ကျေးဇူးပြု၍ … အချစ်ကို လက်မလွှတ်လိုက်ပါနဲ့ …. (ပထမပိုင်း)

Monday, September 24, 2012



(၁)

ခင်ငြိမ်း နှင့် ကျွန်တော်သည် ချစ်သူများ ဖြစ်ကြသည်။ သို့သော် … ကျွန်တော် တို့နှစ်ဦး သည် အချစ်ဦးများ မဟုတ်ကြပါ။ သူသည် ..ကျွန်တော့်အတွက် တတိယမြောက် ရည်းစားဖြစ်ပြီး၊ သူ့အတွက်ကတော့ ..ကျွန်တော်သည် ဒုတိယမြောက် ချစ်သူဖြစ်လေသည်။


(၂) 

သူ နှင့် ကျွန်တော် စတင်ဆုံဆည်းချိန်မှာ တိုက်ဆိုင်စွာပင် …. ကျွန်တော်တို့နှစ်ဦးစလုံး အသည်းကွဲပြီးစ လတ်လတ်ဆတ်ဆတ် ကာလများတွင် ဖြစ်လေသည်။ ထိုနေ့က … ကျွန်တော်တို့မြို့လေး၏ တစ်ခုတည်းသော ပန်းခြံသေးသေး ပိစိကွေး လေးထဲတွင် ….သူနှင့် ကျွန်တော် စတင်ဆုံဆည်းမိ ခဲ့ကြခြင်း  ဖြစ်သည်။

ကျွန်တော်တို့မြို့လေးမှ ပန်းခြံလေးသည် …ရှည်မျောမျောလေးဖြစ်သည်။ ရေကန်လေး ၊ စာကြည့်တိုက်၊ ဒါန်းစင်လေးများ ၊  ကလေးများဆော့ဖို့ …ကစားစရာအချို့၊ လှပသော ညီညာစွာစိုက်ပျိုးထားသည့် ပန်းပင်ကလေးများ ၊ အနားယူအပန်းဖြေနိုင်သော ခုံတန်းရှည်လေးများ ဖြင့် … တန်ဆာဆင်ထားသော ထိုပန်းခြံကလေးသည် …. ဘာကြောင့်ရယ်မသိ ..၊ လူသိပ်မလာကြသည့် နေရာကလေး ဖြစ်နေသည်။

ဒါကြောင့်လည်း ….လတ်တစ်လော ဒုတိယမြောက်ရည်းစား နှင့် အသည်းကွဲပြီးကာစ …ကျွန်တော့် အဖို့….ထိုပန်းခြံလေး၏ ခုံတန်းလေးတစ်ခုပေါ်တွင် လဲလှောင်းရင်း …. ချစ်ကံမကောင်း မှု ကို စားမြုံ့ပြန်နေမိခဲ့ခြင်း ဖြစ်လေသည်။

ဒုတိယမြောက်ရည်းစား သည်.. အလွန်လှသည်ဟု အများစုက သတ်မှတ်ခြင်းခံထားရသည့် မိန်းကလေးမျိုး ဖြစ်သဖြင့် …..ထို လွတ်သွားသော ငါးကြီး၏ အမြီးရိုက်သံဖြင့် …ကျွန်တော့် ရင်ခုန်သံများ ကစင့်ကလျား ဖြစ်သွားခဲ့ရသည်။ ခုတော့… ခုံတန်းလေးပေါ်တွင် ပက်လက် လှန်ကာ မိုးကောင်းကင်ကို မျက်နှာမူပြီး….ကျွန်တော်ဆွေးနေမိလေသည်။

(၃)

တစ်ကယ်ဆို ဒီလိုမဖြစ်သင့် ။  ပြန်တွေးတိုင်း နည်းနည်းတော့ တင်းစရာကောင်းသည်။ လမ်းခွဲရသည့် အဓိကအကြောင်းရင်းက … ပြီးခဲ့သော အပတ်က ကျောင်းတွင် ယှဉ်ပြိုင်ရသည့် အပြေးပြိုင်ပွဲတွင် …ကျွန်တော် ဗိုလ်မစွဲနိုင်သည့် အတွက် ဖြစ်သည်။

ဒုတိယမြောက် ရည်းစားလှလှလေး ကျော့ကျော့စံ သည် အပြိုင်အဆိုင်စိတ် လွန်ကဲသူဖြစ်နေပြီး…၊ သူ့အတန်းဖော် သူငယ်ချင်း ဖြစ်သူ ၏ ရည်းစားနှင့် ကျွန်တော့်ကို ယှဉ်ကာ ကျိတ်ပြီး ပြိုင်ခဲ့သည်။ သူ့အတန်းဖော်သူငယ်ချင်းမ မှာ စန္ဒာဝင်း ဖြစ်ပြီး၊ သူမကလည်း ….သူ့ရည်းစား သာ နိုင်ရမည် ဟု ကျိတ်ပြီးသွေးထိုးခဲ့သည်။ စန္ဒ၀င်း၏ ရည်းစား ၀က်ပေါကောင် (ကျွန်တော်တို့အုပ်စု အခေါ်) ကလည်း ……ထိုပွဲတွင် ….သင်း၏ ၀က်ခန္ဓာကိုယ် ကိုမှ အားမနာ …..ပြေးလိုက်သည်မှာ ဖုန်တစ်ထောင်းထောင်း။

အနှစ်ချုပ်လိုက်တော့….ထိုပြိုင်ပွဲတွင် …၀က်ပေါကောင် သည် အားလုံးသော ပြိုင်ဘက်များကို အပြတ်အသတ် ကျော်ဖြတ်ကာ….ပန်းဝင်သွားသည့်အပြင်….ပန်းဝင်ခါနီး သူ့ရည်းစားဖြစ်သူ စန္ဒာဝင်းကို ငမ်းရင်း ဇွတ်ပြေးဝင်မိသဖြင့်… ကျောင်းအုပ်ဆရာမကြီး အပေါ် တည့်တည့် တက်ခွ မိကာ မှောက်ခုံကြီး လဲသွားခဲ့သည်။

ဒရွဲ့ဒစောင်း ဖြစ်သွားသော မျက်မှန်ကြီးအောက်မှ…. မျက်ထောင့်နီကြီးဖြင့် ….ကြည့်နေသော ဆရာမကြီး ၏ ဒေါသအောက်တွင် …ထိုဝက်ပေါကောင် ကြောက်ချေးပါမတတ် ဖြစ်နေခဲ့ပုံကို ကြည့်ကာ ကျွန်တော် မရယ်အား။ ဆရာမကြီးနည်းတူ ….ဒေါသသွေးဖြင့် နီးမြန်းနေသော ဒုတိယမြောက်ရည်းစားလေး ၏ အမျက်ငွေ့လျှံများအောက်တွင် …ကျွန်တော်၏ ပန်းဝင်ခြေလှမ်းများ ..ခွေကျမတတ်ဖြစ်ခဲ့ရသည်။

 
ံ့   စုစုပေါင်းအဖြေ
ယှဉ်ပြိုင်ခြင်း + ဗိုလ်မစွဲနိုင်မှု = အသည်းဟက်တက် ပက်လက်လန်
ထောင်း ………( ပြတ်သွားသံ)

(၄)

ဘာပဲဖြစ်ဖြစ် ငါအသုံးမကျတဲ့ကောင် မဟုတ်ဘူး …ကျော့ ၊ ငါအတတ်နိုင်ဆုံး ကြိုးစားခဲ့တာ ငါပဲသိတယ်။ ဒီဝက်စုတ်ကကို…..ဘယ်လောက်တောင်မွှန်နေလဲ မသိဘူး …။
မသိဘူး လာမပြောနဲ့ ….နင်အသုံးကို မကျဘူး၊ အသုံးမကျတဲ့ကောင်။ အလကားပဲ ။

ယောကျာ်းတစ်ယောက် ၏ မာနသည် အကြိမ်ကြိမ် ပွန်းတီးတိုက်စားခံသော အရာမျိုးမဟုတ်။ တတိယမြောက် အသုံးမကျတဲ့ကောင် ဟူသော စကားသံအဆုံးတွင် …ကျွန်တော် ၏ ချစ်လှစွာသော ဒုတိယမြောက် ရည်းစားလေးကို ….နင့်နေအောင် နောက်ဆုံးအကြိမ် ဖက်နမ်းပြီး ….ချာကနဲ လှည့်ထွက်လာခဲ့သည်။ သူမ ခါတိုင်းလို ကျွန်တော့်ကို ထုရိုက်ချိန်ပင် မရလိုက်တော့ပါ။ သို့သော်…..ကျွန်တော့်နောက်ကျောဆီမှမူ … အသုံးမကျတဲ့ကောင် ဟူသော စကားသံအချို့ လွင့်ပျံလိုက်ပါလာနေဆဲ…….။

(၅)

အတွေးမော …အဆွေးပူ….အရှက်နွမ်း တို့ဖြင့် …ခုံတန်းလေးပေါ်တွင် ပက်လက်လှန်ရင်း ကျွန်တော် …မှေးကနဲ အိပ်မောကျသလို ဖြစ်သွားမိသည်။ ထိုအခါ …နိုးတစ်ဝက်အိပ်မက်ကလေး တစ်ခု မက်သည်။ ထိုနိုးတစ်ဝက်အိပ်မက်ကလေး ထဲတွင်….ဒုတိယမြောက်ရည်းစားလှလှလေး သည် ပိုပြီး လှသည်ထက် လှနေသည်။ နှင်းဆီရောင် နှုတ်ခမ်းဖူးဖူးလေးဖြင့် ကျွန်တော့်မျက်နှာနားကို သူ ကပ်လာသည်။ ပါးကို နမ်းမလို လုပ်ပြီးမှ မနမ်းသေးဘဲ…. သူမနှုတ်ခမ်းလေးများက…. ကျွန်တော့် နားရွက်ဖျားတစ်ဝိုက်ကို ဖွဖွကလေးချဉ်းကပ်လာပြန်သည်။ ကျွန်တော် ၏ ရင်ခုန်သံများက …. ဒရမ်တီးနေပြီး ကခုန်နေသော လူရိုင်းပျော်ကြီး တစ်ယောက်လို ဖြစ်လာသည်။

ကျွန်တော်၏ သွေးခုန်နှုန်းမြန်နေသော နီစွေးစွေး နားရွက်ဖျားနားတစ်ဝိုက်တွင် သူမ၏ နှုတ်ခမ်းဖူးဖူးလေး များက …. မဟသည်သို့ ဟသည်သို့ ….။ သူမဆီမှ…ထွက်သက်နွေးနုနုလေးများ ကလည်း  …ကျွန်တော်၏ သတိတရားတို့ကို နယ်ချဲ့လက်ဝါးကြီးအုပ်စပြုလာသည်။ ထိုခဏမှာပင် ကြည်လင်သော ကောင်းကင်တွင် မိုးသားတိမ်မည်းများ ပြေးတက်လာသလို…..ချက်ချင်းပင် နှုတ်ခမ်းနုထွေး လေးများသည် အမည်းရောင် ပြောင်းသွားသည်။ များမကြာမီမှာပင် ကျွန်တော် နားထဲသို့ ထိုနှုတ်ခမ်းမည်းများ ထဲမှ…ကြောက်မက်ဖွယ်ရာ ……. အသံများ ပြေးဝင်လာပါတော့၏။

အသုံးမကျတဲ့ ကောင်…………..
အသုံးမကျတဲ့ ကောင်…………………….
အသုံးမကျတဲ့ ကောင်……………………………….

ကျွန်တော် နားနှစ်ဖက်ကို ပိတ်ရင်း အားကုန် ကြုံးအော်ပစ်လိုက်မိပါတော့၏။
မဟုတ်ဘူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး ။
အမလေး…………..။

(၆) 

အွန်………..

ကျွန်တော်၏ မဟုတ်ဘူး ….ဟူသော ကြုံးအော်သံနောက်တွင်…..အမလေး …ဟူသော အသံသေးတစ်ခု …..ဆက်ကြားရသည်။ နိုးတစ်ဝက် အိပ်မက်ဆိုး မှ ….ယောင်ယမ်းထအော်မိသော ကျွန်တော့်အသံကြောင့် လန့်ဖြန့်သွားသော အသံ ဖြစ်ဟန်တူသည်။ ထိုအသံသေးသေးလေး လာရာသို့ ကျွန်တော် ခေါင်းလှည့်ပြီး ကြည့်လိုက်၏။

ကျွန်တော်လှဲလှောင်းအိပ်စက် နေခဲ့သော ခုံတန်းလေး ၏ တစ်ဖက် စံပယ်ရုံ နဘေးတွင် လန့်ပြီး မတ်တပ်ရပ်နေပုံရသော ကောင်မလေးတစ်ယောက် ။ ကျွန်တော်နှင့် အရွယ်မတိမ်းမယိမ်း …ဖြစ်ပြီး…သူမသည်လည်း  ကျောင်းသူတစ်ယောက် ဖြစ်သည်။ ထူးဆန်းတာကတော့………သူမ၏ လက်နှစ်ဖက်သည် ရှေ့တည့်တည့်တွင် စုနေပြီး တစ်စုံတစ်ရာ ကို ဆုပ်ကိုင် စုတ်ဖြဲနေသည့် အသွင်ရှိသည်။

သေချာကြည့်လိုက်တော့…..ဓါတ်ပုံတစ်ပုံ ကို စုတ်ဖြဲနေခြင်း ဖြစ်ပြီး….၊ သူမ၏ အလွန် လှပသော ခြေထောက်ကလေး နားတွင် အစိတ်စိတ်အမွှာမွှာ ပြန့်ကျဲနေသော ဓါတ်ပုံအပိုင်း အစများကိုလည်း တွေ့ရလေသည်။ ထိုခဏမှာပင် …..ကျွန်တော် ၏ ရင်ခုန်သံတို့သည်…..စစ်ရေးပြ ချီတက်လာသော … စစ်သည်တော်တို့၏ ဖိနပ်ခွာသံများနှယ် ..တစ်ဗြောင်းဗြောင်း လှုပ်ခါမြည်ဟီး ကြတော့သည်။ လက်ကောက်ဝတ်မှ နထင်ဆံစနားအထိ …..သွေးခုန်နှုန်း မြန်ဆန်လာမှုကို ခံစားလာ ရသည်။ မိန်းကလေးတစ်ယောက်၏ ခြေထောက်လှလှလေးသည် …. အသည်းကွဲပြီးစ ကျွန်တော့်အား ရင်ခုန်နှုန်း မြန်လာစေခြင်းမှာ မဖြစ်သင့်သော အကြောင်းအရာသာဖြစ်သည်။ သို့သော် အရှိန်ရနေပြီ ဖြစ်သော ရင်ခုန်သံများကတော့ …..မဖြစ်သင့်သည်ကို မြိန်ရည်ယှက်ရည် သုံးဆောင်နေကြဆဲပင်။

သူမ  သည်….. ကြောင်တွေတွေဖြင့် ကျွန်တော့်ကို ငေးနေရင်း ဖြဲလက်စ ဓါတ်ပုံကို အသိစိတ်မဲ့နေ သူတစ်ယောက်လို ….ဆက်ဖြဲပစ်နေသည်။ သူမ ၏ နှုတ်မှလည်း ….အသံတိုးတိုးတစ်ခု …ကို ရေရွတ်နေဆဲ။ သေချာနားထောင်ကြည့်မှ…..ထိုရေရွတ်သံသည် အသုံးမကျ တဲ့ကောင်……ဟူသော ရေရွတ်သံဖြစ်နေလေသည်။

ဗုဒ္ဓေါ……………….

အိပ်မက်လိုလိုနဲ့ ကြားခဲ့ရသော အသုံးမကျတဲ့ကောင် ဟူသည့်အသံသည် ……သူမရေရွတ်နေသည့် အသံများ ပါပေ။ သူမ သည်လည်း အသိစိတ် နှင့် ခန္ဓာ လွတ်တစ်ချက် တွယ်တစ်ချက် ဖြစ်နေပုံရသည်။ သူရှေ့တည့်တည့်တွင် ရပ်နေသော ကျွန်တော့်ကိုပင် မြင်တစ်ချက် …မမြင်တစ်ချက် …ဖြစ်နေပုံရသည်။

(၇)

နင်….ငိုနေတာလား ..။

တော်တော်လေးတော့ ကြောင်စီစီနိုင်သော မိတ်ဆက်စကားဖြစ်မည်ထင်သည်။ ရှိုက်ကြီးတစ်ငင် ငိုနေသည့် မိန်းကလေးတစ်ယောက်ကို ငိုနေတာလား ဟု မေးရင်း မိတ်ဖွဲ့ရခြင်း မှာ  မဖြစ်သင့်။ သို့သော်….လောလောဆယ် ထိုနည်းလမ်းပဲ ကျွန်တော် ရှာတွေ့ပါသည်။

ဟိတ်….ငိုနေတာလား ..လို့ မေးနေတယ်လေ..။
နင်….နဲ့ ဘာဆိုင်လို့လဲလို့……..။
အဲ ..ပြန်ပြောသဟ….။

ဘာမှတော့မဆိုင်ဘူး ၊ ဒါပေမယ့် … လောလောဆယ် ငါလည်း အသည်းကွဲထားတယ်ဟာ …နင့်ငိုသံက ငါပါ စိတ်ထိခိုက်ချင်လာတယ်ဟ …..မငိုနဲ့တော့…တိတ်တော့။

နားထောင်ရှာသည် ထင်၏။ ပြောလိုက်ပါမှပဲ မယ်မင်းကြီးမက ….အသံပိုကျယ်လာအောင် ငိုပါတော့သည်။ ချစ်ခင်ကြင်နာ သနားတတ်သော ယောကျာ်းတစ်ယောက်အဖို့ …သူ့ရှေ့တွင် မိန်းကလေးတစ်ယောက် ရှိုက်ကြီးတစ်ငင် ငိုနေခြင်းကို ထိုင်ကြည့်နေရခြင်းလောက် …အနေရခက်ခြင်း ရှိမည်မထင်။

ရော် …ခက်ပြီ..။ ပခုံးလေးဖက်ပြီး ချော့မော့ ဖျောင်းဖျရအောင်ကလည်း …..ကိုယ်က သူ့ရည်းစား မဖြစ်သေး။ ( နောင်တွင် ဖြစ်ရန် အသေအချာပင် ရည်ရွယ်ထားလိုက်ပြီ ဖြစ်သောကြောင့် .မဖြစ်သေး ….ဟု ဆိုင်းငံ့ဆဲ စကားကို ဆိုပါသည်။ )

တိတ်ပါဟာ…..နင်ငိုတာ မလှဘူးဟ ။

ငိုတာပဲ ….လှအောင် ငိုရမလား အရူးရဲ့….ဟီးအီးးးးးး 

ကျွန်တော့်ကို သူမက အရူးဟု ဆိုသဖြင့် ကျွန်တော် ရယ်ချင်လာမိသည်။

တစ်ကယ့် ..တစ်ကယ်က… နင်က မှ အရူးမ ပုံနဲ့တူနေတာဟ…၊ ကြည့်ပါဦး… နင်တပ်ထားတဲ့ မျက်မှန်တောင်…မျက်ရည်တွေစင်ပြီး ၀ါးနေပြီမဟုတ်လား။ ပြီးတော့….နင် ခဏခဏ ငိုလိုက် နှပ်ညှစ်ပြီး ပစ်လိုက် လုပ်လွန်းလို့ …ဟိုမှာ ပန်းကလေးတွေတောင် နှပ်ချေးမွန်းပြီး ညှိးကုန်ကြပြီ။
သူမက ယောင်ပြီး…..ကျွန်တော် လက်ညိုး ညွှန်ပြသော ..ပန်းခြုံကလေးကို လည်စောင်းပြီး ငုံ့ကြည့်သည်။ ပြီးမှ….သတိရသွားဟန်ဖြင့်…ကျွန်တော့်ကို လက်သီးဆုပ်ထောင်ပြကာ ….ခွစ်..ကနဲ…မအောင့်အီးနိုင်သော ရယ်သံကလေး ပြုလေသည်။

ဤနည်းအားဖြင့်ပင်………………….

တတိယမြောက်ရည်းစား လောင်းလျာလေး ကို ..ပန်းခြံတစ်ခုထဲတွင် ….ကျွန်တော် စတင် ကောက်ရခဲ့လေသည်။

(၈)

တစ်ကယ်တော့ ခင်ငြိမ်းသည်….ရိုးသားအေးချမ်းသော ….၊ ဒီ့ထက်ပိုပြီးဆိုရပါမူ…နည်းနည်း တုံးသည့် ထဲတွင် ပါသော မိန်းကလေးတစ်ဦးဖြစ်သည်။ ..ထိုသို့နဲနဲတုံးသည့် အချက်ကြောင့် ပင်လျှင် သူမကို သူမ၏ ငယ်ချစ်ဦးဖြစ်သည့် … စစ်တက္ကသိုလ် တက်သွားသော ….ဘဲဘဲကြီး ကိုရဲမော်က ..ဖြတ်ချန် ထားခဲ့ခြင်း ဖြစ်နိုင်သည် ဟု ကျွန်တော် တွေးမိပါသည်။

စတွေ့သည့်နေ့က …ထိုဘဲဘဲကြီး ၏ ဓါတ်ပုံများကို ဆုတ်ဖြဲနေခြင်းလည်းဖြစ်သည်။ တစ်ခါတစ်ခါတော့လည်း ….ထိုဘဲဘဲကြီးကို ကျွန်တော် သ၀န်တိုမိပါသည်။ ယခု….ခင်ငြိမ်းနှင့် ကျွန်တော် ..ချစ်သူဘ၀ သက်တမ်း လေးလမျှ ရှိပြီဖြစ်သည့်တိုင်….၊ ခင်ငြိမ်း၏ လက်ကလေးကိုပင် ကျွန်တော် သေချာ ကိုင်ခွင့် မရသေးပါ။ စက္ကန့်ပိုင်းမျှ သာ အလစ်သုတ်ပြီး ..ဖြတ်ကနဲ ဖြတ်ကနဲ …လုကိုင်နေရဆဲ။ ကိုင်မိတိုင်းလည်း  နားရွက်လိမ်ဆွဲ ခံရမြဲဖြစ်သည်။ ထိုဘဲဘဲကြီးကတော့ ခင်ငြိမ်း၏ ပါးပြင်လေးကို တစ်ခါ နမ်းဖူးခဲ့သည်ဟု သူမက ရှက်ရှက်နှင့် ၀န်ခံခဲ့ဖူးသဖြင့် ….. ကြားရသည့်နေ့က ကျွန်တော် ဒေါတော်တော်ဖောင်းခဲ့မိပါသည်။

ခင်ငြိမ်းသည် မျက်စိအားနည်းသဖြင့် မျက်မှန်တပ်ရသော မိန်းကလေးဖြစ်သည်။ ထိုမျက်မှန် ၀ိုင်းဝိုင်းလေးများ အောက်မှ ပုတ်ခတ် ပုတ်ခတ် လုပ်တတ်သော မျက်လုံးလှလှလေးများ ကို ကျွန်တော် အရမ်းချစ်ပါသည်။ သူမသည် အစဉ်အမြဲ ကျစ်ဆံမြီး နှစ်ခွ ကျစ်ထားတတ်ပြီး ရှည်လျားသော ထိုကျစ်ဆံမြီး တို့သည်လည်း ကျွန်တော်၏ ရင်ခုန်သံများ ပေါက်ဖွားစေသည့် မှော်စောင်းကြိုးများ ဖြစ်သည်။  

ခင်ငြိမ်းသည် ထူးကဲသော အလှပိုင်ရှင် မဟုတ်ပါ။ သို့သော် ….ကျွန်တော့်အတွက်တော့ ရင်အေးမြစေသော …ချစ်စရာ ကောင်မလေးတစ်ယောက်ဖြစ်သည်။ ဒုတိယမြောက် ရည်းစားလှလှလေး တုန်းက ရင်ပူရသလောက် ခင်ငြိမ်း မျက်နှာလေးကို ကြည့်မိတိုင်း ကျွန်တော် ချမ်းမြေ့မှု နှင့် ရင်ခုန်မှုကို ပူးတွဲခံစားရလေ့ ရှိပါသည်။

ခင်ငြိမ်း မိဘများသည် ၀န်ထမ်းများဖြစ်ကြပြီး…..သည်နှစ်ထဲတွင် ကျွန်တော်တို့ မြို့ကလေးသို့ ပြောင်းရွှေ့ရောက်ရှိ လာကြခြင်း ဖြစ်သည်။ တနည်းအားဖြင့်တော့…. ကျွန်တော်တို့ ကျောင်းတွင်လည်း  သူမသည် ကျောင်းသူသစ် ဖြစ်လေသည်။  

ထို့ကြောင့်လည်း …..ကျောင်းတွင် …ကျောင်းသူသစ်က …ကျောင်းမှ အလှဆုံးတစ်ယောက် ၏ ရည်စားကို လုယူလိုက်သည် ဟု …သတင်းကြီးခဲ့ခြင်း ဖြစ်သည်။ ခင်ငြိမ်းက ထို့အတွက် ကျွန်တော့်ကို …အမြဲ ထုထောင်း အပြစ်ပေးတတ်ပြီး..၊ နင့်ကြောင့် ငါ့မှာ အများမုန်းခံရတယ် ဟု ပြောလေ့ရှိပါသည်။

အမှန်တစ်ကယ်လည်း …..ခင်ငြိမ်းသာ မက ကျွန်တော်ပါ …. မိန်းကလေးအုပ်စု တစ်စု၏ ပြင်းပြင်းထန်ထန် အမုန်းပွားခြင်းကို ခံစားခဲ့ရပြီး …. ထိုမိန်းကလေးအုပ်စုကတော့ …ကျွန်တော်၏ ဒုတိယမြောက် ရည်းစား ဖြစ်ခဲ့ဖူးသော ကျော့ကျော့စံနှင့် သူ၏ သူငယ်ချင်း မိန်းကလေးများ ဖြစ်ကြောင်း အထူးပြောစရာ လိုမည်မထင်။

(၉)

တစ်ရက် ……………..

ခင်ငြိမ်းနှင့် ကျွန်တော် စက်ဘီးလေထိုးကျွတ်ဖာ ဆိုင်တွင် ရှိနေကြသည်။ ကျောင်းဆင်းချိန် ဖြစ်သဖြင့် …..လမ်းမတစ်ခုလုံး ကျောင်းသားကျောင်းသူများ ဖြင့် အဖြူအစိမ်း ကာလာ တောက်ပနေချိန် လည်းဖြစ်သည်။  ခင်ငြိမ်း၏ စက်ဘီး လေလျော့နေသဖြင့် ကျွန်တော် လေထိုးပေးနေချိန်လည်းဖြစ်ပါသည်။

ထိုခဏမှာပင် ………ကျွန်တော့်  ပုခုံးပေါ်သို့ နွေးထွေးသော လက်တစ်ဖက် က လာတင်သည်။ လှည့်ကြည့်လိုက်တော့ ကျွန်တော် မျက်လုံး တော်တော်ပြူးသွားပါ၏။ ကျော့ကျော့စံ ဖြစ်လေသည်။

သူမသည် ရှေးကထက်ပင် ယခု ပိုမိုလှပနေသည့်အသွင် ရှိ၏။ စက်ဘီးလေထိုးနေ သည့် နေရာတွင် ဆောင့်ကြောင့်ထိုင်နေသော ခင်ငြိမ်း သည် မျက်မှန်ကိုပင့်တင်ရင်း သူမကို ငေးကြောင် ကြည့်နေ၏။ ကျွန်တော်လည်း ကြက်သေသေ နေမိသည်သာ။

ထိုခဏမှာပင် …..ကျော့ကျော့စံဆီမှ ခြောက်ခြားဖွယ်ရာ အသံတစ်ခု ပျံ့လွင့်ထွက်ပေါ်လာလေသည်။

……………..
မောင ………… ။


ကိုစိုး
14 . Friday.9 (Sep) . 2012 Am.11

Post a Comment
 

Posts Comments

©2006-2010 ·TNB