(၁)
သည်ဇာတ်လမ်း ၏ အစကတော့ …..ရှာရှာဖွေဖွေ မွှေနှောက်စူးစမ်းတတ်သော နေဒွန်းနိုင်၏ အလေ့အကျင့် မှ စတင်ခဲ့ခြင်း ဖြစ်လေသည်။

(၂)
နေဒွန်းနိုင်၏ အဖိုး ဆုံးပါးခဲ့သည်မှာ ….. လေးနှစ်ကျော်ခန့်ရှိပြီ ဖြစ်သည်။ နေဒွန်းနိုင် ၏ အမေ သည် အဖိုး၏ ပစ္စည်းဟောင်း တစ်ချို့ကို မိမွေဖမွေ အဖြစ် တမြတ်တနိုး သိမ်းဆည်းထားခဲ့သည်။..အဖိုး မဆုံးပါးမီ ကတည်းက ….. အဖိုးကိုယ်တိုင် တစ်ယုတစ်ယ အမြဲသိမ်းထားတတ်သော ထင်းရှုးသေတ္တာငယ် တစ်လုံး ရှိခဲ့ပြီး….ထိုသေတ္တာထဲတွင် ….ဘာတွေရှိနေသည်ကို နေဒွန်းနိုင် အမြဲစိတ်ဝင်စားမိခဲ့ဖူးသည်။
သို့သော် အမေသည် … နေဒွန်းနိုင် အား ..အဖိုး၏ ပစ္စည်းများကို ကိုင်တွယ် စူးစမ်းကြည့်ခွင့် လုံးဝ မပြုခဲ့ပါပေ။
မင်းအဖိုး ကိုယ်တိုင်က ….သူသေရင် သူပစ္စည်းတွေအားလုံးကို မီးရှို့ပစ်ဖို့ အမေ့ကို မှာခဲ့တယ် သားရဲ့…၊ အမေက မင်းအဖိုးကို အမှတ်တရ ဖြစ်အောင်လို့သာ တမင်ခုထိ သိမ်းထားတာ..ငါ့သားနဲ့ …ဘာမှ မဆိုင် ပါဘူးကွယ်… စာအုပ်တွေ ၊ မှတ်တမ်းမှတ်ရာတွေပါ…။
ယင်းမှာ …. အဖိုး၏ ထိုသေတ္တာငယ်လေး အား နေဒွန်းနိုင် စူးစမ်းရန်ကြိုးပမ်းတိုင်း …အမေ ပြောပြ တတ်သော စကားများ ဖြစ်ပါသည်။
(၃)
သိလိုစိတ်၏ အဆုံးစွန် …..တွန်းအားပြုမှုကို မခံနိုင်သော တစ်နေ့တွင်မူ….နေဒွန်းနိုင် သည်…..အဖိုး၏ သေတ္တာငယ်ကို … အမေအိမ်တွင် မရှိခိုက် ….ခိုးကြောင်ခိုးဝှက် ..လေ့လာစူးစမ်း ခဲ့မိပါတော့သည်။
ထိုနေ့က……….သော့ခတ်ထားသော အဆိုပါ ထင်းရှုးသေတ္တာကို ဖွင့်လိုက်ရချိန် ခံစားမှုမှာ ..ဘာနှင့်မှ မတူအောင် …လှုပ်ခါနေခဲ့ပါသည်။
သေတ္တာ ပွင့်သွားချိန်တွင်မူ….. အဆိုပါသေတ္တာထဲတွင်….. အရွယ်အစားအမျိုးမျိုးသော စာအုပ်များ နှင့် ပုံစံ အမျိုးမျိုးသော ပုလင်းငယ်ပေါင်းများစွာကိုသာ တွေ့ရှိရပြီး……..ထူးခြားဆန်းကြယ်သော အရာဟူ၍ ဘာမှ မတွေ့ရသဖြင့် နေဒွန်းနိုင် အလွန်စိတ်ပျက်သွားခဲ့မိလေသည်။
သို့သော်………
အဖိုး၏ မှတ်တမ်းမှတ်ရာ စာအုပ်တစ်အုပ်ကို စတင်လှန်လှောဖတ်ရှုမိချိန်မှ စပြီး………နေဒွန်းနိုင်သည် လောကကြီးကို မေ့မတတ် ဖြစ်သွားခဲ့ရသည်။ မယုံနိုင်စရာကောင်းလောက်အောင် ထူးဆန်းသော အချင်းအရာ များစွာကို လည်း ဖတ်ရှုလေ့လာခွင့်ရရှိခဲ့ပါသည်။
ကောင်းကင်ဂြိုဟ်များ……၊ လူသား များ နှင့် နာမ်လောက အကြောင်း ၊ ထူးဆန်းသော မှော်ပညာများ ၊ ဂဏန်းသချာင်္တို့၏ ထူးခြားဆန်းကြယ်မှုများ အကြောင်း ၊ အသံတို့၏ နက်နဲသော …လျှို့ဝှက်ချက်များ အကြောင်း……စသဖြင့် မြောက်များစွာသော ရူးသွပ်သွားနိုင်ဖွယ်ရာ ကောင်းလောက်အောင် ထူးဆန်းသော ………..အချင်းအရာများစွာကို အိပ်မက်ပမာ ဖတ်ရှုခွင့်ရရှိခဲ့လေသည်။
လက်တွေ့စမ်းသပ် ကြည့်လိုစိတ်ပြင်းပြသော ……..လူငယ်လေးတစ်ယောက်ဖြစ်သည့် နေဒွန်းနိုင် အတွက် ……….. အဖိုး၏ မှတ်စုမှတ်တမ်းများထဲမှ….အချို့သော အချင်းအရာတို့သည် …စမ်းသပ်စရာ အကြောင်း အရာများ ဖြစ်လာခဲ့လေသည်။
နေဒွန်းနိုင် ပထမဆုံး စမ်းသပ်ခဲ့မိသော ….အကြောင်းအရာကား…….ဆုတောင်းပြည့် သစ်ပင် စိုက်ပျိုးခြင်း ဖြစ်လေသည်။
(၄)
နေဒွန်းနိုင် ၏ ရှေ့တွင် … ပစ္စည်းကိရိယာ စုံစီနဖာကို စီပြီးချထားသည်။
စားပွဲတင်နာရီတစ်လုံး ၊ ရေအပြည့်ပါသော ရေဖလား တစ်ခွက်၊ ရွှေလက်စွပ်တစ်ကွင်း ၊ ငွေဒင်္ဂါးတစ်ပြား၊ မြေဆွသော ခယင်းတစ်ခု၊ ပန်းအိုးငယ်တစ်လုံး ၊ အညိုရောင် ပုလင်းငယ်တစ်လုံး ၊ ခရုခွံ ကမာခွံအချို့ နှင့် အဖိုး၏ မှတ်စုစာအုပ် နီညိုရောင် တစ်အုပ် ဖြစ်သည်…။
နေဒွန်းနိုင်သည် နာရီပေါ်ရှိ စက္ကန့်လက်တံများ တစ်ချက်ချက် သွားနေသည်ကို မျက်တောင်မခတ် စိုက်ကြည့်နေမိသည်။ နံနက်ခြောက်နာရီတိတိထိုးသည်နှင့် တစ်ပြိုက်နက်… ရေဖလားထဲသို့ ရွှေလက်စွပ် နှင့် ငွေဒင်္ဂါးကို ထည့်လိုက်သည်။ ပန်းအိုးအောက်ခြေတွင် ခရုခွံ ကမာခွံများကို ထည့်သည်။ ထိုအပေါ်မှ မြေဆီ တစ်ထပ် ဖြည့်သည်။ ယင်းမြေဆီပေါ်တွင်မှ…သဲဖြူအနဲငယ် ထပ်လောင်းပြီး …အညိုရောင် ပုလင်းထဲမှ တစ်စေ့ထဲသော မျိုးစေ့ငယ်လေးကို ဖြေးဖြေးချင်းထုတ်ပြီး ..ပန်းအိုးထဲတွင် နေရာချ လိုက်သည်။ မြေဆီ ထပ်လောင်းသည်။ ပြီးသည်နှင့် …ပန်းအိုးထဲသို့ ……ရွှေလက်စွပ်နှင့် ငွေဒင်္ဂါးပြားကို သုံးလက်မ အတိခြားပြီး ထည့်သည်။ ပြီးလျှင် မြေဆီထပ်ထည့်ပြန်သည်။ အားလုံးပြီးသွားသည်နှင့် မြေဆွ ခယင်းကို ယူပြီး အပေါ်ဆုံးမြေဆီလွှာကို ခပ်ဖွဖွ …..ထိုးယက်မွှေနှောက်ပေးလိုက်လေသည်။
တောက်ပသော နံနက်ခင်း နေရောင်ခြည် အောက်တွင် …..နေဒွန်းနိုင် သည် …အဖိုးစာအုပ်ထဲမှ လမ်းညွှန်ချက် အတိုင်း …မန္တာန်တစ်ပုဒ်ကို ဖြေးဖြေးမှန်မှန် ရွတ်ဆိုလျှက် မြေဆီတို့ကို ခယင်းဖြင့် ခပ်ဖွဖွ ထိုးယက် မွှေနှောက်ပြီးသည့်နောက်….. ဆုတောင်းပြည့်သစ်ပင် စိုက်ပျိုးခြင်း ကဏ္ဍ ပြီးဆုံးခဲ့လေသည်။
(၅)
ထိုနေ့မှ အစပြုပြီး……..နေဒွန်းနိုင်၏ နေ့စဉ် ကျောင်းသွားကျောင်းပြန်ချိန်များရောက်တိုင်း ……အာရုံ အပြည့်အ၀ စူးစိုက်နေခဲ့မိသည်မှာ ထိုပန်းအိုးလေးပဲ ဖြစ်လေသည်။
နေစဉ် မျှော်လင့်မိသည်မှာ….ဘယ်အချိန် အပင်ကလေး စပေါက်လာမလဲ ၊ မှတ်တမ်းပါ အတိုင်း သတ်မှတ် ကာလတွင် ပေါက်လာပါ့မည်လား ဟူသည့် အတွေးမျှော်လင့်ချက်များ ဖြစ်ပြီး…….တစ်ခါတစ်ရံ အိပ်မက် ထဲမှာပင် ထည့်မက်မိသည်အထိ နေဒွန်းနိုင် စိတ်စွဲလမ်းနေခဲ့မိလေသည်။
(၆)
တစ်ရက်……

နှစ်ရက်……..
တစ်ပတ်………
နှစ်ပတ်……………..
တစ်လ……………………
နှစ်လ……………………………
သုံးလ ပြည့်မြောက်သော နေ့၏ ပထမဆုံး နံနက်ခင်းတွင် ….အပင်ပေါက်ကလေးကို စမြင်ခွင့် နေဒွန်းနိုင် ရရှိခဲ့ပြီး….ထိုနေ့မှာပင် …နေဒွန်းနိုင်၏ ပထမဆုံး ဆုတောင်း….ခြင်း စတင်ခဲ့လေသည်။
နေဒွန်းနိုင်၏ ပထမဆုံး ဆုတောင်းကား…………. ယနေ့ မုန့်ဖိုး ငါးထောင် ရပါစေ ဟူ၍ ဖြစ်လေသည်။

(၇)
ထိုဆုတောင်းပြုခဲ့သည့်နေ့က …….. နေဒွန်းနိုင်သည် ကျောင်းမသွားမီ အဖေ့ကို တစ်လှည့် အမေ့ကို တစ်လှည့် ပြုံးပြုံးကြီး လုပ်ပြနေခဲ့ရသည်မှာ အကြိမ်ကြိမ် ဖြစ်ပြီး ….. ဘယ်အချိန်ငါ့ကို မုန့်ဖိုးငါးထောင် ပေးမလဲ …ဟု မျှော်လင့်နေခဲ့မိလေသည်။ ပုံမှန်အားဖြင့် …မမကြီးဖြစ်သူပင်လျှင် မုန့်ဖိုး တစ်ရက် တစ်ထောင်သာ ရပြီး ၊ သူကတော့ …နေ့စဉ် ပုံမှန် မုန့်ဖိုးငါးရာသာ ရသူဖြစ်ခြင်းကြောင့် မုန့်ဖိုးငါးထောင် ရပါစေ ဟူသော ဆုတောင်းမှာ …နဲနဲတော့ စွန့်စားလွန်းရာ ရောက်သလို နေဒွန်းနိုင် ခံစားရပါသည်။
သို့သော်…. သူ၏ ဆုတောင်းပြည့် သစ်ပင်ငယ်လေး၏ အစွမ်းသတ္တိကို ယုံကြည်စိတ်ဖြင့် …နေဒွန်းနိုင် ရင်ခုန်စွာ မျှော်လင့်နေခဲ့မိသည်ကတော့ အမှန်ပါပေ။ ဂဏှာမငြိမ်သော နေဒွန်းနိုင်ကိုကြည့်ပြီး ……. နေဒွန်းနိုင်၏ ဖခင်က မျက်စိနောက်လာဟန်တူသည်။
အမေကြီးရေ ….နင့်သားကို မုန့်ဖိုးပေးပြီးပြီလား……..၊ ဒီကောင် ဂဏှာမငြိမ်ဘူးဖြစ်နေတယ်။
ပေးမှာပေါ့ …… ကျောင်းသွားချိန်မှ မနီးသေးတာ။ ထမင်းစားကြဦးလေ ….၊ အငယ်မရော…ဘယ်သွားလဲ ကျောင်းသွားချိန်နီးနေပြီ …ကြောင်တွေနဲ့ ဆော့နေတုန်းပဲလား…..။
တွတ်တိတွတ်တိ ပြောရင်း အမေ၀င်လာသည်။ နေဒွန်းနိုင်က အမေ့ခါးကို ဖက်လိုက်ရင်း …အမေ ဒီနေ့ မုန့်ဖိုးပိုပေးနော် ဟု တောင်းဆိုလိုက်သည်။
ထမင်းဝိုင်းတွင် ကြိုရောက်နှင့်နေသော မမကြီး က နေဒွန်းနိုင်ကို မျက်စောင်းလှမ်းထိုး၏။ အမေက ပြုံးပြီး .နေဒွန်းနိုင်ကို ….မုန့်ဖိုးထုတ်ပေးလိုက်လေသည်။ လက်ထဲရောက်လာသော ……..မုန့်ဖိုးကို နေဒွန်းနိုင် မျက်နှာငယ်လေးနှင့် ကြည့်လိုက်မိသည်။
ငါးရာတန် အနွမ်းလေး တစ်ရွက် တည်း။
(၈)
ကိုယ်ကိုယ်တိုင် စိုက်မိခဲ့သော ထိုအပင်လေးကို ခြေမနှင့် ညှပ်ပြီး ဆွဲမနှုတ်မိစေရန် စိတ်အနိုင်နိုင် ထိမ်းပြီး …နေဒွန်းနိုင် ကျောင်းကို ထွက်လာခဲ့သည်။ သူဘာများ မှားသနည်း ဟုလည်း ပြန်စဉ်းစားသည်။ အဖိုး၏ မှတ်တမ်း စာအုပ်ထဲမှ လမ်းညွှန်ချက်များအတိုင်း သေချာစိုက်ခဲ့သည်ပင် ။ မှားစရာတော့မရှိ
သောကြာနေ့ နံနက် ခြောက်နာရီတွင် စိုက်ရမည်။
မြေဆီအောက်ဆုံးတွင် ခရုခွံ ကမာခွံ အချို့ ထည့်ရမည်။
ရွှေလက်စွပ်နှင့် ငွေဒင်္ဂါးကို သုံးလက်မ ခွာပြီး မြေဆီအောက်တွင် မြှပ်ထားရမည်။
စသည်ဖြင့် သော စည်းကမ်းချက်များ အားလုံးကိုလည်း ညီညွတ်အောင် ဂရုစိုက်ခဲ့သည်ပင်။
ဒါ့အပြင် ….သုံးလမြောက် နံနက်ခင်းတွင် အပင်စပေါက်မည် ဟူသော ….စာအရလည်း ကိုက်ညီစွာ ပေါက်လာခဲ့သည် ဖြစ်၏။ …ဘာတွေများ လွဲချော်နေသနည်း…။ နေဒွန်းနိုင် ခေါင်းခြောက်လာသည်။
ဟူးးးးးးးးးးးးးးး
သက်ပြင်းချရင်း…ကျောင်းခန်းထဲသို့ လှမ်းဝင်လိုက်စဉ်မှာပင်……….
နေဒွန်းနိုင်…..ကျောင်းအုပ်ဆရာမကြီးက ရုံးခန်းကို ရောက်ရောက်ချင်း တန်းလာခဲ့တဲ့ မှာထားတယ်။
မော်နီတာ မင်းသောင်းထိုက် ၏ ဆီးကြိုစကားကြောင့်. …နေဒွန်းနိုင် မျက်နှာပျက်သွားသည်။ သူလုပ်ထား မိသော မဟုတ်တာတွေကလည်း ခပ်များများမို့ ……. ဘယ်အချက်နဲ့ငြိပြီး…ဗြောတီးခံရတော့မလဲ ဆိုတာကို တွေးပူလာသည်။ ကြောက်နေလို့လည်း မပြီး……..လေးလံသော ခြေလှမ်းများဖြင့် နေဒွန်းနိုင် ကျောင်းရုံးခန်းသို့ လျှောက်လာခဲ့ရသည်။
ရုံးခန်းရှေ့ရောက်တော့…..ချက်ချင်းမ၀င်ရဲသေး….။ အခန်းဝ တွင် ယို့ယို့ကလေး …ရပ်ပြီး ဆရာမကြီးကို လှမ်းကြည့်နေရသည်။ ဆရာမကြီးက …သူရောက်နေသည်ကို သိပုံမပေါ်..။ တစ်တောင်ခန့်ရှည်သော စာအုပ်ထူကြီးများကို ဟိုနေရာ …လှန် ..လက်မှတ်ထိုးလိုက်၊ သည်နေရာလှန် …လက်မှတ်ထိုးလိုက်ဖြင့် အလုပ်ရှုပ် နေပုံရ၏။ ခဏနေမှ ….ခေါင်းမော့လာပြီး.. မျက်မှန်ကို ပင့်ကြည့်သည်။ နေဒွန်းနိုင်ကို မြင်သွားပုံ ရ၏။ လက်ယပ်ပြီး ၀င်ခွင့်ပေးလိုက်သည်။
နေဒွန်းနိုင်သည် ….နာဇီအကျဉ်းစခန်းတံခါးဝကို ဖြတ်သန်းဝင်ရောက်လာရသော ..ဂျုးအကျဉ်းသား တစ်ယောက်၏ သိမ်ငယ်တုန်လှုပ်မှုမျိုးဖြင့် …ရုံးခန်းထဲသို့ ခြေဒရွတ်ဆွဲဝင်လာခဲ့ရ၏။
ပြီးခဲ့တဲ့ သောကြာနေ့က …ကျောင်းက နို့တစ်ဘုတ် ပေါ်မှာ ပန်းချီပုံတွေ ဆွဲသွားတယ်ဆိုတာ မင်းလား။ နေဒွန်းနိုင်နော်….နာမည်က ……။
ဟုတ်….ဟုတ်….ဟုတ်ပါတယ် ဆရာမကြီး ။ ကျွန်….ကျွန်တော် …နောက်ကို မဆွဲ…………..။
ပန်းချီဆွဲနည်း သင်တန်း တက်ဖူးလား ၊ ဒါမှမဟုတ် …ဘယ်သူသင်ပေးထားတာလဲ….
မတက်ဖူးပါဘူး ဆရာမကြီး ၊ အဖေက သင်ပေးထားတာပါ။ အဖေက အပျော်တမ်း ပန်းချီဆွဲလေ့ရှိလို့ပါ။
အေး …အေး….၊ နောက်ကို နို့တစ်ဘုတ်ပေါ်မှာ မဆွဲနဲ့ …..၊ ဆရာမကြီးဆီမှာ ပုံဆွဲစာအုပ်တွေ ရှိတယ်။ အေးအေးဆေးဆေး ကျောင်းနားရက်ကျမှ ရှာပြီး မင်းကို ပေးမယ်။
ဟုတ်…ဟုတ်…။
ရင်ဘတ်ထဲက ကျောက်ဆိုင်ကျောက်ခဲသဖွယ် လေးလံဖိစီးနေမှုများသည် …ငှက်မွှေးလေးများကို လေပြည် ခတ်လိုက်သည့်နှယ်……ပေါ့ကနဲ လွင့်ကနဲ …..မြောက်တက်လွင့်စင် သွားကြကုန်၏။
အမြဲမျက်နှာထား တင်းမာနေတတ်ပြီး ၊ အရိုက်ကြမ်းလှသည်ဟု သတင်းကြီးလှသော ဆရာမကြီး ၏ မိုးလေ၀သ အခြေအနေမှာ အံ့သြဖွယ်ရာကောင်းလောက်အောင် ….ကြည်လင်ကောင်းကင်တွင် သက်တန့်ပင် ထင်လုလု ။
မင်း ဆွဲတာ လက်ရာမဆိုးဘူး…၊ လာမယ့် ကျောင်းသားပွဲတော်မှာ နံရံကပ်စာစောင်တွေ ရေးကြရမယ်။ အဲဒီ့မှာ ပန်းချီစာလုံးနဲ့ အဆင်အပြင် အားလုံးကို မင်းကြီးကြပ်ပြီး လုပ်ဖို့ တာဝန်ပေးချင်တယ်။ လက်ရေးလှတဲ့ ကလေးတွေနဲ့ ပန်းချီဝါသနာပါတဲ့ တစ်ခြားကလေးတွေကိုလည်း …မင်းလိုက်စုရမယ်။ ဘယ်လိုလဲ ….လုပ်နိုင်သလား…ဆရာမကြီး ပေးတဲ့တာဝန်ကို ။
ဖျံကို ရေကူးမလား အမေးခံရသည့်နှယ်မို့ …..နေဒွန်းနိုင် သွက်သွက်ကြီး ခေါင်းငြိမ့်ပြလိုက်မိပါသည်။
အေးအေး…..စာလည်းကြိုးစား၊ ပန်းချီလည်း ထပ်လေ့လာဦး ၊ လိမ်လိမ်မာမာတော့နေ….၊ မင်းက ကျောင်းမှာ ..ဆိုးတယ် သတင်းထွက်တယ် ကြားတယ်။ မဖြစ်စေနဲ့ နောင်ကို….။ ရော့….ဒါက ဆရာမကြီးက မင်းကို ပန်းချီတော်လို့ မုန့်ဖိုးဆုချတာ………..၊ ကိုယ်ဝယ်ချင်တဲ့ ပန်းချီပစ္စည်းလေးတွေ ၀ယ်ပေါ့ ။ ရော့………………..။
ထ က ချင်သည့် စိတ်ကို နေဒွန်းနိုင် မနဲချုပ်တည်းထားရသည်။ တုန်ရင်နေသော လက်ဖြင့် ဆရာမကြီး ဆုချသော မုန့်ဖိုးကို လှမ်းယူခဲ့ရပြီး…ရုံးခန်းမှ မြန်မြန်ပြန် ပြေးထွက်လာခဲ့မိ၏။
ဝါးနှစ်ခန့်ထိ ……သုတ်သုတ် သုတ်သုတ် လျှောက်လာခဲ့ပြီးနောက် ..လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားမိသော ဆရာမကြီးပေးသည့် မုန့်ဖိုးငွေကို …ဖြန့်ကြည့်လိုက်မိလေသည်။

တစ်ထောင် ……
နှစ်ထောင်……
သုံးထောင်…..
လေးထောင်……
နှင့်….ငါးရာတန် တစ်ရွက် …………………………….။
တနည်းအားဖြင့် …လေးထောင့်ငါးရာ တိတိ ဖြစ်လေသည်။
ထိုနေ့က ကျောင်းဝန်းတစ်ခုလုံးကို ….အရူးပမာ လှည့်ပတ်ပြေးနေသော နေဒွန်းနိုင် ကို အချို့သော ကျောင်းသူကျောင်းသားများက စိတ်ဖောက်သွားပြီ ဟု ဆိုကြ၏။
ယနေ့ မုန့်ဖိုး ငါးထောင် ……ရသော နေဒွန်းနိုင်ပါတကား……………….၀ါးလားလားလား ၊ ၀ူးလူးလူးလူး………….ဝေးဟေးဟေးဟေး…………………..ဟားဟားဟားဟားဟား။
နေဒွန်းနိုင်သည်ကား ဘယ်သူဘယ်လိုထင်ထင် ဂရုမစိုက်တော့ပြီ။ ပေါက်ကရမျိုးစုံ အော်ဟစ်ရင်း ကျောင်းဝန်းထဲတွင် ကဆုန်ပေါက် ပြေးလွှားနေလေတော့သတည်း။
(၉)
အချို့က နေဒွန်းနိုင် ယဉ်ယဉ်လေးရူးသွားကြသည်ဟု ဆိုကြသည်။
အချို့က နေဒွန်းနိုင် ထူးထူးဆန်းဆန်း ကံကောင်းနေသည် ဟု ဆိုကြ၏။
အဆိုးဆုံး သို့မဟုတ် အဆန်းဆုံးကတော့…….နေဒွန်းနိုင်ကို တစ်စက်ကလေးမှ ကြည့်မရသော … ဆယ်တန်းအေမှ ဟန်နီမိုးမိုးသူ တစ်ယောက်…နေဒွန်းနိုင်နားတွင် တစ်ရစ်ဝဲ၀ဲ လိုက်ကပ်နေခြင်း ဖြစ်ပြီး….၊ ကိုရွှေနေဒွန်းနိုင်က မူ ..ဂျိန်းစ်ဘွန်းမင်းသား ကဲ့သို့…သိပ်အရေးမထား ထီမတင်ပုံစံမျိုးဖြင့် ….အိုက်တင် ပေးနေခြင်းပဲ ဖြစ်လေသည်
(၁၀)
အချို့သော ကံဆိုးမှုများသည် ….ကံကောင်းခြင်းတို့၏ ကနဦးအစ ဖြစ်နေတတ်ကြသကဲ့သို့ပင် .. အချို့သော ကံကောင်းမှုများသည်လည်း ကံဆိုးခြင်းတို့၏ အစကနဦး ဖြစ်နေတတ်ကြပေသည်။
အထူးသဖြင့်…အစွမ်းထက်မြက်လှသော ..၀ရဇိန် လက်နက်မျိုး …မျောက်လက်ထဲ ရောက်ရှိသွားခြင်းမျိုးမှာ အန္တရယ်ကြီးလှသော အခြေအနေတစ်ရပ်သာ ဖြစ်လေသည်။
ဤ နိယာမသာ မှန်ကန်နေခဲ့ပါမူ………နေဒွန်းနိုင်၏ ကံကောင်းခြင်းများသည် ………………..ကံဆိုးမှုတို့၏ ကနဦးအဖွင့် …ဖြစ်ကောင်းဖြစ်နေပေတော့မည်တည်း။

ကိုစိုး
21 . Monday.May.2012 pm; 2:41
21 . Monday.May.2012 pm; 2:41
phone 01 618 469
Post a Comment