဖွေးဥကာ စိုမြမြ ဖြစ်နေ၏။  ဟိုတစ်လောကမှ အရီးလှ တူမလေး ဆီက ပြန်ဝယ်ထားသော အကောင်းစား ဖက်ဖူးရောင် အရိပ်ပန်းစ အ၀တ်အစားလေးနှင့် မသင်းမြ တစ်ယောက် ယနေ့ အလှကြီး လှနေသည်။ သုံးဆယ့်ခြောက်ကို လေးရက်စွန်းပြီ ဖြစ်သော်လည်း နှစ်ဆယ့်ခြောက်ကို လေးရက်လောက် ပေါင်းထားရုံဟု ထင်ရလောက်အောင်လည်း  နုနေသည်။ ဒါကို သင်းက ဖုတ်လေသည့်ငါးပိ ရှိတယ်လို့တောင် မထင် ။ ယောင်လို့ပင် ကြွက်တစ်လျှောက်စာ အမြင် လောက်လေး  ငေးကြည့်ဖော်မရ ။ မသင်းမြ တော်တော် ကို မကျေမနပ်ဖြစ်နေသည်။

(၂)
တစ်ကယ်တော့ မသင်းမြဟူသည်မှာ ..လင်လိုချင်လွန်းသဖြင့်  ပြာကလပ်စိန်ဖြစ်နေသော အပျိုဟိုင်း ကြီးတော့ မဟုတ်ပါပေ။ မသင်းမြ သည် မိန်းမကောင်းတစ်ဦး ဖြစ်သည်။ ကိုယ့်အားကိုယ်ကိုးပြီး နေခဲ့သည် ထိုင်ခဲ့သည်။ အဘ နှင့် အမ (အဖေ နှင့် အမေ)  မရှိတော့သည့်အချိန်တွင်  အရီးလှ  ကို အိမ်မှာ တင်ကျွေး ထားပြီး အဖော်ပြုကာ အပျိုကြီးဘ၀ဖြင့် ရုန်းကန်လာခဲ့သူ။ မသင်းမြကို ကြိုက်သူလည်း မရှား။ အစု အဆောင်း ရှိသဖြင့် ရွှေစငွေစ လယ်ပြရခိုင် အိမ်ကြီးမြိုင် ဖြင့် အလှကြီးမဟုတ်သည့်တိုင် အချောတစ်မူ ရှိသော မသင်းမြကို ကြိုက်တဲ့သူလည်း မရှား။  ဒါပေသိ … လူငယ်ပိုင်းတွေ ထဲကတော့မဟုတ်။  ရွာတောင်ပိုင်းက  ကုန်စုံဆိုင် ပိုင်ရှင် ကိုအေးမောင်  တို့လို ၊ အနောက်ဖက်ရွာက  သူကြီးညီ  ကိုကျော်စိန်ကြီး တို့လို ၊ မြိုင်သာမြို့ပေါ်က လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုဇော်ဝမ်းတို့လို …အသက် လေးဆယ် ကျော်ပြီး ဒွေးမယ်နော် ဖမ်းဖို့ တကဲကဲ လုပ်နေကြသည့် ကိုရွှေပုရိသတို့ကပါပေ။ 
နဖူးစာမင်ရည် မပါလေသည်မို့လားမသိ မသင်းမြကတော့ ..သင်းတို့လို ယောက်ကျပိုးကြီးများကို  ရွှေမေတ္တာ ပြန်လည်မသက်မိပေါင်  ။ ကုန်စုံဆိုင်ပိုင်ရှင်  ကိုအေးမောင်ကိုပဲကြည့် ..မျက်နှာမှာက ကျောက်ပေါက်မာ အခဲသားနှင့် ..ပဲများသည့် နေရာတွင်တော့ သူများထက်ပိုသည်။ သူ့ဆိုင်တွင် တင်ရောင်းသည့် ပုဆိုးအသစ်ဂေါက်တောက်တွေက သူများကို ရောင်းရသည်ထက် သူဝတ်ပြီး ရှိုးထုတ်ပြဖို့  သက်သက်ပင်လား အောက်မေ့ရသည်။ ဟိုအူကြောင်ကြား သူကြီးညီဆိုတာကကော ..တစ်နေကုန် ကြက်ဝိုင်းက မထသည့် လောင်းကစားပိုးကိုက်နေသည့် လူ့ဗာလနံ ၊ မြို့ပေါ်က ကိုဇော်ဝမ်းဆိုသူကတော့ မဆိုး ။ ဒါပေမယ့် မိန်းမအနံ့လေး ထွက်ချင်ချင် ၊ နဲနဲရှုပ်သည်ဟူသော သတင်းပလင်းလေးက  အရှိသား။ ဒီတော့ မသင်းမြ မစဉ်းစားချင်။  အဲ..ဒါဖြင့် ကိုဘမိုးကြီးကိုရော ။

(၃)
ကိုဘမိုး
သူက မသင်းမြပိုင်သည့် ခြံဝန်းကျယ်ကြီးထဲမှာပင် ၊ ခြံအနောက်မြောက်ဘက်ထောင့်ရှိ အိမ်ကလေးတွင် နေသူ ။ ကိုဘမိုး သည် အခိုင်းအစေလည်း မဟုတ် ။  ဆွေမျိုးသွေးသားလည်း မဟုတ်။ ကိုဘမိုးသည် တစ်ကယ်တော့ ဘယ်ကလာလို့ လာမှန်းပင် မသိရသည့်သူ  ။ ဒီလိုလူကို မသင်းမြက  ဘာကြောင့် မိမိပိုင် ခြံထဲတွင်  ထားဘိသနည်း။ အကြောင်းကလည်း ရှိခဲ့ပေသည်။ မသင်းမြ အသက်ကိုလည်းကောင်း၊  အရှက်ကို လည်းကောင်း၊ ဥစ္စာဓန ကိုလည်းကောင်း ကာကွယ်ပေးခဲ့သည့် ကျေးဇူးရှင်လည်းဟုတ်  ၊ နားလည်ရ ခက်သည့် လူတစ်ယောက်ဆိုလည်း ဟုတ်သည့်သူ ။ ထိုစဉ်က မသင်းမြ ကုန်ဖိုးတောင်းပြီး ပြန်အလာ လမ်းတွင် ဓါးပြ တိုက်ခံရသည်။ ပထမ ငွေကိုယူသည်။ နောက်…ရွှေကို ယူသည်။ အဲ…နောက် လူကိုပါ ယူမည် အပြုတွင် ….မင်းသားချောက ထုံးစံအတိုင်း ဇာတ်ကားတွေထဲကလို ..ပေါ်လာသည်။

ဒါပေမယ့်  …သူပေါ်လာပုံကတစ်မျိုး …။  ဓါးကိုင်ထားသော လူငါးယောက်ရှိရာကို ..တည့်တည့် လျှောက် လာရင်း  မေးလိုက်သည့်စကားကို မသင်းမြ ယခုထက်ထိတိုင် မှတ်မိနေသေးသည်။ ..( ခင်ဗျားကို  ကယ်ရင် ..ကျုပ်ကို ထမင်းကျွေးမလား အမိ  တဲ့  ..) ။ မသင်းမြ ရုတ်တရက်မို့ မဖြေနိုင်ဖြစ်နေစဉ် ထပ်မေးပြန်သည်။ ( ကဲ  ကျွေးမှာလား မကျွေးဘူးလား မြန်မြန်ပြော၊ မကျွေးနိုင်ဘူး ဆိုရင် ကျုပ်လှည့်ပြန်ပြီ ..နောက်တစ်ခါ ထပ်မမေးတော့ဘူး ) ။ သည်တစ်ခါမှ မသင်းမြလည်း မြန်မြန် သွက်သွက်ကြီး ခေါင်းငြိမ့်ပြလိုက်ရသည်။
သိပ်တောင် မကြာလိုက် .. ၊ လူငါးယောက်ထဲက သုံးယောက်ကို ဒူးတွေ တံတောင်တွေ နှင့်  ထုထောင်း နေသည်ကို တွေ့လိုက်ရပြီး ကျန်နှစ်ယောက်က  ထွက်ပြေးသွားကြသည်။ ဗွီဒီယိုကားတွေ ထဲကလိုတော့ …ယား ယီး သြော်ပြီး လေထဲမှာ  ဖလိုင်းကစ်တွေ ဘာတွေ ပေးမသွား ။ လူချင်း ပူးသွားသည်။ အသားချင်း ခပ်ပြင်းပြင်း ထိရိုက်သံများကြားရသည်။ တော်တော်မြန်သည့် သွက်သည့် သန်သည့်လူ ဆိုတာတော့ သေချာသည်။ မရှိလို့မှ ဓါးပြတိုက်စား နေရသူလေးတွေကို ထန်းသီးလုံးခန့် လက်သီးဆုပ်ဖြင့် မညှာမတာ ကျောကွဲအောင် ထုရိုက်နေမှတော့ ..ဓါးပြလေးတွေလည်း ကြာကြာမခံနိုင် ။ ပြေးကြရတော့သည်။ ဘာပဲဖြစ်ဖြစ် မသင်းမြ အတွက်  တော့ ကိုဘမိုး သည် ဟီးရိုး ။ ကိုဘမိုးသည် ပင် စပိုက်ဒါမင်း ။ ကိုဘမိုးသည်ပင် လူသန်ကြီးဟော့ခ် ဖြစ်သည်။

စားလိုက်သည့်ထမင်း  ၊ အိမ်မှာရှိတာနှင့်မလောက်လို့ ..သူကြီးပင် မနေနိုင် ။ သူ့အိမ်ကသွားယူခိုင်းပြီး ချကျွေးရသည်။ သူကြီးကိုယ်တိုင်က ချကျွေးပြီဆိုတော့လည်း ကျန်သည့် အိမ်နီးနားချင်းများပါ မနေသာတော့ ။  ၀ါးကြမ်းခင်းပေါ်တွင် ဒူးတစ်ဖက်ထောင် ဒူးတစ်ဖက်ချပြီး ..ဇလုံထဲတွင် ဟင်းရည်ရွှဲရွှဲ ထည့်ဆမ်းကာ ပယ်ပယ်နယ်နယ် တီးနေသည့်  ကိုဘမိုးအတွက် ထမင်းဟင်းများ လာပို့ပေးခဲ့ကြရသည်။ ဘယ်နှစ်နှစ် ဘယ်နှစ်လ ငတ်ပြတ်လာသည်မသိ ။ ပြိုက်ကနဲ ပြိုက်ကနဲ။ ..လိုက်ပွဲထည့်ပေးရသည့် အရီးလေးလှပင် မျက်စောင်းခဲယူရသည်။

သည်လိုနှင့်ပင် ကိုဘမိုးသည် ဆိတ်ဖလူးရွာလေးတွင် သောင်တင်လာခဲ့သူ ။ ရောက်စကတော့ သူကြီးအိမ် နှင့် ဘုန်းတော်ကြီးကျောင်းတွင်  အနေများခဲ့သည်။ နောက်တော့ ကျေးဇူးရှင်လည်းဖြစ် ၊  အသက်သခင် အရှက်သခင်လည်း ဟုတ်သည်မို့ မသင်းမြက ကျေးဇူးပြန်ပြုသည့်အနေဖြင့် ခြံထောင့်က  အိမ်လေးတွင် ကိုဘမိုးကိုနေစေသည်။ အလကားမနေ မစားတတ်သော ကိုဘမိုးက မသင်းမြ အတွက်  ဓါးတစ်လက်လို အားတက်စေသည့်လူ  ဖြစ်လာပြန်သည်။
(၄ )

ကိုဘမိုးက  တိရိစ္ဆာန်တွေ ချစ်တတ်သည်။ မသင်းမြအိမ်  သူရောက်လာတော့ .. အိမ်ကခွေးဖြူမကြီး မှ ခွေးသားပေါက်လေး လေးကောင် ပေါက်သည်။ ထိုခွေးသားပေါက်လေးများ ကို ကိုဘမိုးက သေချာမွေးသည်။ သူနေသည့် ခြံထောင့်မှ မြေကွက်လပ်လေးထဲတွင် .. ခွေးသားပေါက်ကလေးများ နေစရာ အဖြစ် ထင်းရှုးသေတ္တာခွံ များကို ဆက်စပ်ပြီး ရိုက်ပေးထားသည်။ ခွေးသားပေါက်လေးများကို စားကြွင်း စားကျန် မကျွေး ။ ငယ်စဉ်ကတည်းက ခြံမြောက်ဘက် ခင်တန်းလေးနောက်ကို သွားပြီး အကောင်ငယ် ပလောင်ငယ်များ ဖမ်းလာကာ သေချာချက်ကျွေးသည်။ အစိမ်းလည်းကျွေးသည်။

ကြာတော့ ခွေးလေးတွေက ကိုဘမိုး မှ ကိုဘမိုး ။ ကိုဘမိုးကိုသာ သခင်အဖြစ် အသိမှတ်ပြုသည်။ အရီးလေးလှ နှင့် မသင်းမြ ကိုပင် ကိုဘမိုး အိမ်သို့လာလျှင် ဟောင်ချင် ခဲချင် သည်။ ပေးထားသည့် နာမည်တွေကလည်း ကြည့်ဦး။  ဘရက်ပ်ပစ် ၊ မဲလ်ဂစ်ဘဆင် ၊ မိုက်ကယ်ဒေါက်ကလပ်၊ ရောဘတ်ဒင်နီယို တဲ့ ။ မသင်းမြကတော့ မခေါ်တတ်ပေါင်။ စိတ်ရှုပ်ရှုပ်ရှိလို့  ဘရက်ပ်ပစ် ကို  ဘဒပ် ၊ မဲလ်ဂစ်ဘဆင် ကို ငမဲ ၊ မိုက်ကယ် ဒေါက်ကလပ်ကိုတော့ မိုက်ခဲ ၊ ရောဘတ်ဒင်နီယို ဆိုသည့်အကောင်ကိုတော့ ..ထောပတ် ဟု အလွယ် ခေါ်ပစ်လိုက်သည်။ အံမယ် ..ဒါကို သူဆိုသည့် ကိုဘမိုးကြီးက သိပ်မကြိုက်။ သူ့ခွေးများကို အလွယ်ခေါ်လျှင် မျက်နှာပျက်ပျက်သွားတတ်သေးသည်။ ရယ်လည်းရယ်ရတဲ့လူကြီး ။ ဟွန်း ..မုန်းစရာကြီး။
ဟဲ့ကောင်မ ဘာတွေပြုံးစိစိလုပ်နေတာလဲ ..၊

အမလေး ……

နောက်မှပခုံးကို ဖတ်ကနဲရိုက်ပြီး မေးလိုက်သံကြောင့် မသင်းမြလန့်သွားသည်။ ကြည့်လိုက်တော့ အိမ်ရှေ့ခြံက  ဘ၀တူ အပျိုကြီးမ လှကြည်မ ဖြစ်နေသည်။

ကောင်မ ..လန့်သွားတာပဲ ..လူကို ၊

အေးအေ …လန့်မှာပေါ့ ..ညည်းက စိတ်ကူးနုနုလေးတွေနဲ့ ပြုံးစိစိ ပြုံးစပ်စပ် မြစ်ထဲမှာ မျောနေတာကိုး
ကောင်မ ဟိုက ကြားသွားဦးမယ်၊
ကြားတော့လည်း  မြောင်းဖောက်ပြီးသားဖြစ်သွားတာပေါ့ မကောင်းဘူးလား 

လှကြည်မက   မသင်းမြကို မြှောက်ပေးသည်။ မသင်းမြ စိတ်မဆိုးပါ။ ကျေးဇူးတောင်တင်ချင်ချင် ၊ ခက်သည်က သည်လူ မောင်ကျောက်တုံး ၊  အပျိုကြီးဘ၀ဆိုတော့လည်း သိပ်အကောင်ပြလို့မရ ၊ အရိပ်အယောင် ပြတယ် ဖိုးလနတ်သား ..ဆိုတာမျိုးလေးလောက်သာ … မြောင်းကို မသိမသာ ပေးရသည်။ အဲလို မသိမသာ မြောင်းပေးပြန်တော့လည်း မောင်မင်းကြီးသားက  မြောင်းကို ကျော်ခွပြီး အရှိန်လွန် သွားစမြဲ ။ ခက်တော့လည်းခက်လှသည်။ မိန်းမသားဘ၀ဆိုတာက စိတ်သွားတိုင်း ဖြင့် ကိုယ်မပါနိုင် ။
ဘာပဲဖြစ်ဖြစ် သည်တစ်ခါတော့ မြောင်းကို ခပ်ကျယ်ကျယ် ခပ်နက်နက်လေး ပေးရမည်။ သင်းတော့လား  …နေဦး..၊ မြောင်းထဲ အတည့်ကျလာလို့ကတော့  … မွန်းနေအောင်ကို နှစ်ထားလိုက်ဦးမယ် ဟု ..မသင်းမြ တွေးနေမိလေသည်။

ကိုစိုး …

ဒီဇင်ဘာ (၃) ရက်၊ ၂၀၁၁ ခုနှစ် ။ ညး ၈နာရီ ၄၉

Post a Comment
 

Posts Comments

©2006-2010 ·TNB