၁၃၇၄ ခုနှစ် ခုနှစ်ရက်သားသမီး ကံဇာတာ

Sunday, September 16, 2012



မကြာမီ ၀ါလကင်းလွတ် သီတင်းကျွတ်ပေတော့မည်။ နှစ်အားဖြင့် တစ်ဝက်ခန့် ဖြတ်သန်းပြီးပါမှ ….ဒီဆောင်းပါးကို ကျွန်တော် ရေးဖြစ်သည်။ အမှန်ကတော့ မရေးတော့ဘူးဟု ….. စိတ်ကူးပြီး မရေးဘဲ ထားခဲ့ခြင်းဖြစ်သည်။ တစ်နေ့ ကျွန်တော် ….ကိုယ့်ဆိုဒ်ကို ကိုယ် …ဟိုလှန်သည်လှန် ပြန်စစ်ကြည့်ရင်း……..နှစ်စဉ်ဟောကိန်းများတွင် လူအများစု …၀င်ဖတ်နေကြကြောင်း တွေ့ရ၏။ ထိုသို့ဖတ်ရာတွင် မြန်မာလူမျိုး လူငယ်အများစုမှာ ……မိမိတို့ လက်ရှိရောက်ရှိ ဖြတ်သန်းနေသည့် မြန်မာခုနှစ်ကိုပင် ၁၃၇၄ ခုနှစ် မှန်းမသိ၊ …၁၃၇၃ ခုနှစ်မှန်းမသိ ဘဲ …နှစ်ဟောင်းမှ ဟောကိန်းဆောင်းပါးများကို ပင် ၀င်ဖတ်နေကြသည် ကို တွေ့ရပါသည်။


ထုံးစံအတိုင်းပင် …ကျန်သည့် ပညာပေးဆောင်းပါး ..ပညာရပ်ပိုင်းဆိုင်ရာ ဆောင်းပါးများ မည်မျှ ရေးရေး….လူအများစုမှာ ဟောကိန်းဆောင်းပါးများကို ပိုမို နှစ်ခြိုက်နေတတ်ကြသည်သာ။ သို့သော် နှစ်ဟောင်း ဟောကိန်းများကို နှစ်သစ်အမှတ်ဖြစ် စွတ်ရွတ်ဖတ်နေကြသည်ကတော့ မဖြစ်သင့်သည် သာမို့………သည်တစ်နှစ်အတွက် လည်း ရေးပေးရန်သာ ကျွန်တော် ဆုံးဖြတ်ရပါတော့သည်။ သို့သော် ရှေးယခင်လိုတော့ …. မွေးနံတစ်ခုချင်းဆီကို ….အသေးစိတ် ကျွန်တော် မရေးလိုတော့ပါ။ ဒါကြောင့် ပုံစံတစ်မျိုးဖြင့် ယခု ဆောင်းပါးကို တင်ပြ ရေးသားပေးလိုက်ရပါသည်။ မည်သို့ပင်ဖြစ်စေ…..အားလုံးသော နေ့နံအသီးသီးအတွက် အတိုင်းအတာ တစ်ရပ်မျှ ….အကျိုးကျေးဇူး ရှိနိုင်သည် ဖြစ်ပါမူ………………….။

ကောဇာမဟာဘုတ်ခွင် (၀ါ) နှစ်ခုကြွင်း မဟာဘုတ်ခွင် ကျရောက်သည့် ယခုမြန်မာခုနှစ်

  အဓိပတိ
      

   အထွန်း
     
    သိုက်
     
      ရာဇ
      
    မရဏ
     
      ဘင်္ဂ
      
      ပုတိ
      

အထက်ပါ မဟာဘုတ်ဇာတာခွင်မှာ…..ပုံမှန်အကြမ်းအားဖြင့် ကြည့်မယ် ဆိုရင်တော့ …တနင်္ဂနွေ ၊ ဗုဒ္ဓဟူး/ရာဟု ၊ စနေ နဲ့ သောကြာသားသမီးများ က ကံအားသာနေပြီး၊ တနင်္လာ ၊ ကြာသာပတေးနဲ့ အင်္ဂါ သားသမီးများ အဖို့တော့ ကံအားနဲပါးချိန်လို့ မြင်ရပါမယ်။

တစ်ကယ့်တစ်ကယ်ကတော့……. ကံအားသာနေတယ်လို့ ဆိုရမယ့် အထက်နေ့နံ လေးမျိုးမှာလည်း ဆိုင်ရာကဏ္ဍ အစိတ်အပိုင်းအချို့မှာ ….အသီးသီး ကံအားနဲနေတတ်သလို..ကံအားနိမ့်ကျနေတယ်လို့ ဆိုရမယ့် အောက်နေ့နံ သားသမီး သုံးမျိုးမှာလည်း အားကောင်းတဲ့ ကံကောင်းမှုအချို့ ပေါ်ပေါက်နေတဲ့ ကဏ္ဍအရပ်ရပ် ကတော့ ရှိနေမှာသာ ဖြစ်ပါတယ်။ ရှင်းအောင်ဆိုရရင် …အထက်နေ့နံပဲဖြစ်ဖြစ် အောက်နေ့နံပဲဖြစ်ဖြစ် …အားသာချက်ကော အားနဲချက်ကော နှစ်ရပ်စလုံး ရှိနေကြတာပါပဲ။

သို့သော် ….အထက်အောက် နေ့နံ အားလုံးထဲမှာမှ …. ကဏ္ဍအသီးသီးအလိုက်… ကောဇာမဟာဘုတ်ခွင် အရ …ထူးခြားဖြစ်စဉ် ပေါ်ပေါက်လာနိုင်တဲ့ အခြေအနေတွေလည်း ရှိနေကြပါတယ်။ အဲဒါတွေကို ကျွန်တော်တို့တွေ …စူးစမ်းကြည့်လိုက်ကြရအောင်။

အသက်မွေးမှု အင်အား နှင့် ကောဇာအကျိုးအပြစ်

သည်တစ်နှစ်မှာ အသက်မွေးမှု အခြေအနေ တိုးတက်ဖို့ အခွင့်အလမ်းအများဆုံး ရရှိထားတဲ့နေ့နံ နှစ်မျိုးကတော့ သောကြာ နဲ့ စနေ ပဲဖြစ်ပါတယ်။ တစ်ခြားနေ့နံတွေထက် အင်အားအများကြီး ပိုမိုရရှိထားကြတာမို့…….လက်ရှိကောဇာခုနှစ်ထဲမှာ ….အလုပ်အကိုင် အသက်မွေးမှု ကံ အားသာချက် အရှိဆုံး နေ့နံတွေဟာ သောကြာနဲ့စနေပဲဖြစ်ပါတယ်။

အားနည်းချက်အရှိဆုံးနေ့နံတွေက တော့……အင်္ဂါ ၊ ကြာသာပတေး နဲ့ တနင်္လာ တို့ပဲ ဖြစ်ပါတယ်။ အင်္ဂါသားသမီးများအဖို့ မမျှော်လင့်ဘဲ …..အလုပ်အကိုင်တွေမှာ တစ်ပိုင်းတစ်စ တို့လို့တန်းလန်း အခြေအနေမျိုးတွေ၊ အီနေ အိုင့်နေ တုံ့ဆိုင်းနေရတဲ့ အခြေအနေမျိုးတွေ ကြုံရတတ်ပြီး၊ ကြာသာပတေး သားသမီးတွေကတော့  မိမိရလိုတဲ့အကျိုးစီးပွား အတွက် အရမ်း အပင်ပန်းခံရတတ်ချိန်ဖြစ်ပါတယ်။ မိုးလောက်မြင့်တဲ့အလုပ် ကို ရပါစေဦး….စကြာဝဋာလောက် ပင်ပန်းနေရတတ်ချိန်ပါ။ တနင်္လာ သားသမီးတွေကတော့ ….အသက်မွေးမှု မှာ မမျှော်လင့်သော မရေရာမှု အနေအထားများ ရင်ဆိုင်နေရတတ်ခြင်းပဲ ဖြစ်ပါတယ်။ ဘာကိုရွေးရမလဲ ဗျာများရတတ်ချိန်ပါ။

တနင်္ဂနွေနဲ့ ဗုဒ္ဓဟူးကိုတော့ သာမန် အလယ်အလတ်အဆင့်လို့သာ ဆိုရပါမယ်။

အချစ်ရေး၊ အိမ်ထောင်ရေး နှင့် နဖူးစာကံ

သည်တစ်နှစ်ရဲ့ မြားနတ်မောင် မျက်မုန်းကျိုး အမြင်ကပ်မှု ကို အခံရဆုံးကတော့ ….အင်္ဂါသားသမီးတွေလို့ ဆိုရပါမယ်။ ချစ်သူရှိပြီးသူတွေ၊ အိမ်ထောင်ရှိပြီးသူတွေ ပိုမို သတိထားရမယ့် ကာလပါပဲ။ ဖြစ်လိုက်တာနဲ့ …. ထွေးမရ မျိုမရ….ပြတ်ကလည်း မပြတ်နိုင် …ပြတ်ပြတ်သားသားကလည်း မဖြစ်၊ ဇာတ်လမ်းက တို့လို့တန်းလန်းနဲ့ ပင်ပန်းရတော့တာပါပဲ။

ဒုတိယကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။ မေတ္တာရေးမှာ အခက်အခဲတွေ ပေါ်ပေါက်ဖို့ အလွန်လွယ်ကူနေချိန်လို့ ဆိုနိုင်ပါတယ်။ ဘာမဆိုင် ညာမဆိုင် ၊ ကိုယ်နဲ့ တိုက်ရိုက်မဆိုင်တဲ့ အချင်းအရာတွေက မေတ္တာရေးကို ၀င်လာနှောက်ယှက်နေ တတ်ကြချိန်လည်းဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ မြားနတ်မောင်က သည်တစ်နှစ်မှာ ……စနေသားသမီးတွေကို …ထော်လော်ကန့်လန့်ဖူးစာရေး ဖြစ်အောင် လေးညှိခွင်း ထားပါလေရဲ့။ ဒါကြောင့် ချစ်သူရှာဖွေနေသူများ အဖို့တော့………အားနဲချက်မကင်းတဲ့ ဖူးစာဖက်မျိုးနဲ့ ဆုံတွေ့ ရတတ်ချိန်ပါပဲ။ အသက်ပိုကြီးတာ၊ ရုပ်အဆင်းချို့တဲ့တာ၊ အပျို လူပျိုမဟုတ်တာ၊ နာမည်ပျက်ကလေး ရှိနေတာ … စသည်ဖြင့် ….အားနဲချက် တစ်ခုမဟုတ် တစ်ခု ရှိနေသော ဖူးစာဖက်မျိုးနဲ့ နဖူးစာကံ ရွာလယ်တတ်ချိန်ပါပဲ။

တတိယအားနဲသော နေ့နံကတော့ ၄ဟူး/ရာဟု သားသမီးများ ပဲ ဖြစ်ပါတယ်။ ကြားလူနှောက်လို့ ….. မပြတ်မသားဖြစ်ရလို့ ၊ ဒွိဟ ဖြစ်ရလို့ ….ဆိုတဲ့ အခြေအနေတွေ မထင်မှတ်ပဲ ၀င်လာတတ်ချိန်ပါ။ အိမ်ထောင်ရှင်များ အဖို့ မိမိတို့အိမ်ထောင်ဖက်ကို ပယောဂ ကပ်သလို …အဖျက်အမှောင့် ကပ်လွယ်ငြိလွယ်ချိန်လို့ သဘောပေါက်ရပါမယ်။

တနင်္ဂနွေ တွေကတော့ စွံမှစွံ ပဲဗျို့ ..၊ ခပ်ထက်ထက်ဖူးစာဖက်ကလေးတွေ ပေါ်ပေါက်လာတတ်ချိန်ပါ။ ကိုယ်က မစရပဲ သူကစ ဖို့ တောင် ရှိလေရဲ့။ တနင်္လာသားသမီးတွေ ကတော့…….သည်တစ်နှစ်မှာ မေတ္တာရေး ဆိုတာကို အဓိကပိုမိုထား လာတတ်ကြပါတယ်။ ပျော်သလိုနေပြီး…ထင်ရာစိုင်းတတ်တဲ့ သဘာဝရှိသူမျိုးတွေတောင် သည်တစ်နှစ်တော့ …. အင်း ငါတော့….သတ်သတ်မှတ်မှတ် ကလေး တရားဝင် တည်တည်ကြည်ကြည် ဦးတည်ချက်ကလေး ထားဦးမှ ဆိုတဲ့ စိတ်မျိုး ပေါ်လာတတ်ချိန်ပါ။ ကြာသာပတေးသားသမီးတွေ အဖို့တော့ ရွေးဦးမယ် ဆက်ပြီး ဆိုတဲ့ကာလ။ ဘယ်အရာကိုမှ အတိအကျ သဘောမထားနိုင်သေးချိန်မျိုး ဆိုပါတော့။ သောကြာတွေကတော့…မိမိအရိုအသေပြုရတဲ့ သူမျိုးနဲ့ ချစ်ကြိုးသွယ်ရတတ်ချိန်ပါ။ ဆရာ သို့မဟုတ် အကြီးအကဲ တစ်ဦးဦးနဲ့ ….မေတ္တာရေးမျိုး ပိုမိုပေါ်ပေါက်ကြုံလွယ်တတ်ချိန် ဆိုပါစို့။

ကျန်းမာရေး  ……………
သည်တစ်နှစ်မှာ တနင်္ဂနွေသားသမီးများ ကျန်းမာရေး ဂရုပြုရပါမယ်။ အထူးသဖြင့် တနင်္လာနေ့တွေမှာ ပိုမို ဂရုစိုက်သင့်ချိန်ပါ။ ရေကြောင့်ဥပဒ်ဖြစ်လွယ်ချိန်ဖြစ်သလို ၊ မလတ်ဆတ်သော ဟင်းသီးဟင်းရွက်များ ကြောင့်လည်း ကျန်းမာရေး ကျဆင်းလွယ်တတ်ချိန်ဖြစ်ပါတယ်။ အခြားအားဖြင့် ကတော့….သွေးကြောင့်၊ ချောင်းဆိုးရင်ကျပ်ခြင်း၊ စိတ်ပင်ပန်းရာမှ တစ်ဆင့် ဖျားနာခြင်း၊ ခရီးသွားလာနေစဉ် သို့မဟုတ် ခရီးသွားလာပြီးနောက် ….နာမကျန်းဖြစ်ခြင်းမျိုး ကြုံရဖို့သာ ပြင်ထားပေတော့။ ပြန်ပြောပါမယ်။ တနင်္လာနေ့တွေဟာ သည်တစ်နှစ်ထဲမှာ မိမိတို့ရဲ့ ကျန်းမာရေးကို အနှုတ်ပြစေမယ့် နေ့ရက်တွေ ဖြစ်ပါတယ်။ အဲဒီ့နေ့တွေမှာ နေတာထိုင်တာ သွားတာလာတာ ပိုမိုဂရုစိုက်ပါ။ လပြည့်နေတွေမှာလည်း ထိုနည်းလည်းကောင်းပါပဲ။

ဒုတိယသတိပြုရမယ့်နေ့နံကတော့ စနေသားသမီးများပဲ ဖြစ်ပါတယ်။ ကျန်းမာရေး ကျဆင်းမှု ကြုံနိုင်ချိန်ဖြစ်ပါတယ်။ အထူးသဖြင့် အပျော်အပါးကိစ္စများဟာ ကျန်းမာရေးကို အဓိက ကျဆင်းစေ မှာဖြစ်ပြီး သောကြာနေ့များဟာ ကျန်းမာရေးကို ဖြိုခွင်းမယ့် အဓိကကျသော နေ့ရက်များ ဖြစ်ကြပါတယ်။

တတိယကတော့ ကြာသာပတေးဖြစ်ပြီး ….အလွန်ပင်ပန်းနွမ်းနယ်မှုများ ကြုံရတတ်ခြင်းနဲ့ ကျန်းမာရေးမှာ စနေနေ့များဟာ ဂရုပြုရမယ့်ကာလဖြစ်ပါတယ်။

အခြားသော အချင်းအရာများ

သည်တစ်နှစ်ထဲမှာ …….သောကြာသားသမီးတွေဟာ …လက်ထဲကို ဓါးရောက်လာသလို …စွမ်းအားစုတွေ တိုးတက်လာနိုင်ချိန်ဖြစ်ပါတယ်။ မာနကြီးမယ် ဆိုရင်တောင် ကြီးနိုင်လောက်တဲ့ တိုးတက်မှုအချို့ ကြုံရတတ်ချိန်ပါ။  သည်တစ်နှစ်ထဲမှာ စတိုင်ကျကျ ခေတ်မီမီ ဆွဲဆောင်မှု အရှိနိုင်ဆုံးတွေ ကလည်း သောကြာသားသမီးတွေပဲ ဖြစ်ပါတယ်။

ကြာသာပတေးသားသမီး တွေ ကတော့…..ဘယ်လောက်ပဲ အမြင့်ကိုနဂိုက မှန်းထားသည်ဖြစ်စေ သည်တစ်နှစ်တော့ ငါ..အောက်ခြေအခြေခံကနေ စပြီး ကျိုးကျိုးနွံနွံလုပ်မယ် လို့ ဆုံးဖြတ်ထားသင့်ပါတယ်။ ဘာကြောင့်လဲ………..။  ကြာသာပတေးသားသမီးတွေဟာ သည်နှစ်ထဲမှာ အလွန်အမုန်း ခံရတတ်ချိန် ဖြစ်နေပါတယ်။ မာန်မာနကို ထုတ်ပြလိုက်တာနဲ့ ၀ိုင်းပြီး မေးထိုးကဲ့ရဲ့ အမုန်းပွားကြမယ့် ကာလ ဖြစ်ပါတယ်။ လူတိုင်းက ကိုယ့်ကို မြင်တာနဲ့ တစ်ခုခု ခိုင်းဖို့ ပဲ စိတ်ရောက်လာတတ်ကြပါတယ်။ ဖိနင်းကြဖို့ပဲ မြင်နေတတ်ကြပါတယ်။ ဒါကြောင့် သူများ မနင်းခင်…ကိုယ်က ငြိမ်ငြိမ်ဝပ်ဝပ် ၊ သီးခံ ကျိုးနွံတတ်ဖို့ အလွန်လိုအပ်လှပါတယ်။

စနေသားသမီး တွေဟာ သည်တစ်နှစ်ရဲ့  အများစုအသိမှတ်အပြုခံရဆုံး သူတွေပါပဲ။ နာမည်ထင်ရှားဖို့ ၊ ကျော်ဇောဖို့ ကြိုးစားမယ်ဆိုရင် ဒီအချိန်ဟာ အခွင့်အသာဆုံး ကာလပါ။ နောက်တစ်ခါပြန်ကြုံဖို့ ခုနှစ်နှစ် တိတိ စောင့်ရပါမယ်။ ခါတိုင်း ကိုယ့်ကို မသိကျိုးကျွံပြုနေသူတွေတောင် ….. ခေါ်ချင် ပြောချင် အသိမှတ်ပြုချင်လာမယ့် ကာလပါ။ သည်ကံကလေးကို အကျိုးရှိရှိသုံးပြီး အနာဂတ်အကျိုးအတွက် လုပ်ဆောင်သင့်ပါတယ်။

တနင်္ဂနွေသားသမီး များလည်း ကံအားသာချိန်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခု သတိပြုဖို့က နောက်ကျောဖက်ကနေ ထိုးလာမယ့် ဓါးမြောင်တွေကို ရှောင်ဖို့ သတိထားကြရပါလိမ့်မယ်။ ရန်သူက ကိုယ့်ကျောနားမှာ ကပ်နေတတ်တဲ့ကာလပါ။ သြော……သတိရလို့ မှာလိုက်ပါရစေ။ အမြင့်တွေကို သိပ်မတက်မိပါစေနဲ့ ။ ပြုတ်ကြဖို့ အလွန်လွယ်ကူသေချာနေတယ်ဆိုတာ သတိပေးလိုက်ပါရစေ။ အဲဒီ့လိုပါပဲ အမှတ်တမဲ့ ခိုက်မိတာ၊ အရှိန်အဆ လွန်ပြီး …ဒဏ်ရာရတာ၊ မတော်တဆ ဖြစ်တာလေးတွေလည်း ကြုံကြိုက်ရတတ်ချိန်ဖြစ်ပါတယ်။ လမ်းကူး ၊ ခရီးသွား ၊ ရေကစား ….အမြင့်တက် …အဖက်ဖက်မှာ သတိရှိသင့်ချိန် ဆိုတာ သိရှိထားမယ်ဆိုရင် ….အကျိုးရှိပါလိမ့်မယ်။

တနင်္လာသားသမီး တွေကတော့….သည်တစ်နှစ်မှာ …. ခံစားချက်တွေ ပိုမိုများပြားလာတတ်ပြီး၊ အလွန် ထက်မြက်တဲ့ သူတွေတောင် ရည်ရွယ်ချက်တွေေ၀၀ါးမှု ၊ မပြတ်သားမှု ကြုံနိုင် လာချိန် ဖြစ်ပါတယ်။ နေရာလုပွဲတွေ၊ ကိုယ်လိုချင်တဲ့ …ကိုယ် လိုအပ်တဲ့ နေရာကို ပြိုင်ဆိုင်ရယူရခြင်းတွေလည်း ကြုံတွေ့ကြရပါမယ်။ ကိုယ်နဲ့မဆိုင်တဲ့ တာဝန်တွေကို အဓိက ၀င်ထမ်းပေးရမယ့် ကာလလည်း ဖြစ်ပါတယ်။

အင်္ဂါသားသမီး တွေကတော့…………ဆိုင်းငံ့ဆဲ အခြေအနေများစွာနဲ့ ကြုံတွေ့ရတတ်ချိန်ဖြစ်ပြီး ၊ မင်းအစိုးရများနဲ့လည်း ပတ်သက်မှု ပိုမိုများပြားလာတတ်ချိန် ဖြစ်ပါတယ်။ အထက်လူကြီးငြင်ငြိုခံရမှု ကြုံရလွယ်ချိန်ဖြစ်ပြီး ၊ အပူကြောင့် ဖြစ်တဲ့ အနာရောဂါများကိုလည်း သတိပြုရပါမယ်။

ဗုဒ္ဓဟူး ရာဟု သားသမီးများ အဖို့….. ရန်အတိုက်အခံမကင်းတတ်ချိန် ဖြစ်သလို…၊ မိမိတို့အလိုရှိရာ အကျိုးစီးပွား အ၀၀ကို ခါတိုင်းလို လွယ်လွယ်ကူကူနီးနီးနားနားကနေ ရှာဖွေမရ ဖြစ်လာတတ်ချိန်ပါပဲ။

ကဲ ဒီလောက်ဆိုလည်း ဖတ်လို့ အဆင်ပြေလောက်မယ် ထင်ပါတယ်။ …တစ်ခုသတိပြုဖို့က …အထက်ပါ ဟောကိန်းတွေဟာ အများစုနဲ့ ဆိုင်တဲ့ မွေးနံ ဆိုင်ရာ ဟောကိန်း များသာလျှင် ဖြစ်ပါတယ်။ မွေးနံအရ ဆိုးကိန်းရှိသည့်တိုင်အောင် နာမည်အရ အားသာချက် ရှိနေရင် ကောင်းကျိုးရနိုင်မှာ ဖြစ်ပြီး၊ မွေးနံအရ ကောင်းကိန်းကြုံနေသည့်တိုင်အောင် နာမည်အရ အားနဲချက် ဖြစ်ပေါ်နေရင် …ဆိုးကျိုးကိုလည်း ရင်ဆိုင်ရမှာသာဖြစ်ပါတယ်။ ဒါလေးကိုတော့ သတိပြုပါ။ ခါတိုင်းလို နာမည်အရ ဟောကိန်းတွေကိုပါ လောလောဆယ် မတင်ပေးနိုင်သေး တာကို တောင်းပန်လိုက်ရပါတယ်။

အားလုံးပဲ ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)

Post a Comment
 

Posts Comments

©2006-2010 ·TNB