သရုပ်မှန် လ၀န်း ရွှန်းပပ

Friday, June 22, 2012



သိပ်တော့ ….လူကြားမကောင်း…။

ဘယ့်နှယ် ….အချစ် နှင့် မေတ္တာရေး …အကြံပြု စာပေတွေ ဝေေ၀ဆာဆာ ရေးနေသည့် ဗေဒင်ဆရာ စာရေးဆရာကြီးတစ်ယောက် ..မိန်းမနှင့် ကတောက်ကဆ မကြာခဏ ဖြစ်နေရသည် ဆိုပါလျှင် ..လူဟားစရာ ဖြစ်တော့မည်။

ခုလည်း ….. ကျွန်တော် နှင့် မိသွယ် တို့ စကားများ ရဦးမည် ထင်၏။ မနက်ကတည်း က …ဆူဆောင့် နေသော မိသွယ်ကို ကျွန်တော်လည်း ပြန် တင်းစ ပြုလာသည်။


(၁)

ဟင်း …. က  ဒါပဲထင်တယ်။

မေးပြီးမှ…..ငါတော့ မီးနီကို ဖြတ်မောင်းမိပဟဲ့လို့ …သိလိုက်သည်။ အမြန် ဘရိတ်အုပ်လိုက်သော်လည်း စကားလုံးများက အချိန်မမီတော့။ လွှတ်ခနဲ ပြောမိပြီး ဖြစ်သွားလေပြီ။

ဟင်းဟင်းဟင်း…..ဒီမှာ ကိုရွှေစာရေးဆရာကြီး ၊ ရှင့်ကိုယ်ရှင် ….မီလျံနာ ၊ ဘီလျံနာလို့များ စိတ်ကူးယဉ်ပြီး … ထမင်းပွဲကိုပါ ..စိတ်ကူးယဉ်နေသလား ။ ရှင်က..ဈေးဖိုး ဘယ်လောက်ထုတ်ပေး ထားလို့ ………..++++++xxxxxxxxx------++++======xxxxxx ။

ထုံးစံအတိုင်း စနက်တံကို မီးရှို့လိုက်မိပြီမို့………..တရုတ်ဗြောက်တွဲရှည်ကြီး ..တစ်ဘောင်းဘောင်း ထပေါက်သလို….မိသွယ် ၏ ကွိကွိကွကွ ….စကားနာထိုးသံများက မရပ်တော့ပြီ။

(၂)

တော်………..တိတ် ။
အံမာ …ဘာလို့တော်ရမှာလဲ …..ရှင်သာတော်။
အေး ..ငါက တော်ပြီးသား …တော်လွန်းလို့ ….စာရေးဆရာလုပ်နေတာကွ သိလား။
ဟွန်း…အဟင်းဟင်းဟင်းးး ………….. တော်လွန်းလို့ စာရေးဆရာလုပ်နေတာ ဟုတ်လား ။ အံ့ပါရဲ့ရှင်……၊ မှတ်သားထားလိုက်ပါဦးမယ်………ဈေးဖိုးတောင် တိုင်းတိုင်းပေးနိုင်တဲ့ စာရေးဆရာကြီးရဲ့ ……။

ဟေ့ …..အဲဒါကကို …စစ်မှန်တဲ့ သရုပ်မှန်စာပေ စာရေးဆရာတစ်ယောက်ရဲ့ ပြယုဂ်ကွ နားလည်လား …. နားမလည်မ ရဲ့ ….။

ဟုတ်တယ် …ဟုတ်တယ်…ကျွန်မတို့ကတော့ နားမလည်ဘူးတော်ရေ့……..၊ သရုပ်မှန်တာတွေ သရုပ် မမှန်တာတွေ နားမလည်ဘူး …၊ သူများ မိန်းမတွေနဲ့ယှဉ်တိုင်း ..မျက်နှာငယ်ရတဲ့ ကိုယ့်ဘ၀ကိုယ်ပဲ နားလည်တယ်။

အေး…..အဲဒါကကို သရုပ်မှန်နေတာ ….သရုပ်မှန်နေတာ ၊…..စာရေးဆရာကတော် ဖြစ်မှတော့ စာရေးဆရာကတော်လိုပဲ နေရမှာပဲ … စော်ဘွားကတော်လို နေချင်လို့ တော့ မရဘူးကွ …သိလား။

ကဲဟယ်……သရုပ်မှန်ဦး…၊ သရုပ်မှန်ချင်ဦး………………။

မိသွယ် …လက်မပါနဲ့နော်……..၊ဟေ့ …ပြောနေတာမကြားဘူးလား။

ခွမ်း…….ချွမ်း……ဒုန်း ။

ဟေ့ဟေ့ ….အဲဒါမခွဲနဲ့ နော်…ဈေးကြီးပေးထားရတာ……၊ ဟိုဘက်က အနာပါတဲ့ ပန်းကန်ခွဲချင်ခွဲ……….။

ခွမ်း…………
ဒိုင်း……………..
ဒုန်း………………………..
ဒုန်း………………………………… ။

(၂)

ဟား………..ကိုစိုး လာတယ်ဟေ့ ….တို့ဆရာသမား လာတယ်။ ထုံးစံတစ်ခွက် အဆင်သင့်ဖျော်ထား……၊ မျက်နှာမှာလဲ ကုတ်ရာတွေပါတယ်ဟေ့ …ထုံးစံအတိုင်း ငါတို့ဆရာ သရုပ်မှန်လာပုံ ရတယ်………ကျရေ ပိုထည့်ပြီး ခပ်ပြင်းပြင်းလေး ဖျော်ပြီး ချပေးလိုက်။

ထိုင်နေကျ တီးဆိုင်ပိုင်ရှင် ကိုဝေလက ကျွန်တော့်မျက်နှာကိုကြည့်ပြီး အလိုက်သိစွာ ဖျော်ဆရာ ကောင်လေးကို လက်ဖက်ရည် ဖျော်ခိုင်းလိုက်သည်။ သီဟတို့ အုပ်စုကတော့….ခုံနေရာဖယ်ပေးရင်း ပြုံးစိစိ ဖြစ်နေကြ၏။

ကျွန်တော် က မင်းဇော် ပေးသော ခုံပုလေးကို ယူပြီး ၀ိုင်းတွင် ၀င်ထိုင်လိုက်သည်။ ကျော်မင်း နှင့် မျိုးလွင် တို့ကတော့ …ကျွန်တော့်မျက်နှာမှ ကုတ်ရာခြစ်ရာတို့ကို သုံးသပ်ကြည့်ရှုရင်း. ..

ဒီတစ်ခါ သရုပ်မှန်လာတာ……နက်ရှိုင်းပုံရတယ် ဟု အချင်းချင်း ဆိုနေကြလေပြီ။ ကျွန်တော်  ပါးစပ် လှုပ်ရုံမျှ ထိုနှစ်ကောင်ကို ဆဲလိုက်ပြီး … ရူဘီတစ်လိပ်ကို လှမ်းယူလိုက်သည်။

မင်းဇော်က ရေနွေးခွက်တစ်ခွက်ကို သန့်စင်ပေးရင်း ..ရေနွေးဖြည့်ပေးပြီး…….

ဘယ်လိုလဲ ကိုစိုး … ဒေါ်သွယ်က အတော်မလွယ်ဘူးထင်ပ ………၊ ဒီတစ်ခါ မျက်နှာပေါ်က လက္ခဏာ တွေက ….နဲနဲများသလိုပဲ။

နဲနဲပါးပါးပါကွာ…….၊ ငါ့လက်ဆ ကသာ ပိုများတယ်ကွ ၊ ဒင်း တော်တော်နဲ့ ထနိုင်မှာမဟုတ်ဘူး။

ကျွန်တော့် အပြောကြောင့် ..သီဟက တစ်ခွိခွိရယ်၏။ မင်းဇော်က ပြုံးစပ်စပ်ဖြင့် …….

ဟုတ်လား ….ဘယ်နေရာ …ရိုက်လိုက်မိသလဲ…… ဟု စကားဝင်ထောက်ပေးသည်။ ကျော်မင်းက ……..

ခြေမျက်စိတို့ ခြေသန်းလေးတို့  ဖြစ်မယ်………..ကွ ၊ တော်တော်နဲ့ထနိုင်မှာ မဟုတ်ဘူးဆိုတော့……….။

အေပေး …………………ကျော်မင်း ၊ ငါ့ဘာသာ ဘယ်နေရာ ရိုက်ရိုက်ပေါ့ကွ နင့်အပူလား။

တစ်ဝိုင်းလုံး ကျွန်တော့်ကို ကြည့်ပြီး ပြုံးစိစိဖြစ်နေကြ၏။ အင်း……….မိန်းမ …….မိန်းမ………။

(၃)

အိမ်ပြန်ရောက်တော့……..  မီးတွေ တစ်ပွင့်မှ ဖွင့်မထား ၊ ဘုရားခန်းတွင်သာ မီးပူဇော်ထားသည်ကို တွေ့ရသည်။ ကိစ္စမရှိ …လပြည့်နားနီးပြီမို့ လရောင်က အေးမြလင်းပ နေသည်။ ၀န်းရံတာ ပေါ်က ပက်လက်ကုလားထိုင် တစ်လုံး ကျွန်တော်ယူသည်။ လရောင်ကျနေသည့် ….အိမ်ရှေ့စပယ်ရုံလေးနားတွင် ရွှေ့ပြီး ကုလားထိုင်ကို နေရာချလိုက်သည်။

ထိုင်ခုံပေါ်ကျောလှန်ချ လိုက်သည်နှင့် ကောင်းကင်အမြင့်ဆီက သော်တာရွှန်းမြ ၀န်းပပကို အေးချမ်းစွာ တွေ့ရသည်။ ကြည်နူးစရာ ဖြစ်ပါဘိတောင်း……………။

ကိုစိုးနိုင်………………………………….
မြတ်စွာဘုရား…………..။

ကြည်နူးစရာလေးတွေ …..ဖြန်းကနဲ လွင့်စင်ထွက်သွားသည်။ မိသွယ်သည် သူ့နာမည်ကို ခေါ်ရင်း……….စပယ်ရုံနဘေးမှ ဘွားကနဲပေါ်လာ၏။

ဘာလဲ……ကွာ ၊ လန့်လိုက်တာ………….မင်း မပြီးနိုင်သေးဘူးလား။ ဒေါသလျှော့ပြီး ..အေးအေးနေစမ်း။

သြော်…….ရှင်ကတော့ ….ဟုတ်တာပေါ့၊ မိန်းမနဲ့ရန်ဖြစ်……၊ အပြင်ထွက် ၊ လက်ဖက်ရည်ဆိုင်မှာ အချိန်ဖြုန်း ၊ မိန်းမ မကောင်းကြောင်းတွေ လေကန် …….၊ ဟင်….တော်တော် ဟုတ်တဲ့ သရုပ်မှန် ဆရာကြီးရဲ့။ ကျွန်မကတော့ …….အိမ်မှာပဲ ဒေါသဖြစ်ကျန်ရတယ်။ ရန်ဖြစ်လို့ ရှုပ်ပွကုန်တာတွေလည်း ပြန်ရှင်းရတယ်။ ဒေါသဖြစ်တာတောင် ငြိမ်ငြိမ် မနေနိုင်ဘူး….။ မိန်းမ ဖြစ်ရတဲ့ဘ၀ …ကောင်းကို မကောင်းဘူး..။

ဒါဆိုလည်း ….ယောကျာ်းဆုပန်ပေါ့ကွာ ၊ ဒါပဲပြောတတ်တယ်။

ဟုတ်တယ်…ယောကျာ်းဆုပန်မယ်……၊ ရှင်လဲ မိန်းမဆုပန် …၊ ရှင်မိန်းမဖြစ်ပြီး …ကျွန်မ ယောကျာ်းပြန်ဖြစ်မှ…..ကျွန်မနဲ့တွေ့မယ် သိလား………ဟင်းးး။

မိသွယ် အပြောကြောင့် ကျွန်တော် ရယ်ချင်သွားသည်။

အေး …….. အဲဒီ့လို မင်းက ယောကျာ်းဖြစ် ..ငါက မိန်းမဖြစ်ပြီး ပြန်ဆုံမှ ….ငါ့တုန်းက အဖြေပေးဖို့ မင်း ညှင်းဆဲခဲ့ အချိန်ဆွဲခဲ့တာတွေကို လက်စားပြန်ချေမယ် သိလား …မိသွယ်..။

အောင်မလေး……ပြောတတ်ပါပေ့….၊ အဲဒီ့လို အချိန်ဆွဲခဲ့မိလို့ ကျွန်မ အပျိုဘ၀သုခလေး အဲဒီ့တုန်းက သက်တမ်း ရှည်ခဲ့သေးတာပေါ့…၊ နို့မို့ဆို ခုခံစားနေရတဲ့ သရုပ်မှန်ဒုက္ခ တွေကို စောစောပိုပြီး ကြုံနေခဲ့ရမှာ …….ရှင်ကြီးဟာလေ ..တော်တော်မကောင်းတဲ့ လူကြီး သိလား ၊ အလကားလူ …ကဲဟယ်…ကဲဟယ်…………။

မိသွယ်သည် ပြောရင်း ပြောရင်း ….ဒေါသပြန်ထွက်လာ၏။ ကျွန်တော့် ပေါင်ကို တစ်ဒုန်းဒုန်း ထုသည်။ ကျွန်တော့် ပုခုံးကိုလည်း ဆွဲကိုက်သည်။ ကျွန်တော် ပြန်ရုန်းရင်း ဖယ်ရင်း….သူမ လက်ကို …ဖမ်းချုပ် မိအောင် ကြိုးစားရသည်။ ဖမ်းမိချုပ်မိသည်နှင့် ကုလားထိုင်ပေါ် သူမကိုပါ ဆွဲချလိုက်ပြီး သူမ တစ်ကိုယ်လုံးကို မလှုပ်နိုင်အောင် ………အတင်း ဖက်ထားရ၏။ မိသွယ် ဇွတ်ရုန်းသော်လည်း …အားချင်း မမျှသဖြင့် ………..တစ်စ တစ်စ ငြိမ်သွားသည်။

မိသွယ်………..
မိသွယ်……………….
သွယ်လေး………………….
မောင့်ပူတူးလေး……………………

အရှက်မရှိတဲ့ သရက်စိကြီး……မခေါ်နဲ့ ကျွန်မနာမည်ကို ………….

ချစ်လေး….နာမည်ကို မခေါ်လို့ မောင်မောင်က ဘယ်သူ့နာမည်ကို ခေါ်ရမတုန်း …ချစ်သည်းကြီးရဲ့………

မျက်နှာပြောင်တိုက်ရမယ် ဆို နှစ်ယောက်မရှိဘူး……….အလကားလူကြီး….၊ ရှင့်ကိုလေ …ကျေကို မကျေနပ်ဘူး သိလား….၊

ကျေနပ်ပါ မောင့်အသည်းရယ်……၊ ဟောဒီ့ ဘဒ္ဒကမ္ဘာမှာ ….မောင် အချစ်ရဆုံးမင်းကမှ မောင့်ကို မကျေနပ်ရင် …….မောင်ဘယ်လိုနေရမလဲ ….ပြောပါဦး..။

အိမ်ခေါင်ပေါ် တက်နေ…….. ဟင်း…….ခိခိ…..

ရပြီ……။ ဒီလောက်ဆို မိသွယ် စိတ်ပြန်ပြေစပြုသွားပြီ ဆိုတာ ကျွန်တော်သိသည်။ ငယ်ကတည်းက ပေါင်း လာသည့် ငယ်လင်ငယ်မယားတွေ မို့ ….ကျွန်တော်တို့နှစ်ဦးသား သည် ရန်ပွဲမည်မျှ ဖြစ်သည်ဖြစ်စေ ကွဲနိုင်ကွာနိုင်ဖို့ မမြင်။ ဒီကြားထဲက ….ဘုစုခရုလေးတွေက သုံးကောင် မို့……… ကြိုးတုတ်တုတ် သုံးချောင်းနှင့် ဒီအိမ်ထောင်ကို ထပ်မံချည်တုတ်ထားသလို ခိုင်ကြည်သွားစေ၏။

မောင်…….
မောင်းးးးးးးး ……

ပြော…..ဒါပေမယ့် မင်း အဲလိုခေါ်လာရင် …ငါ နဲနဲလန့်တယ် ။ ပြော….ဘာလဲ။

ဟိုလေ……….လာမယ့် သီတင်းကျွတ်ကျရင် …အမေတို့ဆီ ခဏပြန်မယ်နော်…အဲဒါမောင် ပိုက်ဆံကြိုရှာပေးထား နော်။

ထင်သည်။ မယ်မင်းကြီးမ ကျွန်တော့်ရင်ခွင်ထဲတွင် ခွေပြီး ….ရင်ဘတ်ကို လက်ညှိုးဖြင့် ဟိုရစ်လိုက် သည်ဝိုင်းလိုက် ….ကကြီးခခွေးရေးသလို …လုပ်နေကတည်းက …သင်း…တစ်ခုခုပူဆာတော့မည်ကို ကျွန်တော် သိပါသည်။

အင်းးးးးးးးးး

ဟာ……မောင်ကလည်း စိတ်မပါသလိုကြီး…………၊ တစ်ကယ်ပြောတာနော်… မသွားရလို့ကတော့…၊ ဒါမှမဟုတ် သွားခါနီး ….ငွေကြေးမပြည့်စုံဘူး ဘာဘူး ….ဖြစ်လို့ကတော့….အသိပဲ။ လုံးဝ ခွင့်မလွှတ်ဘူး ။
အင်းပါ သည်းလေးရာ…မောင် ကြိုရှာပေးပါ့မယ်။

ပြောသာပြောရသည်။ ဒီနေ့ခေတ် သွားစရိတ်လာစရိတ်တွေက နဲသည်မဟုတ်။ ဇနီး ဖြစ်သူ….မိဘအိမ် တစ်ခါပြန်တိုင်း အနဲဆုံး နှစ်ပုံးသုံးပုံးလောက် ဗြုတ်ကနဲ ။ အရမ်းများသည် မဟုတ် သည့်တိုင် …. သားသမီး သုံးယောက် စားရိတ် ၊ အိမ်စားရိတ် ၊ အထွေထွေစားရိတ် မျိုးစုံကို ဘယ်ညာ လက် မအားအောင် ….ဖြေရှင်းနေရချိန်တွင် အပိုငွေဆိုသည်မှာ …..အိပ်မက်ထဲတွင်သာ ရှိသည်။ ရတနာ လေးတွေ လူလား မြောက်အောင် ၊ ပညာတတ်ကြီးတွေ ဖြစ်အောင်….၊ ကျန်းမာအောင် တစ်နှစ် တစ်နှစ် ကြိုးစားရုန်းကန် ရသည်မှာ မစားသာ။

ခုနှစ် သမီးဖြစ်သူ ဘော်ဒါ အပ်လိုက်ရသည်။ တစ်နှစ်စာ ဆယ်သိန်းကျော် ။ ကျွန်တော့်တွင် စုမိဆောင်းမိ သိပ်မရှိသဖြင့် …..ယောက္ခမဖြစ်သူက ခဏစိုက်ထုတ်ပေးထားသဖြင့် တော်သေးသည် ဆိုသည့် တိုင်……….အသုံးမကျတဲ့ သားမက် …၊ အဖေလုပ်ပြီး အလကားပဲ ဆိုသည့် အကြည့်မျိုးများ ဒဏ် ကိုလည်း ပြုံးပြီး မျိုချကြိတ်မှိတ် ခံစားလိုက်ရ၏။ ဘယ်တတ်နိုင်မလဲ….ကိုယ်ကလည်း စူပါမင်း မဟုတ်။ ဂျန်ပါဇာတ်ကားထဲကလို …စိတ်ဖြင့် ကိုယ်လိုရာ သွားနိုင်ရင်လည်း အကောင်းသား။ ဘဏ်တစ်ခုခုထဲ ….စိတ်ဖြင့် ခုန်ဝင်ပြီး ငွေအိတ်ကြီး အထုပ်လိုက် မ ….၊ ယောက္ခမကြီး ရှေ့ ……. ၀ုန်းဆို ခုန်ဝင်သွား ။

မာမီ …မာမီ့သားသား ဘဏ်ဖောက်လာတယ်……….အင့်…..ဆိုပြီး မျက်နှာချိုသွေးလိုက်လို့ ကတော့………ဟင်းဟင်းးးးးး ဘယ်ပြောကောင်းမလဲ။

ခုတော့………အဲလိုလည်း မစွမ်းသဖြင့် …..၊ ကိုယ့်သားသမီး ရှေ့ရေးကြည့်ပြီး…မနှစ်မျို့စရာ အပြုအမူများ ကိုလည်း …..ကြိတ်မှိတ် လက်ခံပေးနေရသည်သာ။ ကျွန်တော် ၏  ယောကျာ်းမာန ဟူသမျှတို့သည် ……သားသမီး ရတနာလေးများ ဖွားမြင်ပြီးချိန်မှ စပြီး……တစ်စတစ်စ လွင့်ပျယ်သွားခဲ့သည်မှာ ကြာခဲ့ပေပြီ။

ကျွန်တော်သည် …မိသွယ်၏ လက်မောင်းကလေးများကို ပွတ်သပ်ချော့မြူပေးရင်း…..ကောင်းကင် မှ လမင်းကြီးကိုသာ ငေးမိနေသည်။ အေးမြလိုက်တာ………………………………..
……………………………………………………………….
………………………………………………………………………..

မိသွယ်…….သွယ်လေး…………………..

ဟင်…………

မိသွယ်က ကျွန်တော်ရင်တွင် ပါးအပ်ထားရာမှ ခေါင်းလှန်ကြည့်ပြီး ထူးသည်။ ကျွန်တော် သူ့မျက်နှာကို ငုံ့ကြည့်ပြီး …….မေးလိုက်သည်။

ငါနဲ့ ရတာ ကံဆိုးတယ်လို့ နင်တစ်ကယ်ယူဆသလား ဟင်………..

မိသွယ် ပြုံး၏။  ကျွန်တော့်  ရင်အုံကို စူးကနဲ နေအောင် ဆွဲဆိတ်ရင်း………

တစ်ကယ် ယူဆမိမှတော့ ………ခုလိုတောင် သုံးယောက် မွေးမလာဘူး ….၊ မသိဘူးလား ကိုရွှေသရုပ်မှန်ကြီးရဲ့ ……..။ ဟု ပြန်ဖြေသည်။

လရောင်အောက်တွင် …..ကျွန်တော် ချစ်သော ချစ်ဇနီး၏ မျက်နှာသည်လည်း လတစ်စင်းပါပေ

ဒါဖြင့်ရင် ….တို့………လေးယောက်မြောက် ရတနာလေး ထပ်မွေးကြတာ ပေါ့နော်…………….သဘောတူတယ် မဟုတ်လား အသွယ်…….။

မောင့် ဆံပင်တွေ မောင် မသနားရင်လည်း ယူကြတာပေါ့ …………မောင့်သဘောပဲ ……..ဟု ကျွန်တော့် လပြည့်ဝန်းလေးက ပြန်ဖြေရှာပါ၏။

ပြုံးနေသော …….မျက်နှာဝန်းပ ရွှန်းမြမြကို …ကျွန်တော် ငုံ့နမ်းမိပါသည်။ မနက်ဖြန် ဆို…..ကျွန်တော် တို့ အိမ်ထောင် သက်တမ်း ……၁၉နှစ် ပြည့်တော့မည် ဖြစ်လေသည်။

…..
ကိုစိုး
Monday May 14, 2012 pm; 6:47

Post a Comment
 

Posts Comments

©2006-2010 ·TNB