ဗိုလ်အုန်းသီး

Friday, May 4, 2012



လူနာစောင့် ဒိုင်ယာရီ (၂)

(၁)

အစ်ကိုကြီး ….လုပ်ပါဦး…ဆရာမ သွားခေါ်ပေးပါဦး ၊ ဒီမှာ အဖေ အသက်ရှုကျပ်သလို ဖြစ်နေလို့ ။

ရောက်ရောက်ချင်း ဆိုသလို …ညီမလေးဆီမှ အမောတကော ပြောသံကြောင့် ….ကျွန်တော် အဖေ့နား ချက်ချင်း တိုးကပ်ကြည့်မိသည်။ ဟုတ်သည်။ အဖေသည် အသက်ကို မနည်း ရှုနေရသည်။ အောက်စီဂျင်ပိုက် တပ်ထားသည့်တိုင်…အဆင်ပြေပုံမပေါ်။


ဒီမယ့်ကြည့်….ဒီမယ် အစ်ကိုကြီး ….အဖေ ချွဲတွေ တစ်နေပုံရတယ်။ ဆရာမ သွားခေါ်တာလည်း နှစ်ခါ ရှိပြီ။ အဆင်မပြေဘူး အစ်ကိုကြီး ..မလာဘူး။ အစ်ကိုကြီး သွားခေါ်ပေးပါဦး ။

လက်နှိပ်ဓါတ်မီးအသေးစားလေးဖြင့် အဖေ့ခံတွင်းကို မီးထိုးပြရင်း ….ညီမလေး ပြာယာခတ်နေပါသည်။ ကျွန်တော်လည်း အမောမဖြေအား …ချက်ချင်း ဆရာမ ကို လိုက်ရှာရတော့သည်။

တစ်ရက်ငါးထောင် ပေးပြီး ငှားထားရသော တာဝန်ကျ နပ်စ်မမ …ကို လိုက်ရှာရ၏။ တွေ့ပါပြီ။ မယ်မင်းကြီးမ က လက်ပိုက်ရပ်နေပြီး …. ထိုင်နေသော အခြားနပ်စ်မ တစ်ဦးနှင့် စကားစမြည် ပြောနေ၏။

ဆရာမ…
ဆရာမ….
ဆရာမ….
လှည့်ကြည့်သည်။

အဖေ ..အသက်ရှုလို့ မရ ဖြစ်နေတယ် ဆရာမ ..အဲဒါ တစ်ဆိတ်ကျေးဇူးပြုပြီး လိုက်ကြည့်ပေးပါ။ ချွဲတစ်နေတယ် ထင်တယ်ခင်ဗျ။

သူမ မျက်နှာမှာ အလွန်တင်းလှပါသည်။ ဘာကြောင့် ငွေပေး ငှားထားသည့်တိုင်အောင် တင်းထန် နေရသည်ကို ကျွန်တော် နားမလည်ပါ။ သူမက လက်ပိုက်ထားသည်ကိုပင် မဖြုတ်။ စကားပြောနေသည်ကို အနှောက်အယှက် ပေးရန်ကော ဟူသည့် မျက်နှာပေးမျိုးဖြင့် ….
လာခဲ့မယ်…. ကိုယ့်ဘာသာကိုယ် အရင် ချွဲကို နှိုက်ထုတ်ပေးထားနှင့် ။

သူမ ဒါပဲပြန်ပြောပြီး ပြောလက်စသူ့အဖော် နပ်စ်မလေးဘက်သို့ မျက်နှာပြန်လှည့်သွားသည်။
ကျွန်တော်သည် စိတ်ထဲတွင် ဖြစ်တည်ပေါက်ကွဲစပြုလာသော ဒေါသစိတ်အဟုန်ကို ဥာဏ်ဖြင့် ဇွတ်အတင်း ချုပ်နှောင် ချိုးနှိမ်ထားလိုက်ရသည်။ စိတ်ကို လွှတ်လိုက်မိပါမူ….ပြင်းထန်သော စကားလုံးများက ထိုနပ်စ်မ ဆီသို့ လွင့်ပျံသွားတော့မည်သာ ဖြစ်သည်။ သီးခံ…. မောင်ဖုန်း ။ သီးခံ ….။ သီးခံရင် နိဗ္ဗာန်တောင် ရောက်နိုင်သဟဲ့။
အဖေ့အခြေအနေကို အပြေးအလွှားပြန်ကြည့်ရပြန်သည်။

ညီမလေးလည်း နှစ်ကြိမ်ရှိပြီ အစ်ကိုကြီး..သူက အဲဒီ့အတိုင်းပဲ ။ ညီမလေးဆို ပြန်တောင်မပြောဘူး ။ 

မတတ်နိုင် ..ကျွန်တော်တို့ မောင်နှမ နှစ်ယောက် ကိုယ်တိုင် တစ်ယောက်က ဓါတ်မီးထိုးပြ တစ်ယောက်က တစ်နေသော ချွဲတုံးကို ဆွဲထုတ်နိုင်ရန် ကြိုးစားရသည်။ ခက်သည်က အဖေက  ပါးစပ်ထဲကို ဘာမှ အထည့်မခံ ။ ထည့်သည်နှင့် ဆွဲကိုက်ပစ်တတ်သည်။ ဦးနှောက်သွေးကြော ပေါက်ထားသည်ကို ဆေးဖြင့် ဖျော်ချနေရဆဲ အချိန်ဖြစ်သဖြင့် သတိကလည်း ကောင်းကောင်း မလည်သေး။

မောင်နှမနှစ်ယောက် ချွေးဇောပြန်လာသည်အထိ ကြိုးစားလုပ်ကြည့်နေရပါသည်။ တစ်အောင့်ခန့်ကြာမှ …ရွှေနပ်စ်မ ကြွမြန်းရောက်ရှိလာလေသည်။

ဓါတ်မီးဖြင့် ထိုးကြည့်ပြီးမှ …
အင်း ..ဟုတ်တယ်။ အကြီးကြီးပဲ တစ်နေတယ် ….ဆိုပြီး …နပ်စ်မ နည်းနည်း ပြာသွားသည်။ ကျွန်တော် သည်လည်း စိတ်ဆုံးဖြတ်ချက် ချထားပြီးသား ဖြစ်သည်။ ခုအချိန်အဖေ တစ်ခုခုဖြစ်သွားသည်နှင့် ….ထိုနပ်စ်မ ကိုပါ တစ်ပါတည်း ထည့်ပေးလိုက်ရန် ဖြစ်သည်။

(၂)

တစ်ရက်ငါးထောင် ပေးငှားရပြီး ..အချိုးတစ်စက်မှ မပြေသော ထိုနပ်စ်မ မျိုးကို ဘောက်မဲ့ ငှားရသနည်း ။  ပြင်ပမှ နပ်စ်များကိုရော ဌား၍ မရသလော။

(က) ဆေးရုံတွင် နပ်စ်မ အလွန်နည်းပါသည်။ လူနာပေါင်းများစွာကို ထိုအနည်းစုသော နပ်စ်မလေးများဖြင့် …မနိုင်မနင်း တာဝန်ထမ်းဆောင်နေကြရသည်။

(ခ) ထိုထိုထဲမှ ….မိမိလူနာအတွက် စပါယ်ရှယ်နပ်စ်အဖြစ် ဂရုစိုက်လုပ်ဆောင်ပေးမှုလေးကို ရရှိစေရန် အတွက် …ငွေသားအသပြာ ငါးထောင်ကို ပူဇော်ပါမှသာ ..သင်သည်..သင့်လူနာအတွက် …အနည်းငယ် ဂရုစိုက်ပေးမှု ကို ရရှိနိုင်ပါသည်။

(ဂ) ခေါ်ချင်တိုင်းလည်း သင်သည် နပ်စ်ခေါ်၍ မရပါ။ သီးသန့်ခန်းလည်း လိုချင်၍ မရနိုင်ပါ။ သင့်တွင် ငွေရှိတိုင်း မရနိုင်ပါ။ အကယ်၍ သင်သည် ထိုအရာများကိုလိုလားပါက …စစ်စတာကြီးထံ ချဉ်းကပ် ရပါလိမ့်မည်။ သို့သော် ချဉ်းကပ်ပုံ ချဉ်းကပ်နည်း လိုပါသည်။ ဘယ်သို့ဘယ်ပုံ ချဉ်းကပ်ရမည် ဆိုသည်ကိုမူ ..အသေးစိတ် ကျွန်တော် မရှင်းပြလိုတော့ပါ။ ထိုစစ်စတာကြီး ၏ ထမင်းအိုးကို တုတ်နှင့် မထိုး လိုသောကြောင့် ဖြစ်ပါသည်။

(ဃ)

ပြင်ပမှ နပ်စ်များ ငှားပါက .. သင့်လူနာအား ..ဆေးရုံမှနပ်စ်များက ဥပေက္ခာ ပိုမိုထားကြသည့် အပြင်…ဆေးရုံမှ …စက်ကိရိယာများကို သုံးစွဲသည့်အခါ အခက်အခဲ ရှိတတ်ကြောင်း ဘ၀တူ လူနာရှင် များထံမှ …ကြားသိထားရသဖြင့် မငှားရဲပါ။ (နောက်ပိုင်းတွင်မူ ဖြစ်ချင်ရာဖြစ် …ပြင်ပမှ နပ်စ်တစ်ယောက် ၊ ဆေးရုံမှနပ်စ်တစ်ယောက် နှစ်ယောက်စလုံးကို ငှားလိုက်ရပါသည်။ ထိုအခါမှ လိပ်ပတ်လည်ကာ အဆင်ချောတော်မူလေသည်။ )

(င)

အချိုးတစ်စက်မှ မပြေသော ထိုနပ်စ်မကိုမူ ကျွန်တော် အလွန်မုန်းပါသည်။ ယနေ့ထက်တိုင် ပြန်တွေးတိုင်း မုန်းတီးနေမိဆဲဖြစ်သည်။ သူမ၏ နာမည်မှာ …မြင့်မြင့်ဌေးဖြစ်သည်။ အသားဖြူဖြူ ။ ပိန်ပါးပါး ။ သွားနည်းနည်း ခေါသူဖြစ်သည်။ ဤမျှ အတိအကျ ဖော်ပြရခြင်းမှာ …အကြောင်းကြောင်းကြောင့် ထိုဆေးရုံတွင် မိမိတို့ လူနာတင်ရပါက ..ထိုနပ်စ်မကို မဌားမိစေရန် ဖြစ်သည်။ အခြားသော လူလူခြင်း စာနာစိတ် ထားတတ်သော ၊ အကြီးကို အကြီးမှန်း သိတတ်ရိုသေမှု ထားတတ်သော ၊ စိတ်နှလုံးစေတနာ ကောင်းမွန်သော နပ်စ်မလေးများလည်း များစွာရှိပါသည်။ မိမိတို့လူနာကို မိမိတို့သနားညှာတာ လျှင် သေချာ စူးစမ်းကြည့်ပြီးမှ ဌားကြပါလေ။

ယနေ့ မြန်မာပြည်၏ ပြည်သူ့ဆေးရုံကြီးများသည်……လူနာများ၏ အသက်ကို ကယ်တင်ပေးသည့် ကွန်းခို အားထားရာအစစ်အမှန်များ မဟုတ်တော့ပါ။ တစ်ခြမ်းက အားထားရာ ဖြစ်သလို ..ကျန်သည့်တစ်ခြမ်းကမူ သားသတ်ရုံနှင့် အလားသဏ္ဍာန် တူပါသည်။ နေ့စဉ် ……

ဟိုလူ့ကို ကြောက်ရ…

သည်လူ့ကို မျက်နှာချိုသွေးရ….

အမှိုက်သိမ်းမှ အစ ဆရာဝန်ကြီးအထိ ….မျက်နှာတော် မော်ဖူးနေရသော…ဌာနများ ဖြစ်သည်။ စနစ်ဆိုးဖြင့် လည်ပတ်နေရသော ….ထိုထိုဌာနများတွင် … မဖြစ်သာပါက သင်တို့ ကျွန်ုပ်တို့ သွားရောက် ကုသရမည်သာ ဖြစ်သည်။ ဦးနှောက်နှင့် အာရုံကြော ဝေဒနာတစ်ခုခုဖြစ်ပါကလည်း ….သင်တို့သည် ပြင်ပ ဆေးရုံကြီးများကို အားမကိုးပါနှင့်။

ထိုထိုမည်သော နာမည်ကျော် ပြင်ပဆေးရုံကြီးများကပင်လျှင် ….ပြည်သူ့ဆေးရုံကြီး သို့သာ (မနိုင်လို့..စက်ကိရိယာ မပြည့်စုံလို့ ) စသည်ဖြင့် ….နေ့စဉ် …လွှဲပြောင်း ပို့ဆောင်ပေးနေကြသည်မှာ ဥဒဟို ဖြစ်သည်။ ထို့ကြောင့် ….ပြည်သူ့ဆေးရုံကြီးများသည် ကောင်းပါ၏လော ဟု မေးပါမူ ..ကောင်းလည်း ကောင်း၏ ။ မကောင်းလည်းမကောင်း ဟုသာ ဖြေရပေမည်။

လူနာများ အပေါ် …. စေတနာ မထားတတ်သော ၊ တနည်းအားဖြင့် မေတ္တာထားရကောင်းမှန်း မသိသော ..နပ်စ်များ ၊ ဆရာဝန်များ ကိုမူ ….မြန်မာပြည်၏ သားသတ်ရုံများတွင်သာ အလုပ်ခန့်သင့်ပါသည်။ သူတို့သည်…..သူတို့ရရှိထားသော ဘွဲ့များ ၊ ပညာများ နှင့် မတန်သူများ ဖြစ်လေသည်။

ခုံငုံဆိုရပါမူ …. မြန်မာပြည်၏ ပြင်ပဆေးရုံများ သည်လည်းကောင်း …ပြည်သူ့ဆေးရုံကြီးများသည် လည်းကောင်း၊ …ဆေးကုသရေးဆိုင်ရာ အခြေအနေများသည်လည်းကောင်း…..အလွန်အားနည်းပါသည်။ နိုင်ငံပြုပြင် ပြောင်းလဲရာတွင် …အဓိကထားရမည့် အစိတ်အပိုင်းတစ်ရပ်ဟုသာ ထင်မြင်မိပါသည်။ ဤသည်မှာ ကျွန်တော်၏ လူသာမန် အမြင်လည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။ ကျွန်တော် လက်တွေ့ ခံစား ထင်မြင် မိသည့်အတိုင်းသာ ဝေဖန်ရေးသားခဲ့ခြင်း ဖြစ်လေသည်။

(၃)

တစ်နေ့……
ကလေးလူနာလေး တစ်ယောက်ကို ကျွန်တော်တွေ့ရပါသည်။ ကလေးမှာ ဦးခေါင်းကို ခွဲစိတ်ခံထားရသဖြင့် ….အလွန် သနားစရာကောင်းပြီး…ညည အလွန်ငိုပါသည်။ ကျွန်တော်အဖို့ တစ်ညလုံး မအိပ်ဘဲ…. အဖေ့ကို စောင့်ပေးရသူဖြစ်သဖြင့် ….ကလေး၏ နာကျင်စူးရှသော ငိုသံများ ကြောင့် စိတ်နှလုံး နောက်ကျိ သကဲ့သို့ ဖြစ်ရပေသည်။

နိုက်ဂျူတီ အတွက် ငါးထောင်ပေးပြီး ငှားထားရသော မရွှေနပ်စ်မကား ည ရှစ်နာရီ ခန့်မှ …ည ဆယ့်နှစ်နာရီခန့်အတွင်း သုံးကြိမ် မျှ ရောက်လာတတ်ပြီးနောက် ပျောက်တော်မူတော့သည်မှာ တစ်ညလုံး ။ …..နံနက်၆း၀၀ ဆေးတိုက်ချိန်ရောက်လျှင်မူ ….သူမ၏ ရပိုင်ခွင့် ငွေသားအသပြာကို ထုတ်ယူရန် အလို့ငှာ ပေါ်လာတော်မူတတ်စမြဲ။

သီးခံ …မောင်ဖုန်း …သီးခံဟဲ့။ သီးခံရင် နိဗ္ဗာန်တောင် ရောက်နိုင်သကွယ့်။ ထို့သို့နှယ် အကြိမ်ကြိမ် သက်ပြင်းချခဲ့ရသော ဆေးရုံတည်းဟူသည့် ဌာနကြီးတွင် ……ကြုံရ ..ကြားရသမျှကလည်း  စိတ်ချမ်းသာစရာ ဟူ၍ နည်းပါးလှပေစွ ။ ထားတော့…..အကြောင်းဆက်ရပါမူ …….. ………. ……….
နှစ်ရက်သုံးရက် အကြာတွင်မူ …ထိုကလေးကို နဘေးမှ လူနာစောင့် တစ်ဦးက ဗိုလ်အုန်းသီးဟု ခေါ်သည်ကို ကြားရသဖြင့် ကျွန်တော်စိတ်ဝင်စားမိသွားပါတော့သည်။

ဘာလဲဗျ …ဗိုလ်အုန်းသီး ဆိုတာ …၊ ကလေးရဲ့နာမည်လား ။

မဟုတ်ဘူးဗျ…၊ အဲဒီ့ကလေးက ခေါင်းပေါ် အုန်းသီးခြောက် အတည့်ကြွေကျလို့ ဦးနှောက်သွေးယိုပြီး ဒီဆေးရုံ ရောက်လာတာ။ ခု ခွဲစိတ်ထားတယ်လေ။ အဲဒါကြောင့် ဗိုလ်အုန်းသီးလို့ ခေါ်တာ။

ကျွန်တော် တော်တော် အံ့သြသွားမိပါသည်။ ဘယ့်နှယ် …..အုန်းပင်ပေါ်က ကြွေကျတဲ့အုန်းသီးတစ်လုံးက …ကလေး ခေါင်းပေါ်တည့်တည့် ကြွေကျရသလား။ ဒီကလေးကကော ဘယ်လိုကံဇာတာလဲ။ ဘယ်လို နာမည်လဲ ။ ဘယ်လို….ဘယ်လို…..ဘယ်လိုလဲ…..။

ကျွန်တော် ….တော်တော်လေးကို စိတ်ဝင်စားမိသွားပါတော့သည်။ တစ်သက်လုံး သွေးထဲတွင် …လည်ပတ် နေသော …လေ့လာစူးစမ်းလိုစိတ်က မထိမ်းနိုင်။ သို့ဖြင့်ပင် …ပထမဆုံး ကလေးကုတင်အနီးနားမှ ဖြတ်တိုင်း ကလေးမိဘများကို ပြုံးပြရပါသည်။

နှစ်ရက်ခန့်ကြာသောအခါ …..မျက်နှာတန်းမိရုံမက …ကလေးမိဘများနှင့် အပြန်အလှန် နှုတ်ဆက်ကြသည်အထိ ဖြစ်လာသည်။ အိုခေ…အချိန်ကျပြီ။ ကျွန်တော် ကလေးအတွက် ချော့ကလက် ချိုချဉ် အစရှိသည် တို့ကို  ယူသွားပြီး လက်ဆောင်ပေးသည်။ လိုအပ်သည်များကို စူးစမ်းမေးမြန်းသည်။ မိဘများကလည်း လိုလိုချင်ချင် ကလေးနှင့် ပတ်သက်သော အချက်အလက်များကို ပြောပြရုံမျှ မက …ကျွန်တော် ဗေဒင်ပညာ တတ်ကျွမ်းမှန်း သိသွားသည့်အခါ ….မကောင်းတာရှိလျှင် ပြုပြင်နိုင်အောင် လမ်းညွှန်ပေးပါဟု တောင်းဆိုလာကြပါသည်။ ကျွန်တော်ကလည်း ကျွန်တော် တွက်ချက် တွေ့ရှိထားသည် တို့ကို ကလေးမိဘများကို နားလည်နိုင်သမျှ နားလည်အောင် စိတ်ရှည်ရှည် ရှင်းပြပေးရပါသည်။

အောက်ပါ မဟာဘုတ်ဇာတာခွင်ကို ကြည့်ပါ။
မူလ မဟာဘုတ်ဇာတာ 


   အဓိပတိ
       ၃


   အထွန်း
      ၅
    သိုက်
       ၁
      ရာဇ
       ၎
    မရဏ
      ၂
      ဘင်္ဂ
       ၆
      ပုတိ
        ဝ


ပြဿနာဖြစ်ပွားသည့် ကောဇာ မဟာဘုတ်ဇာတာ

   အဓိပတိ
       ၅

   အထွန်း
      ဝ
    သိုက်
       ၃
      ရာဇ
       ၆
    မရဏ
      ၎
      ဘင်္ဂ
       ၁
      ပုတိ
        ၂

ဇာတာရှင်ကလေးငယ်သည် …. ကြာသာပတေးသား အထွန်းဖွား ဖြစ်သည်။ နာမည်မှာ မောင်နွေမင်းခန့်ဖြစ်သည်။

စနေ နံ အစ + တနင်္လာနံ အဆုံး အမည်ပေး မှည့်ခေါ်ထားပါသည်။ အမည်အရင်းစာလုံးသည် ပုတိ ဌာနတွင် လည်းကောင်း၊ အမည်အဖျားစာလုံးသည် မရဏဌာနတွင်လည်းကောင်း ရပ်တည်ထားကြသည်

ရှေးယခင်ဆောင်းပါးပေါင်းများစွာတွင် ကျွန်တော်ထည့်သွင်းရေးသား ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အဆိုပါ ကဲ့သို့သော ခြောက်ခုကြွင်း မဟာဘုတ်ခွင် ရှိ စနေတနင်္လာ ပရိဝတ္တနသမ္ဗန္ဓ ပြုခြင်း နှင့် စပ်လျဉ်းပြီး ဖြစ်သည်။ အဆိုပါ ဆက်နွယ်မှုသည်… အလွန်အင်အား ပြင်းထန်သည်။ မည်သည့်နည်းနှင့်မျှ အမည် မမှည့်ခေါ်အပ်သော အခြေအနေမျိုး ဖြစ်သည်။ ကြံကြံဖန်ဖန်ပင် ကြာသာပတေးသား အထွန်းဖွား ဖြစ်သည့်တိုင်အောင် နာမည်ကို အဆိုပါဂြိုဟ်နှစ်မျိုးဖြင့် မောင်နွေမင်းခန့် ဟု မှည့်ခေါ်ထားခြင်းမှာ …..မဖြစ်သင့်သော အခြေအနေများ ဖြစ်ပွားစေရန် လက်ယပ် ဖိတ်ခေါ်ထားသော အနေအထားဟု သာ ဆိုချင်ပါသည်။

နာမည်အရင်းစာလုံး နွေ  ..သည် စနေနံဖြစ်ပြီး  မွေးနံ ကြာသာပတေးဖြင့် ပက္ခ မိထားသည်။

နာမည်အဖျားစာလုံး ခန့်သည် တနင်္လာဖြစ်ပြီး  အင်္ဂါ နံဖြင့် ပက္ခ မိထားပေသည်။

မွေးနံဖြင့် ပက္ခမိထားခြင်းသည် …. မိမိအား တိုက်ရိုက် ထိခိုက်စေနိုင်မှု ကို ဖော်ပြသည်။ အင်္ဂါဂြိုဟ်ဖြင့် ပက္ခ  မိထားခြင်းသည် … ဘ၀တွင် ရုတ်တရက် မတော်တဆမှုများ၊ လက်နက် ခဲယမ်း မီး တို့ကြောင့် ဒဏ်ရာရရှိစေခြင်းများ၊ ခွဲစိတ်ကုသရမှု ကြုံကြိုက်ရတတ်ခြင်းများ ကို ဖော်ပြသည်။ (ဇာတာရှင်မှာ ကြာသာပတေးသား တစ်ဦး ဖြစ်သည့် အတွက် .. အရွယ်ရောက်လာချိန်တွင် မေတ္တာရေး ၊ အိမ်ထောင်ရေး ပြဿနာ အချို့ မလွှဲမသေ ရင်ဆိုင်ရမည် ) ကိုလည်း ဖော်ပြသည်။
ကောဇာမဟာဘုတ်ဇာတာခွင်တွင်  ပိုမိုဆိုးရွား ပြင်းထန်သည်။  နာမည်သည် အထွန်း+ပုတိ ပက္ခ တွင် တိတိကျကျ မိနေချိန်ဖြစ်ပြီး၊ မွေးနံ ကြာသာပတေးသည်လည်း အာယုဂြိုဟ် ရာဟု အား ပက္ခ မိထားသည့်ကာလ ဖြစ်သည်။

အထူးသဖြင့် ပက္ခဂြိုဟ်တွဲများထဲတွင် စနေဂြိုဟ်ပါဝင်နေခြင်းသည် … ၀ဋ်လိုက်သကဲ့ သို့သော…ကံဆိုးမိုးမှောင်ကျမှုမျိုး ၊ ရှောင်လွှဲတိမ်းဖယ်မရသော ကြမ္မာဆိုးမျိုးကို ဖြစ်ပွားစေတတ်သည်။ ယင်းသို့ ပြည့်စုံသော အခြေအနေများက ….ဤကလေးငယ် ၏ ခေါင်းပေါ်ကို အုန်းသီးခြောက် တည့်တည့်ကြွေကျစေ သည့် အဖြစ်ဆိုးမျိုး နှင့် ကြုံကြိုက်စေနိုင်ခဲ့ခြင်း  ဖြစ်ပေသည်။ (ဤ ၁၃၇၃ခုနှစ် ကာလအတွင်းတွင် …စနေ တနင်္လာ တွဲထားပြီးမှည့်ခေါ်ထားသော အမည်ရှင်ပေါင်း အမြောက်အများ ..ဒုက္ခများကြရသည်မှာ မမြင်ချင်မှအဆုံးဟု ပင် ဆိုရမလောက် များပြားလှပါသည်။)
အဆိုပါအချက်များကို ကလေးမိဘများကို ကျွန်တော် သေချာရှင်းပြပြီးနောက် …သင့်လျော်သော နာမည် တစ်စုံတစ်ရာအတွက် အကြံပေးရွေးခြယ်ပေးခဲ့ပါသည်။ ကလေးမိဘများမှ ဥာဏ်ပူဇော်ခ မေးမြန်းကြသည်။ ကျွန်တော် ပြုံးပြီး ၊ နောက်တစ်ခါ …ကလေးကို ဒီလိုမျိုး ဆေးရုံမရောက်အောင်သာ အတတ်နိုင်ဆုံး စောင့်ရှောက်ကြပါ ဟုသာ ဖြေလိုက်ရပါသည်။

ကျွန်တော် စေတနာကောင်းလွန်း၍လည်း မဟုတ်ပါ။ ကျွန်တော် ..ကိုယ်ချင်းစာမိခြင်းကြောင့် ကူညီ ပေးခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်တော်၏ ဖခင်ကိုယ်တိုင်ပင်လျှင် ….နာမည်မှာ (တနင်္လာ+စနေ ) ဦးကြင်ထွန်း ဖြစ်ပြီး၊ ဦးနှောက်သွေးကြောပေါက်သဖြင့် ဆေးကုသနေရဆဲ မဟုတ်ပါလား။

အချို့သော သူများသည် နာမည်များနှင့် ပတ်သက်ပြီး ပေါ့ပေါ့ပျက်ပျက် သဘောထားကြသည်။ လှရင် ဆန်းရင် အများထက်ထူးရင် ပြီးရော …မှည့်ခေါ်ထားတတ်ကြ၏။ မေ့သည်းနုနုငယ်ငယ်ထွေး ဟူသော အမည်မျိုးထိ..စိတ်ကူးယဉ်ဆန်ဆန် …ကြံကြံဖန်ဖန် မှည့်ခေါ်ထားကြသူများပင် တွေ့ရဖူး၏။ အသည်းယားစရာကောင်းလောက်အောင် မှားယွင်းစွာ မှည့်ခေါ်ထားသော အမည်များကိုလည်း ကြိမ်ဖန်များစွာ တွေ့ခဲ့ရပါသည်။

နာမည်သည်  နာမ်ပိုင်းဆိုင်ရာ ရှုထောင့်အရ ကံဆိုးကံကောင်းမှုကို တွက်စစ်ရာတွင် အလွန်အရေးပါသည် ကိုမူကား…. လူတိုင်းမသိကြ ၊ လူတိုင်းနားမလည်နိုင်ကြသေးပေတကား။

ဆက်ပါဦးမည်…………..။

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီ မောင်ဖုန်း
phone 01 618 469

Post a Comment
 

Posts Comments

©2006-2010 ·TNB