လာဘ်လာဘကို ဆောင်သောဂြိုဟ်

Saturday, May 12, 2012


မဟာဘုတ်ဗေဒင်ပညာ မှာ လာဘ်လာဘ ကို ဘယ်ဂြိုဟ်က ဆောင်ပါသလဲ ဆိုတဲ့ မေးခွန်းမျိုး မေးခဲ့သည် ရှိသော်…. စာရေးသူအနေနဲ့  ဒီကနေ့အထိ လေ့လာ သုတေသနပြုထားသမျှ အတွေ့အကြုံ  နဲ့  သုံးသပ် ပြရရင် ရာဇဌာနမှာ ရှိသောဂြိုဟ်ဟာ လာဘ်လာကို ဆောင်သောဂြိုဟ် ဖြစ်ပါတယ်။


အဲဒီ့လိုပါပဲ …  မူလနေ့နံ အသီးသီးအလိုက်လဲ ..  လာဘ်လာဘကို ဆောင်သော ဂြိုဟ် ကိုယ်စီ ရှိကြ ပါတယ်။ အဲဒါတွေကတော့……

တနင်္ဂနွေသားသမီးတွေအားလုံးအတွက်         ကြာသာပတေးဂြိုဟ်
တနင်္လာသားသမီးတွေအားလုံးအတွက်          သောကြာဂြိုဟ်
အင်္ဂါသားသမီးတွေအားလုံးအတွက်               စနေဂြိုဟ်
ဗုဒ္ဓဟူး/ရာဟု သားသမီးတွေအားလုံးအတွက်         တနင်္ဂနွေဂြိုဟ်
ကြာသာပတေးသားသမီးတွေအားလုံးအတွက်        တနင်္လာဂြိုဟ်
သောကြာသားသမီးတွေအားလုံးအတွက်               အင်္ဂါဂြိုဟ်
စနေသားသမီးတွေအားလုံးအတွက်                      ဗုဒ္ဓဟူး/ရာဟု ဂြိုဟ်

စသည်ဖြင့်  ……အသီးသီးဟာ  လာဘ်လာဘကို ဆောင်သောဂြိုဟ်များလို့ ဆိုနိုင်ပါတယ်။ ဒါဟာ ..ဗေဒင် လိုက်စားသူ အများစုအဖို့ သိပြီးဖြစ်တဲ့ ဆိုင်ရာနေ့နံများရဲ့ န၀င်းဂြိုဟ် ခေါ် ပဉ္စပွတ်ဂြိုဟ်များ ဖြစ်ကြောင်း သိနိုင်ပါလိမ့်မယ်။ ဘာကြောင့် န၀င်းဂြိုဟ်တွေဟာ လာဘ်လာဘကို ဆောင်သလဲ  ဆိုတာ မဟာဘုတ် အမြင်မှာ ကျွန်တော်ရှင်းပြနိုင်တာ ရှိပေမယ့် အရမ်းရှည်လျားသွားနိုင်တာကြောင့် လောလောဆယ် မရှင်းပြလိုသေးပါ။

နောက်တစ်ခုက တော့ လာဘ်လာဘ …..ဆိုတာနဲ့ လူအများစုက ငွေ  လို့ ပြေးမြင်တတ်ကြပါတယ်။  မဟုတ်ပါ။  ငွေတစ်ခုထဲကို ဆိုလိုတာ လုံးဝမဟုတ်ပါ။ လူတစ်ယောက် … ဒီနေရာ ဒီအလုပ် ဒီအနေအထားမှာ လာဘ်  မကောင်းပေမယ့် …တစ်ခြားနေရာ ..တစ်ခြားအလုပ် တစ်ခြားအနေအထား မျိုးမှာကျတော့ လာဘ်ကောင်းသလို ဖြစ်နေ .. ကြုံနေ ကြတာမျိုးတွေ မကြာခဏ သတိပြုမိဖူး ကြပါ လိမ့်မယ်။ ကျွန်တော် ဆိုလိုတဲ့ လာဘ်ကောင်းခြင်း က  အထက်ပါအချင်းအရာကို ဆိုလိုတာ ဖြစ်ပါတယ်။

ဥပမာ ဆိုကြပါစို့ ။  တနင်္လာသားသမီးတွေဟာ ….နေရာထိုင်ခင်း  နေရာဌာနနဲ့ ပတ်သက်ရင် မူလ ကတည်းကကို  … လာဘ်ကောင်းစေတတ်ပါတယ်။       ဘာကြောင့်လဲ ။ န၀င်းဂြိုဟ်ဖြစ်တဲ့ သောကြာဂြိုဟ်ဟာ …… နေရာဌာနဆိုင်ရာ ပြ ….(ဌာနဂြိုဟ်) ဖြစ်နေလို့ပါပဲ ။ ကောင်းပြီ  အဲဒီ့လာဘ် ကောင်းစေသော ဂြိုဟ်သည်  ..မူလမွေးနံ တနင်္လာဖြစ်တာနဲ့ ….နေရာထိုင်ခင်း နဲ့ နေရေးထိုင်ရေး ဆိုင်ရာ ကံကောင်းမှုကို သန္ဓေတည်လာစေသည် ဖြစ်သည့်တိုင်အောင် …မူလမဟာဘုတ် ဇာတာမှာ ဘယ်လို အနေအထား ရပ်တည်သလဲ ဆိုတာလည်း အရေးကြီးပါတယ်။ မူလမဟာဘုတ် ဇာတာမှာ ရပ်တည်မှု အနေအထား ပေါ်မူတည်ပြီး ထိုအကျိုးပေးမှု …လာဘ်ကောင်းမှု သည် အမှန်တစ်ကယ် မည်သည့် အတိုင်းအဆ ပမာဏ ရနိုင်/ မရနိုင် …စဉ်းစားသုံးသပ်ရပါတယ်။

အလားတူပဲ ….အဲဒီ့တနင်္လာသား ရဲ့ … မူလမဟာဘုတ်ဇာတာမှာ ရာဇဌာနမှာ ရပ်တည်နေတဲ့ ဂြိုဟ်ဟာလည်း ….လာဘ်လာဘကို ဆောင်သောဂြိုဟ်လို့ မည်ပါတယ်။ ဆိုပါစို့  တနင်္လာသား တစ်ယောက် ယခုလို နှစ်မျိုး(၁၃၇၃ ခုနှစ်မျိုး) မှာ မွေးခဲ့ရင် ….မူလလာဘ်လာဘဂြိုဟ်ကလည်း သောကြာ ၊ ယခုနှစ် တစ်ခုကြွင်း မဟာဘုတ်ခွင် ဇာတာမျိုး ဖြစ်တာကြောင့် …ရာဇမှာလည်း သောကြာဂြိုဟ် ရပ်တည်နေသည့်အတွက် …မဟာဘုတ်ဇာတာအရ …လာဘ်လာဘ ဆောင်သောဂြိုဟ်ကလည်း သောကြာ …ဖြစ်နေတာမို့……..တနင်္လာသားသမီး ပုတိဖွားတွေအတွက် ….သောကြာဂြိုဟ်ဟာ ..လာဘ် လာဘကို အထူးဆောင်သော ဂြိုဟ်လို့ သိရပါမယ်။          

လက်တွေ့အားဖြင့် တစ်ခုတင်ပြရရင် စာရေးသူဟာ အင်္ဂါနေ့ဖွား ဖြစ်ပြီး တစ်ခုကြွင်း မဟာဘုတ် ဇာတာဖွားလည်း ဖြစ်တာကြောင့်  ….စနေဂြိုဟ်နဲ့ သောကြာဂြိုဟ်ဟာ လာဘ်လာဘကို ဆောင်သော ဂြိုဟ်များ ဖြစ်ကြပါတယ်။ အမှန်တစ်ကယ်လည်း ဘ၀တစ်လျှောက်လုံးမှာ ထိုနေ့နံ သင့်  ….အချင်းအရာ များကနေ အကျိုးစီးပွား မကြာခဏ ရရှိစေခဲ့ပါတယ်။ သတိပြုမိသမျှ အခြားသော ဇာတာရှင်များမှာလည်း စာရေးသူနည်းတူ …သူတို့ရဲ့ ဆိုင်ရာ လာဘ်လာဘ ဂြိုဟ်များရဲ့ အကျိုးပြုမှုကို ခံစားရတာကို သတိ ထပ်ထပ် ချပ်မိခဲ့တာကြောင့်လည်း ဒီဆောင်းပါးလေးကို ရေးဖြစ်ခဲ့တာပါ။

ဘယ်ဂြိုဟ်သည် ဘယ်အရပ် ၊ ဘယ်ဂဏန်း၊ ဘယ်အရာတွေကို အုပ်စိုးတယ်….၊ မိမိရဲ့ မူလမဟာဘုတ် ဇာတာအရ ရာဇမှာ ရှိတဲ့ဂြိုဟ်က ဘာလဲ …၊ စသည်ဖြင့်တွေကိုတော့ …အသေးစိတ် မရေးလိုတော့ပါ။ သာမန်အဆင့် ဗေဒင်လေ့လာရုံနဲ့တင် သိရှိနိုင်တာကြောင့် …မိမိတို့ဘာသာပဲ တွက်ချက်ယူကြဖို့ တောင်းပန်ပါရစေ။

ထုံးစံအတိုင်း မေးမြဲ မေးလေ့ရှိကြကုန်သော လာဘ်လာဘဆိုင်ရာ မေးခွန်းများအတွက်တော့ သည်ဆောင်းပါးမှာ ပါသည့်အတိုင်း …ထိုထိုအချင်းအရာတို့သည် လာဘ်လာဘကို ဆောင်တတ်သော သဘာဝ ရှိကြကုန်၏ ဟုသာ ယုံကြည်ယူဆမိပါကြောင်း … ။

စကားစပ်လို့ ထပ်ပြောရရင် …. ဒီနေရာမှာ လူအများစုနဲ့ ဆိုင်တဲ့ …. ယုံကြည်မှုလေးတွေကို ပြောပြချင် ပါတယ်။ ဥပမာ အားဖြင့် ….. မြန်မာလူမျိုးအများစုက လာဘ်ကောင်းတယ်လို့ ယုံကြည်ယူဆ ထားကြတဲ့ ဇီးကွက် ရုပ်ကလေးတွေ ဆောင်ထားသော ဓလေ့နဲ့ စပ်လျဉ်းပြီး ဆိုပါတော့။ လူအများစု ဆောင်ကြတယ် ။ ဒါပေမယ့်  တစ်ကယ်လာဘ်ကောင်းသလား မကောင်းသလား သူတို့မသိကြပါဘူး။ စာရေးသူရဲ့ အမြင်အားဖြင့်တော့ ….စနေသားသမီးများ မဆောင်အပ်ပါ။ အဲဒီ့လိုပါပဲ …ခြောက်ခုကြွင်း မဟာဘုတ် ဇာတာရှင်တွေ လည်း မဆောင်အပ်ပါ။ ဗေဒင်ပညာ အနဲငယ်လေ့လာဖူးသူများ ဘာကြောင့် ဆိုတာ နားလည်ကြပါလိမ့်မယ်။

အဓိက ဆိုချင်တာကတော့….သူများအတွက် လာဘ်ကောင်းတိုင်း ကိုယ့်အတွက် လာဘ်ကောင်းမယ်လို့ တစ်ထစ်ချ မယူဆအပ်ကြောင်းပါပဲ။ လူအမျိုးမျိုး ၊ ဆိုင်ရာ ဇာတာအနေအထားအမျိုးမျိုး ၊ ဂြိုဟ်အင်အား သက်ရောက်မှု အဖုံဖုံ …စသည်ဖြင့် ကွာဟကြတာကြောင့် …..သူဆောင်တော့ အကျိုး ကိုယ်ဆောင်တော့ အပြစ် ဖြစ်တတ်ပုံကို သဘောပေါက်မိကြဖို့လိုပါတယ်။

စာရေးသူရဲ့မိတ်ဆွေ စနေသားတစ်ဦးရှိပါတယ်။ …. တစ်နေ့သူက သူ့အိမ်မှာ အလွဲလွဲအချော်ချော်တွေ တော်တော် ဖြစ်နေလို့ .လိုက်ကြည့်ပြီး မသင့်တာရှိရင် လမ်းညွှန်ပေးပါဦးလို့ ဆိုတာကြောင့် လိုက်သွားခဲ့ မိပါတယ်။ အိမ်လည်းရောက်ရော… ဘုရားစင်မှာ ဇီးကွက်ရုပ်ကလေးတွေ တို့လို့တွဲလောင်း ချိတ်ထား တာကို တွေ့ရတာကြောင့် ဖယ်ရှားခိုင်းပြီး..၊ ဇီကွက်တံဆိပ်နဲ့လုံချည် သို့မဟုတ် ဖိနပ် တွေ့ရင် ၀ယ်သုံး လိုက်ပါလို့ မှာခဲ့ရပါတယ်။ သူကတော့ နားမလည်ပါဘူး…..ဟိုဇီးကွက်ကျတော့ ဖယ်ရှားခိုင်းပြီး၊ သည်ဇီးကွက် ကျတော့ ဆောင်ခိုင်းပြန်တယ် လို့ အတွေးရှုပ်နေပုံရပါတယ်။

ကဲ .. ဒီလောက်ဆိုရင် …. ကျွန်တော် ဘာကိုဆိုလိုတယ်ဆိုတာ …ဗေဒင်လေ့လာနေသူများ သဘောပေါက် မိနိုင်ကြမယ်လို့ ယူဆမိပါတယ်။

အားလုံးပဲ ချမ်းမြေ့ကြပါစေ…ဆုတောင်းရင်းဖြင့် ….

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
phone . 01 . 618 469

Post a Comment
 

Posts Comments

©2006-2010 ·TNB