နိုင်ငံရေးဗေဒင် စာစု(၃)

Wednesday, March 7, 2012



ကျွန်တော် တွေးမိသော အပြောင်းအလဲများ

(၁)

နိုင်ငံရေးဗေဒင်စာစုတွေကို ကျွန်တော် ရေးသားနေစဉ်မှာပဲ ၊ တစ်ဖက်ကလည်း …ဂျာနယ်တွေကို ပိုဖတ်ဖြစ် ခဲ့ပါတယ်။ အမေစု နဲ့ နိုင်ငံတော်အကြီးအကဲ ဦးသိန်းစိန်တို့ရဲ့ သတင်းတွေကို ဂျာနယ်တိုင်းလိုလိုမှာ စာရွက် ထပ်မျှ ဖတ်ရှုနေရပြီး …အတွေးမျိုးစုံ၊ ၊ အရေးအသားမျိုးစုံကိုလည်း ဖတ်ရှုနေရဆဲပါပဲ။ ဘာပဲဖြစ်ဖြစ် ရှေးနဲ့မတူသော ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာတာကို တွေ့မြင်ကျေနပ်ခဲ့ရပါတယ်။


တစ်လောက ဇနီးဖြစ်သူ နှလုံးရောဂါ ဝေဒနာကြောင့် ဆေးရုံတက်ရောက်ကုသမှု ခံယူခဲ့ရပါတယ်။ ညဘက် ဆေးရုံ စောင့်ရင်း ဂျာနယ်တွေ နေ့စဉ် ရက်ဆက် ၀ယ်ယူဖတ်ရှုခဲ့မိသလို…ထူးခြားတဲ့ နိုင်ငံရေးရာ အပြောင်း အလဲတွေ ၊ လှုပ်ခတ်မှုတွေကိုလည်း       လူနာစောင့် ညဉ့်သန်းခေါင်ယံမှာ မြည်းစမ်းရင်း ကျွန်တော့် အတွေးတွေလည်း နယ်ချဲ့ခဲ့မိပါရဲ့။

အားအားနေ တွေးမိနေမြဲဖြစ်တဲ့ မဟာဘုတ်ဇာတာခွင်တွေ ၊ နာမည်တွေနဲ့ … ညဉ့်သန်းခေါင်တွေဟာ တိတ်ဆိတ် ငြိမ်သက်စွာ ရွေ့လျားလွန်မြောက်သွားခဲ့ကြပါတယ်။  ကျွန်တော် အတွေးထဲမှာ အများဆုံး လွှမ်းမိုးနေတာကတော့ ရှေ့လာတော့မယ့်  အနာဂတ်မြန်မာ နှစ်သစ် ၁၃၇၄ခုနှစ်ပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းက ခရစ်သက္ကရာဇ် ၂၀၁၂ခုနှစ် နှစ်သစ်ကူးချိန်ကို မျှော်လင့် သတိပြုမိနေကြပေမယ့်  ၊ မထင်မရှား လက်ဆန်းဗေဒင်သမား  တစ်ဦးဖြစ်တဲ့ ကျွန်တော့် အတွက်ကတော့ …မြန်မာခုနှစ် အပြောင်းအလဲ ဖြစ်တဲ့  လာမယ့်နှစ်သစ် ၁၃၇၄ခုနှစ် ကူးပြီးချိန်ကိုပဲ ပိုမို အာရုံနှစ်မြုပ်နေခဲ့မိပါတယ်။

မြန်မာ့ရိုးရာ မဟာဘုတ်ဗေဒင်ပညာကို မြတ်နိုးမိတဲ့ ကျွန်တော်ဟာ  ၊ မြန်မာနှစ်သစ်တစ်ခု ကူးပြောင်း ပြီးတိုင်း …ပြောင်းလဲဖြစ်တည်လာတတ်တဲ့ ကံဇာတာတွေကိုလည်း လေ့လာ စူးစမ်းနေမိမြဲ ဖြစ်ပါတယ်။ အဲဒီ့လိုပါပဲ မြန်မာပြည်သားပီပီ …မြန်မာနိုင်ငံရဲ့ အကြီးအကဲ ခေါင်းဆောင်များရဲ့ နာမည်တွေ နဲ့ ကံဇာတာ တွေကိုလည်း ….စိတ်ဝင်စားစွာ တွေးတော နေခဲ့မိပါတယ်။ အဲဒီ့လိုပါပဲ ကျွန်တော့်အတွေးတွေဟာ မှားရင်လည်း မှားနိုင်သလို မှန်ရင်လည်း မှန်နေနိုင်ပါလိမ့်မယ်။ ခု ဒီဆောင်းပါးဟာ ကျွန်တော့်အတွေးအထင် သက်သက်မျှသာ ဖြစ်ပြီး၊ မည်သည့်အကြီးအကဲခေါင်းဆောင်များ သို့မဟုတ် မည်သည့် အသင်းအဖွဲ့များ ကိုမှ ထိခိုက်နစ်နာစေလိုမှု မရှိခဲ့ပါကြောင်း…….. ။
(၂)

မကြာမီရောက်ရှိလာတော့မယ့်  မြန်မာခုနှစ် နှစ်သစ်တစ်ခုဖြစ်သော ၁၃၇၄ခုနှစ်ဟာ  မြန်မာ့ရိုးရာ ဗေဒင်ပညာ တစ်ခုဖြစ်တဲ့ မဟာဘုတ်ပညာအရ  တွက်စစ်မယ်ဆိုရင်တော့ .. (၂) ခု ကြွင်း မဟာဘုတ်ခွင် ကျရောက်သော နှစ်မျိုးပဲ ဖြစ်ပါတယ်။ 

နှစ်ခုကြွင်းမဟာဘုတ်ဇာတာခွင်နှစ်


  အဓိပတိ
      

   အထွန်း
     
    သိုက်
      
      ရာဇ
      
    မရဏ
     
      ဘင်္ဂ
      
     ပုတိ
      

ကောဇာ ခုနှစ်အရ ပေါ်ပေါက်လာတဲ့  မဟာဘုတ်ဇာတာခွင် တစ်ခုဟာ … နိုင်ငံတစ်ခုနဲ့ ဆိုင်တဲ့ အနေအထား မဟုတ်။  လူသားအားလုံးနှင့် ဆိုင်သော အနေအထားသာ ဖြစ်ပါတယ်။ အဲဒီ့လိုပါပဲ လူသားထဲက လူသားတွေဖြစ်တဲ့ နိုင်ငံ့ခေါင်းဆောင်တွေရဲ့  ကံဇာတာပြောင်းလဲမှု အနေအထားတွေ ကိုလည်း ဖော်ပြတဲ့အတွက် အဆိုပါ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ မွေးနံ၊ ကံဇာတာသက်ရောက်မှု အနေအထား အလိုက် …နိုင်ငံရေးရာ ကဏ္ဍတွေမှာလည်း ရိုက်ခတ်မှု ရှိလာကြပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ထိုနည်းလည်းကောင်းပါပဲ။ မကြာမီ ပြောင်းလဲ ရောက်ရှိလာတော့မယ့် မြန်မာနှစ်သစ် ၁၃၇၄ခုနှစ်မှာ ..လက်ရှိတိုင်းပြည်ရဲ့ ခေါင်းဆောင်များဟာလည်း ကံဇာတာ အပြောင်းအလဲ များ အနည်းနဲ့အများ ရင်ဆိုင်ရတော့မှာ ဖြစ်သလို နိုင်ငံရေးရာကဏ္ဍတွေဟာလည်း အထူနဲ့အပါး ဆိုသလို ပြောင်းလဲမှုတွေ ပေါ်ပေါက်လာတော့မှာ  ဖြစ်ပါတယ်။

အဆိုပါ အပြောင်းအလဲတွေကို မဟာဘုတ်ပညာမြတ်နိုးတဲ့ ကျွန်တော့်အဖို့  မဟာဘုတ်ဇာတာခွင် ပေါ်က အတွေးများနဲ့ အောက်ပါအတိုင်း … ထင်မြင် သုံးသပ်မိပါတော့တယ်။

(၃)

ပြည်သူချစ်သော အမေစု (၀ါ) ဒေါ်အောင်ဆန်းစုကြည်  နှင့် ၁၃၇၄ ခုနှစ်
 
ကောဇာခုနှစ် ၁၃၇၄ခုနှစ် မဟာဘုတ်ဇာတာခွင်

      အဓိပတိ
          


       အထွန်း
          
နာမည်အရင်းစာလုံး
        သိုက်
          
          ရာဇ
            
       မရဏ
         
         ဘင်္ဂ
          
နာမည်အဖျားစာလုံး
         ပုတိ
          
         မွေးနံ

ဘာကိုမှ  မသုံးသပ်ရသေးခင်….ပထမဆုံး သုံးသပ်မိတာကတော့…လာမယ့်  မြန်မာနှစ်သစ် ဖြစ်တဲ့ နှစ်ခုကြွင်း မဟာဘုတ်နှစ်မျိုးဟာ ….ချုပ်ငြိမ်းခြင်း အဆုံးသတ်ခြင်းများကို အလွန် တွန်းအားပေးတတ်သော နှစ်မျိုး ဖြစ်နေတာကို တွေ့မြင်ရပါတယ်။ လူသားအားလုံးပေါ်မှာ အဆိုပါ အဆုံးသတ်ခြင်း နိယာမ သဘောဟာ သက်ရောက်နေမှာလည်း ဖြစ်ပါတယ်။ ဘယ်အရာတွေကို ဘယ်လိုအဆုံးသတ်ရမလဲ ။ အလုပ်အကိုင်လား ။ တစ်ကျက်ကျက် ဖြစ်နေတဲ့ အိမ်ထောင်ရေးလား။ အမြစ်ပြတ်အောင် ကုသနေရတဲ့ ရောဂါလား ။ ကာလရှည်ကြာ တက်ရောက် သင်ကြားနေရတဲ့ ပညာရေးလား ။ ကောင်းသော အဆုံးသတ် ခြင်းတွေလား ၊ ဆိုးသော အဆုံးသတ်ခြင်း တွေလား …ဆိုတာကတော့… လူတစ်ဦးချင်းဆီရဲ့ ကံပေါ် မူတည်ပြီး ကွဲပြား သွားပါလိမ့်မယ်။

ကျွန်တော်တို့ချစ်တဲ့ အမေစုမှာလည်း ကောင်းသော အဆုံးသတ်နိုင်မှုတွေ သာ သက်ရောက်နိုင်ပါစေ လို့ ဆုတောင်းလိုက်ရပါတယ်။

ပထမဆုံး မဟာဘုတ် လေ့လာသူတွေကိုပါ အကျိုးရှိနိုင်အောင် ….ရောက်ဆဲကောဇာခုနှစ် အရ …ကံဇာတာ ဆန်းစစ်မှု ပြုမယ်ဆိုရင် … အမေစုရဲ့ မွေးနံကို စတင်ကြည့်ပါမယ်။ အမေစုဟာ အင်္ဂါသမီးဖြစ်တဲ့အတွက် ..၁၃၇၄ ခုနှစ် ရဲ့ နှစ်ခုကြွင်း  မဟာဘုတ်  ဇာတာခွင်မှာ … မွေးနံ ဟာ ပုတိမှာ ရပ်တည်နေတာကို တွေ့ရပါမယ်။ မွေးနံ ပုတိမှာ ရပ်တည်နေခြင်းဟာ လူချစ်လူခင် ပိုမိုများပြားလာစေခြင်း၊ ခရီးယာယီ များပြားစေခြင်း၊ ဒွိဟဖြစ်စရာ အနေအထားများတွင် ဖြတ်သန်းရခြင်းများကို ဖြစ်ပွားစေနိုင်သော အနေအထား ဖြစ်ပါတယ်။

မွေးနံရဲ့ အနေအထားဟာ …ခွန်အားလျော့နဲစေသော အနေအထားနဲ့ ရပ်တည်နေပါမယ်။ မွေးနံအင်္ဂါဟာ အထွန်းမှာ ရပ်တည်နေတဲ့ တနင်္ဂနွေနဲ့ ပက္ခမိထားပါတယ်။ အဆိုပါအချက်က အမေစုအဖို့  လုပ်ငန်း ဆောင်တာကဏ္ဍများမှာ ဆိုင်းငံ့ထားရမှု အချို့ ကြုံတွေ့ရစေနိုင်တဲ့အချက်ပါပဲ။ ဘာပဲဖြစ်ဖြစ် တနင်္ဂနွေနဲ့ ပက္ခ မိထားခြင်းဟာ ကောင်းသော အနေအထားတော့ မဟုတ်ပါ။
ပိုဆိုးတာကတော့ နာမည်အရင်းစာလုံး ဟာလည်း ထိုတနင်္ဂနွေဂြိုဟ် ပဲ ဖြစ်နေပြီး မွေးနံအင်္ဂါ ကို ပြန်လည် ပက္ခ မိနေပါတယ်။ ဒီအချက်က …. လမ်းခရီးသွားလာရင်း အန္တရာယ် ဖြစ်စေတတ်မှု ကို ဖော်ပြပါတယ်။ အဆိုပါကျွန်တော့်ရဲ့ သုံးသပ်မှု ဟာ မှားယွင်းပါစေလို့လဲ ဆုတောင်းမိပါတယ်။

ပုတိဌာနဟာ ခရီးလမ်းခုလတ်ကို ဖော်ပြပါတယ်။ အင်္ဂါဟာ ရန်အန္တရယ်ကို ဖော်ပြပါတယ်။ (ဒီနေရာမှာ ပုတိဌာနကိုရော ..၊ အင်္ဂါဂြိုဟ်ကို ပါ ..နာမည်အရင်းစာလုံး …အောင်..နဲ့ ပက္ခမိထားခြင်းကြောင့် အားနည်းချက် ရှိတဲ့ ဘက်ကနေ စဉ်းစားသုံးသပ်ပါတယ်။)

တတိယအဆင့် အနေနဲ့ …အလွန်အရေးကြီးတဲ့ နာမည်အဖျားစာလုံး ..ကြည်… တနင်္လာနံ ကို လေ့လာ အကဲဖြတ်ရပါမယ်။

နာမည်အဖျားစာလုံးဖြစ်တဲ့ …ကြည်..(တနင်္လာ) ဟာ …ဘင်္ဂဌာနမှာ ရပ်တည်ပြီး ..၊ လှုပ်ခါမှု ခံထား ရပါတယ်။ အဆိုပါတနင်္လာဟာ ဇာတာရှင် အမေစုအတွက် ..အာလပ္ပနကာရကဂြိုဟ် ၊ သီရိဂြိုဟ် အမျိုးအစားလဲ ဖြစ်ပါတယ်။ တနင်္လာဟာ နံတူ တနင်္လာနဲ့ပဲ ပြန်လည်ပက္ခ မိထားတာကို တွေ့ရပါမယ်။
အဆိုပါအချက်များက အမေစုအဖို့ ရှေ့လာမယ့် ခုနှစ်ထဲမှာ … အသရေဖျက်သူအချို့နဲ့ ကြုံတွေ့ ရင်ဆိုင်ရ တတ်သလို … ဂုဏ်သရေကို ထိပါးနှောက်ယှက်ခံရမှုများ ပေါ်ပေါက်လာနိုင်ကြောင်း .. ဖော်ပြနေပါတယ်။ (ဒါကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ အနေအထားများအရ မဆန်းကြယ်သော အကြောင်းအရာသာ ဖြစ်ပါတယ်။) အဲဒီ့လိုပါပဲ …တနင်္လာပက္ခဟာ .. နောင်လာမယ့် နှစ်ထဲမှာ အမေစုအဖို့  …လုပ်ငန်း ဆောင်တာများစွာမှာ …တစ်ဝက်တစ်ပျက် တစ်ပိုင်းတစ်စ…အခြေအနေများ ကြုံရတတ်ခြင်း၊ အသင်းအဖွဲ့ ဆိုင်ရာ ပြဿနာအချို့ ရင်ဆိုင်ရတတ်ခြင်း နှင့် စည်းလုံးရေး ဆိုင်ရာ အခက်အခဲအချို့ (အသင်းအဖွဲ့ အတွင်းတွင် ဖြစ်စေ)  ရင်ဆိုင်ရတတ်ခြင်း တို့ကို ဖော်ပြနေပါတယ်။

နောက်တစ်ချက်ကတော့ …….ကျွန်တော်လေ့လာခဲ့သမျှ အတွေ့အကြုံအရ … နာမည် အရင်းအဖျား စသည်တို့ဟာ …တနင်္လာ နဲ့ အင်္ဂါ ကို မည်သည့်ဌာနများတွင် မဆို ပက္ခ မိထားခဲ့ရင် …ယာဉ်အန္တရယ် ဖြစ်ပွားခြင်းမျိုးနဲ့  ခရီးသွားလာနေစဉ် ရန် အန္တရယ် ကြုံတွေ့ရတတ်ခြင်းမျိုး ..ဖြစ်ပွားစေတတ်ခြင်းပဲ ဖြစ်ပါတယ်။

အထက်ပါ အချက်တွေဟာ ဘယ်ကျမ်းမှာမှ ပါမှာတော့ မဟုတ်ပါ။ ကျွန်တော်လေ့လာ မှတ်တမ်းတင်ခဲ့သမျှ  ယာဉ်အန္တရယ် ဖြစ်ပွားသူ ဇာတာများ၊ ခရီးသွားလာနေစဉ် .. ဘေးရန် မကင်း ဖြစ်ရသူ ဇာတာများစွာကနေ ..ရရှိခဲ့တဲ့ ..ကောက်ချက်တစ်ခုသာ ဖြစ်ပါတယ်။

တနင်္လာဟာ ခရီးနဲ့ ယာဉ်ရထားကို ကာရက ပြုပြီး ၊ အင်္ဂါဟာ ရန်ကို ကိုယ်စားပြု ထားတဲ့ အနေအထားမှာ အဆိုပါ ဂြိုဟ်နှစ်မျိုးစလုံးဟာ နာမည်ကြောင့် ဖြစ်စေ ၊ မွေးနံ အရဖြစ်စေ.. အားနဲချက် ပေါ်ပေါက် လာချိန်များမှာ …အဆိုပါကဲ့သို့သော ..ဘေးအန္တရယ် အချို့ အနည်းနဲ့အများ ကြုံတွေ့ရတတ်တာကို တွေ့ရှိ ရပါတယ်။
အဲဒီ့လိုပါပဲ ….တနင်္လာဟာ ကလေးသူငယ်များ၊ သင်ယူသင်ကြားသူများ (ကျောင်းသားများ) ကို ဖော်ပြပြီး …၊ ဘင်္ဂဌာနဟာ အဟောင်းများ ကို ဖော်ပြပါတယ်။ ဆက်စပ်တွေးတောကြည့်ရင် …ဘင်္ဂမှာ ရပ်တည်နေတဲ့  တနင်္လာဟာ ကျောင်းသားဟောင်း လို့ ပုံဖော်မယ် ဆို ဖော်နိုင်လာပါတယ်။ ဒါဖြင့် ကျောင်းသားဟောင်း တစ်စုံတစ်ယောက်ကနေ အမေစုကို ရန်ပြုတာမျိုးလည်း ဖြစ်ပေါ်လာနိုင်တဲ့ နှစ်မျိုးလို့  ဆိုနိုင်တာအမှန်ပါပဲ။

နိုင်ငံရေးရာဟာ ကျယ်ပြန့်နက်ရှိုင်းလှပါတယ်။ ကျွန်တော်တို့လို သာမန်ပြည်သူတွေ နားမလည်နိုင်သေး တာတွေလည်း ဒုနဲ့ဒေးပါပဲ။ ကျွန်တော်တွေးမိတာတွေဟာ အမှားတွေလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ…ယုံကြည်ရာကို ရဲရဲဝံ့ဝံ့ ပြောနိုင်တဲ့ လွတ်လပ်မှုနဲ့အမျှ ပြောရမယ် ဆိုရင်တော့…..အနည်းဆုံးအဆင့် အနေနဲ့ ကျောင်းသားဟောင်း တစ်စုံတစ်ယောက် ရဲ့ ယှဉ်ပြိုင် ထိုးနှက်မှု ကိုတော့ …အမေစုအနေနဲ့  ကြုံတွေ့ရပါလိမ့်မယ်။ တစ်ခုခက်တာက ….ကြုံတွေ့ရလာနိုင်တဲ့ (ရန်) ဟာ ….ပုတိမှာ ရပ်ထားတဲ့ (ရန်) ဖြစ်နေတာကြောင့် ….ကွယ်လွန်သူ ဖခင်ဖြစ်သူ အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနည်းတူ…မမြင်ရသော ရန်သူ ၊ နောက်ကျောဘက်ကရန်သူမျိုး ဖြစ်နေရတတ်တာပါဘဲ။

( အင်္ဂါဂြိုဟ် ပုတိမှာ ရပ်တည်သွားတဲ့ အနေအထားဟာ ခြုံခိုထားတဲ့ ရန်သူ အမျိုးအစားပဲ ဖြစ်ပါတယ်။ )

အနှစ်ချုပ်  တွေးမိသမျှ ပြန်စုရရင်………

ရှေ့လာမယ့်ကာလများမှာ ….အမေစုအနေနဲ့ ….ခရီးတစ်ဝက်က လှည့်ပြန်ရတတ်သောကံ ၊ အပြန်ခရီး သို့မဟုတ် …နောက်တစ်ကျော့ ပြန်လည်သွားရောက်သော  ခရီးစဉ်မျိုး တွင် …ဘေးဥပဒ်မကင်း ဖြစ်ရတတ်ခြင်းကံကို ဂရုပြုမိဖို့  လိုပါတယ်။ ခန္ဓသုတ်တော်ကြီးကို နံနက်ရှစ်ခေါက် ညရှစ်ခေါက် ရွတ်ဖတ် ထားသော ပရိတ်ရေကို …သွားလာရာ ခရီးလမ်းတွင် …ခရီးတစ်ထောက်နားတိုင်း ဖြန်းပက်သင့်သလို …အဆိုပါပရိတ်ရေကို ဆောင်ထားအပ်တဲ့ ကာလမျိုးပါ။ တိုင်းကျိုးပြည်ကျိုး အများအကျိုးကို ….. ကိုယ်ကျိုး မဖက် ထမ်းရွက်သည်ပိုးနေတဲ့ အမေစုအတွက်တော့ …ကျွန်တော်တွေးမိသမျှတွေက … ပုဂ္ဂိုလ်ရေးရာ ဆန်တဲ့ …အတွေးကျဉ်းကျဉ်းလေးတွေ ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။

စိုးရိမ်ကြီးတတ်တဲ့ ကျွန်တော့်အတွေးတွေကတော့ …. လိုတာထက်ပိုပြီး ပူပန်စိတ်နဲ့ အဆိုးမြင်တွေများ ဖြစ်နေမလား လို့လည်း  ..ညပေါင်းများစွာ တွေးမိခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ..အမေစုအနေနဲ့  သာမန် နာမကျန်းဖြစ်မှု သို့မဟုတ် ..သာမန် အနှောက်အယှက်မျှနဲ့ ရှေ့လာမယ့် ခုနှစ်ကို ဖြတ်သန်း သွားနိုင်ပါစေလို့ လည်း ဆုတောင်းမိပါတော့တယ်။

အမှန်တစ်ကယ်လည်း  အမေစုအနေနဲ့ သတိကို ခါတိုင်းထက် ပိုဆောင်နိုင်မယ် ဆိုရင် .အဆိုးတွေအစား အကောင်းတွေကို ပိုမိုကြုံတွေ့ရနိုင်မယ်လို့ ယုံကြည်မိပါတယ်။ မြတ်စွာဘုရား အဟော ရှိထားသည့် အတိုင်း မျက်မှောက်ကံသည်သာ အရေးအကြီးဆုံး မဟုတ်ပါလား ….. စာဖတ်ပရိသတ်တို့ရေ…။
(၄)

ခေါင်ဆောင်တို့၏ ကံဇာတာ၊ ဗေဒင်ပညာရှုထောင့်  နှင့် နိုင်ငံရေးရာ အခြေအနေ


မြန်မာနိုင်ငံရဲ့ ရှေ့အနာဂတ် ကို တင်ကြိုအကဲဖြတ်ရာမှာ အမေစုရဲ့ ကံဇာတာကို လည်း အဓိက သုံးသပ်ရမယ့် အနေအထား ဖြစ်ပါတယ်။ ရှေ့လာမယ့်နှစ်ထဲမှာ အမေစုအဖို့  … ဘယ်လိုတွေ စည်းရုံးရေး လုပ်နိုင်မလဲ ၊ ပြည်သူတွေကကော ဘယ်လိုထောက်ခံ အားပေးကြမလဲ ..၊ လက်ရှိအသင်းအဖွဲ့ကြီးကရော နှစ်ခြမ်း ကွဲသွားနိုင်သလား …စသည်ဖြင့် တွေးစရာ အများအပြား ရှိပါတယ်။

အမေစုရဲ့ ကံဇာတာလမ်းကြောင်းကို တင်ကြိုအကဲဖြတ်ကြည့်ရသလောက် ….အနေအထားအရ …အသင်း နှစ်ခြမ်းကွဲ သကဲ့သို့သော ….ဖြစ်ရပ်မျိုးလည်း ကြုံနိုင်တာကို တွေ့ရပါတယ်။ အလားတူပါပဲ အမေစုအနေနဲ့ အသင်းအဖွဲ့ထဲမှာ ပြုပြင် ပြောင်းလဲရမှုတွေလည်း အများအပြား ကြုံတွေ့ရင်ဆိုင်ရမယ့် အနေအထား ရှိပါတယ်။ အမေစုအဖို့ အောင်မြင်မှု ရနိုင်သည့်တိုင်အောင်…အပြည့်အ၀ ဖြစ်ခွင့်တော့ နောင်လာမယ့် နှစ်ထဲမှာ မရနိုင်သေးလို့  ထင်မြင်မိပါတယ်။ တစ်ဝက်တစ်ခြမ်းဖြစ်သော အောင်မြင်မှု ၊ တနည်းအားဖြင့် ရည်ရွယ်ချက်ရဲ့ တစ်ဝက်မျှကိုသာ အလွန်ဆုံး ခရီးပေါက်နိုင်ပါလိမ့်မယ်။
ဆိုတော့………..ဒီအချက်ကလည်း တိုင်းပြည်ရဲ့ ကံဇာတာ ၊ ပြည်သူတွေရဲ့ ကံဇာတာ နဲ့ ပတ်သက် နေပါတယ်။ အထူး သတိပြုရမှာကတော့ အမေစုရဲ့ ကျန်းမာရေးနဲ့ ဘေးကင်းစွာ ရပ်တည်နိုင်ရေးပဲ ဖြစ်ပါတယ်။ အမေစုသာ တစ်ခုခု ကံချွတ်ချော်မှု ကြုံကြိုက်ခဲ့မယ်ဆိုရင် ..တိုင်းပြည်ရဲ့ အနာဂတ်ဟာလည်း မထင်မှတ်တဲ့ အပြောင်းအလဲတွေနဲ့ … ပြည်တွင်းရေး  လှုပ်ခါမှုတွေ များပြားလာနိုင်ပါတယ်။ အလွန် သတိထားအပ်တဲ့ အချိန်မျိုးဖြစ်တယ်လို့    မောင်ဖုန်း ယူဆမိပါတယ်။

ဒီကနေ့ ၁၃၇၃ခုနှစ် တစ်ပေါင်းလပြည့်နေ့ ကနေ စပြီး အဆိုပါ ကံအကြောင်းတရားတွေဟာ ..ဆိုင်ရာ ဇာတာရှင်တွေ၊ တိုင်းပြည်နိုင်ငံတွေ၊ လူမျိုးနွယ်စု (၀ါ) ပြည်သူတွေအပေါ် စတင် ရိုက်ခတ် လာပါတော့မယ်…..။
နောက်ရက်များမှာ ..နိုင်ငံရေးဗေဒင်စာစု (၄) ကို ဆက်တင်ပေးပါမယ်။ အဆိုပါစာစု(၄) မှာတော့ နိုင်ငံရဲ့ လက်ရှိ အကြီးအကဲ.. ဦးသိန်းစိန် ရဲ့ နာမည် နဲ့ ..ကောဇာနှစ်သစ် ၁၃၇၄ ခုနှစ်ရဲ့  ……အခြေအနေ ၊ မြန်မာပြည်သူပြည်သားတွေ အပေါ် ရိုက်ခတ်လာနိုင်တဲ့ အကြောင်းအကျိုး ဆက်စပ်မှုများ ….  စတာတွေကို ..ကျွန်တော် တွေးထင်မိသမျှ ..ရေးသားတင်ပြထားပါတယ်။

အပ္ပမာဒေါစ ဓမ္မေသု ဧတံ မင်္ဂလ မုတ္တမံ ။
ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း

Post a Comment
 

Posts Comments

©2006-2010 ·TNB