ကျေးဇူးပြု၍ … အချစ်ကို လက်မလွှတ်လိုက်ပါနဲ့ …. (ဒုတိယပိုင်း)

Thursday, October 11, 2012




(၁)

ကမ္ဘာပေါ်ရှိ သာယာနာပျော်ဖွယ် အကောင်းဆုံး သုတိမင်္ဂလာ အသံသာများ ထဲတွင် …. ကိုယ်ချစ်သော မိန်းကလေး တစ်ယောက်က ကိုယ့်ကို  …. မောင်… .. ဟု ခေါ်သံလည်း အပါအ၀င် ဖြစ်မည်ဟု ကျွန်တော် ထင်မြင်ခဲ့ဖူးပါသည်။ ထို့ကြောင့်ပင်လျှင် … ရည်းစားတစ်ယောက် ဖြစ်ဖြစ်မြောက်မြောက် မပိုင်ဆိုင်သေးမီ ကတည်းကပင် ….. ငါရည်းစားရတဲ့အခါ …မောင်… လို့ ခေါ်ခိုင်းမယ် ဟူသော စိတ်ကူးယဉ် အတွေးမျိုး … ကျွန်တော် တင်ကြို စိုက်ပျိုးခဲ့မိသည်။ ထိုအချိန်ကတည်းက တင်ကြိုပြီး စိတ်ကူးဖြင့် ကြားယောင် ကြည့်မိခဲ့သည်။

အရသာ ရှိလိုက်ပါဘိတောင်း……..။


(၂)

ပထမဆုံး ချစ်ခဲ့ရဖူးသော ရည်းစားဦးသည် ကျွန်တော့်ကို နာမည်အတိုင်း ခေါ်ရုံမှအပ …ထူးကဲပြောင်းလဲ ခေါ်ဝေါ်ခြင်း မရှိခဲ့ပေ။ သူမကို မောင်…ဟု ခေါ်ရန် စည်းရုံးမရသေးမီမှာပင် …သမီး ရည်းစားဘ၀ …ဖဲကြိုးဖြတ် ရပ်နားခဲ့ရသည်။

ဒုတိယမြောက်ရည်းစား ကျော့ကျော့စံ ကိုလည်း ကျွန်တော် စည်းရုံးခဲ့သည်။ မောင် ….လို့ ငါ့ကိုခေါ်ပါလား ဟု မျက်နှာချိုသွေး စည်းရုံးမိတိုင်း …ကျော့ကျော့စံက ဟက်ဟက်ပက်ပက် ရယ်မောပစ်တတ်ပြီး…..၊ လျှာယားစရာကြီး မခေါ်ချင်ပါဘူး ဟု ငြင်းပယ်တတ်ခဲ့လေသည်။

တတိယမြောက် လက်ရှိ ကျွန်တော်၏ ချစ်လှစွာသော …. ခင်ငြိမ်းလေးသည်လည်း မောင်…..ခေါ်ရန် စည်းရုံးရခက်သူဖြစ်သည်။ သူမကတော့ ကျွန်တော့်ကို စိတ်ကောင်းဝင်နေချိန် တွင် အထွန်း..ဟု ခေါ်တတ်ပြီး …၊ အလိုမကျချိန်တွင်မူ…. မောင်ဇီးကွက် …၊ ကိုစိုးနိုင်ထွန်းကြီး… စသည်ဖြင့်  ရွဲ့ခေါ်တတ်သူဖြစ်လေသည်။

မိန်းကလေးတွေ ဘာကြောင့်များ ….. မောင်….လို့ ခေါ်ရန် နှမျောတွန့်တိုကြပါလိမ့်ဟု ကျွန်တော် ကြိမ်ဖန်များစွာ ..တွေးမိခဲ့လေသည်။ ခုတော့ဖြင့်……………………………………။

(၃)

မောင်   ………………..

ကျော့ကျော့စံ ဆီမှ ဆွဲဆောင်မှု အပြည့်ပါသော ထို ခေါ်သံသည် ကျွန်တော် နှင့် ခင်ငြိမ်း နှစ်ဦးကြားမှ စိမ်းသက်အေးခဲစွာ ဖြတ်သန်းသွားသလို …ကျွန်တော် ခံစားလိုက်ရသည်။

အငိုက်မိသွားသော ကျွန်တော် သည် ကျော့ကျော့စံ၏ မောင်ခေါ်သံ ထဲတွင် မေ့ကနဲ မျောပါသွားသလို ဖြစ်သွားပြီး…..နှလုံးခုန်သံများကလည်း …မူမမှန်ချင် ဖြစ်လာတော့သည်။ ဘာလုပ်ရမှန်းမသိ ဖြစ်နေစဉ်မှာပင် …… ကျော့ကျော့စံဆီမှ စကားသံ တစ်ချို့ ထပ်မံတိုးဝင်လာလေ၏။

မောင်…စိတ်ဆိုးပြေသွားပြီလားဟင် …..။

ဗုဒ္ဓေါ………

ကျွန်တော့် နှလုံးသားထဲတွင်  … ထော်လာဂျီ ငါးစင်း ပြိုင်မောင်းလာသလို ဖုန်တစ်ထောင်းထောင်း တစ်ဂျောင်းဂျောင်း မြည်ကုန်သည်။ မကြည့်ရဲ ..ကြည့်ရဲ …ခင်ငြိမ်းဘက် ငဲ့ကြည့် လိုက်တော့…..မျက်မှန်ဝိုင်းဝိုင်းလေးအောက်မှ ခင်ငြိမ်း၏ မျက်ဝန်းများက  …..အရောင်တစ်ဖျတ်ဖျတ် လက်နေသလို ထင်ရ၏။

ဝေးကွာနေခဲ့သော ခြောက်လခန့်အတွင်း ကျော့ကျော့စံသည် …..မည်သို့မည်ပုံ စိတ်များပြောင်း သွားပါသနည်း။ တစ်ခါမှမကြားခဲ့ရဖူးသော သူမ ၏ မောင် ခေါ်သံသည် ….ကျွန်တော့်အား  လှပစွာ ဖျားယောင်းနိုင်သည်ကိုတော့ ..ကျွန်တော် ၀န်ခံရပါလိမ့်မည်။ ပိုမိုထိတ်လန့်ဖွယ်ရာ ကောင်းသည်ကတော့  မောင်…စိတ်ဆိုးပြေသွားပြီလားဟင် ဟူသော အမေး စကားသံပဲ ဖြစ်ပြီး …………………..

ထိုမေးသံ အဆုံးတွင် ……ခင်ငြိမ်းသည် …ဆတ်ကနဲ ထရပ်လာ၏။ သွားပြီ…..၊  တောင်ကိုးရီးယား နှင့် မြောက်ကိုးရီးယား ထိပ်တိုက်တွေ့ကြတော့မည်။ ကျွန်တော် ဘာလုပ်ရမည်နည်း။ ဘာမှမလုပ်တာက ပိုကောင်းမည် ထင်၏။ သို့မဟုတ် ကျော့ကျော့စံကို တစ်ခုခုပြန်ပြောလိုက်ရမည်လော။ ဘာတစ်ခုမှ စဉ်းစားမရသေးမီမှာပင် ……….ကယ်တင်ရှင်နတ်သားတစ်ပါး ဘွားကနဲ ပေါ်လာလေသည်။

ထိုနတ်သားသည် ….ပါဝါထူထူမျက်မှန် တတ်ထားပြီး ၊ နှုတ်ခမ်းမွှေးထိုးထိုးထောင်ထောင် တော့ ပါလေသည်။

(၄)

ဟေ့……. မောင်စိုးနိုင် ….ညနေကြရင် ဆရာ့ဆီ ၀င်ခဲ့ဦးကွာ။ ဟိုနေ့က မင်းပေးဖတ်တဲ့ စာအုပ် ဆရာမပြီးသေးဘူးကွ….၊ အဲဒါလေးလည်း ပြန်ယူခဲ့ဦး….၊ သြောနေဦး…..ဒါထက် ……+-x+x-=x+-x+………………………………..

မြန်မာစာ ဆရာကြီး ဦးခင်မောင်ဝင်း သည် စစ်မြေပြင် သို့  ….ဘုမသိဘမသိ ၀င်လာသော ပန်းကန်ပြားပျံ တစ်စင်းလို … .နှစ်ဖက် တင်းမာမှုကြား တွင် ဖြတ်ဝင်လာပြီး ကျွန်တော့်ကို စကားဖောင်ဖွဲ့လိုက်ချင်းဖြင့် ……….. လော်ရီကား နှစ်စီးကြားတွင် …အညှပ်ခံရတော့ မည့် ဘေးမှ ကျွန်တော် တဒင်္ဂ လွတ်မြောက် ခဲ့လေပြီ။

ဆယ်မိနစ်ခန့်ကြာအောင် ဆရာမေးသည် ပြောသည်များကို ကျွန်တော် နားထောင် ချင်ယောင် ဆောင်ခွင့်ရရှိနေ၏။ ထိုခဏမှာပင် …သူ့နောက်ကျောကို ကျော့ကျော့စံက စူးကနဲနေအောင် ဆွဲဆိတ်သွားပြီး…..၊ ညနေကြရင် …..ဘိုင်အိုစာအုပ် လာယူမယ် ..စောင့်နေနော်ဟု ပညာသားပါပါ မှာပြီး ..လှည့်ထွက်သွားလေသည်။

ဆရာကြီး …သမီးကို ခွင့်ပြုပါဦး…။

သြော်အေးအေး………..၊ ဒီလိုကွာ ..မောင်စိုးနိုင်ရာ……+၀+=x-x-x—x-- ။

ဆရာက ကျော့ကျော့စံကို လှည့်ပင်မကြည့်အားပဲ နှုတ်ပြန်ဆက်လိုက်ပြီး .သူပြောချင်တာကိုသာ အာရုံ စိုက်နေသဖြင့် တော်သေးသည်။ နို့မဟုတ်ပါမူ …..မိန်းကလေးနှစ်ယောက်၏ အမျက်စူးရှသော အပြိုင် အကြည့်များကို ရိပ်မိသွားနိုင်လောက်၏။

ကျော့ကျော့စံ ကျွန်တော့်နောက်ကျောကို ….စူးကနဲနေအောင် ဆွဲဆိတ်သွားချိန်တွင် ..ခင်ငြိမ်း၏ မျက်နှာသည် မျက်မှောင် သေးသေးလေးများကို ဗွီချိတ်ပေါ်သည်အထိ ကုပ်သွား၏။

သူမ၏ စိတ်အလိုမကျမှု ဂယက်လှိုင်းများကို …..လတ်တစ်လော မရင်ဆိုင်ရသေးသည့်တိုင်အောင် … နောက်ကျော မလုံသလို ကျွန်တော် ခံစားနေရပါသည်။ ဒါကြောင့်လည်း မြန်မာစာ ဆရာကြီး ဦးခင်မောင်ဝင်း ၏ စကားဖောင်ဖွဲ့မှုနောက်သို့ ကျွန်တော် စီးမျောလိုက် ပါနေမိ၏။ နောက်ဆယ်မိနစ်ခန့်အကြာတွင်မှ ဆရာက …ကျွန်တော့်ကို နှုတ်ဆက်ပြီး  ထွက်ခွာ သွားတော့သည်။ ထိုအချိန်ကျမှ….. ကျွန်တော် ခင်ငြိမ်းဘက်သို့ …မကြည့်ရဲကြည့်ရဲ …လှည့်ကြည့်မိ၏။

အံသြစရာ သို့မဟုတ် ထိတ်လန့်ဖွယ်ရာကောင်းသည်ကတော့ ……… ခင်ငြိမ်း၏ အေးစက်စက်နှင့် ခံစားချက် မရှိသကဲ့သို့သော (သူတစ်ခါမျှ မတွေ့ဖူးသေးသည့်) မျက်နှာအမူအယာပဲ ဖြစ်လေသည်။

အပြန်လမ်း တစ်လျှောက်လုံးတွင်လည်း ခင်ငြိမ်းသည် ….မည်သည့်စကားကိုမျှ မဆို။ စက်ဘီးကိုသာ သူနှင့်အတူ ဘေးချင်းယှဉ်ပြီး တွင်တွင်နင်းလာခဲ့၏။ ကြာတော့ ကျွန်တော် မနေနိုင်ပြီ။ တစ်ခုခု ပေါက်ကွဲပြလိုက်လျှင် ….သို့မဟုတ် ….အလိုမကျကြောင်း ထုတ်ပြလိုက်လျှင် ကျွန်တော် သက်သာရာ ရနိုင်သေး၏။ ခုလို တိတ်ဆိတ်ငြိမ်သက်နေခြင်းမျိုးက …..ကျွန်တော့်အတွက် များစွာ အနေရကျပ်စေပါသည်။ ဒါကြောင့်လည်း အားတင်းပြီး ….ကျွန်တော်စကားစလိုက်သည်။

ဘာမှ မဟုတ်ပါဘူး ခင်ငြိမ်းရယ်…..၊ သူသက်သက် နှောက်ယှက်တာ ….ပြဿနာ ရှာလိုက်တာ နေမှာပါ။ ငါတောင်းပန်ပါတယ်။

ပြောပြီး…..သည်နှင့် ကျွန်တော် ခင်ငြိမ်းကို ….အသာအကဲခတ်ပြီး စကားပြန်ကို နားစွင့် လိုက်သည်။ တော်တော်နှင့် ပြန်မပြော။ ခဏနေမှ….ခင်ငြိမ်းသူ့ဘက်သို့ လှည့်ကြည့်လာသည်။ တစ်ခါမှ မမြင်ခဲ့ရဖူးသော ထူးဆန်းသောအပြုံး နှင့် သူ့ကို ပြုံးပြလိုက်ပြီး……..

ရပါတယ် …မောင် ….ရယ် …….ဟု ဆိုလေသည်။

ကမ္ဘာကြီးသည် ….စောင်းစောင်းကြီးလည်နေသည်ဟူသော အဆိုကို ယနေ့ပင် ကျွန်တော် လက်ခံလိုက် ရတော့သည်။

(၅)

ထိုနေ့ညနေတွင် ခင်ငြိမ်းသည် ပုံမှန်အတိုင်း စာအုပ်ဆိုင် လာရင်းဖြင့် သူနှင့်လာတွေ့သည်။ ထိုညနေတွင်မှာပင် ခင်ငြိမ်းဆီမှ သဘောထားကို ကျွန်တော် ပြတ်ပြတ်သားသား ကြားခွင့်ရတော့သည်။

ဒီနေ့က စပြီး……ငါနင့်ကို …နင်သိပ်သဘောကျတဲ့အတိုင်း မောင်လို့ ပဲ အမြဲခေါ်တော့မယ် ..။ တစ်ခု သိထားဖို့က …..ငါ့ဘ၀မှာ ရည်းစားဦးကို တစ်ခြားတစ်ယောက်က လုသွားတာခံရပြီးချိန်ကတည်းက ….ဆုံးဖြတ်ချက် ချထားတယ်။ နောက်တစ်ခါ ငါ့ရည်းစားကို သူများလာလုတာ မခံဘူးလို့ပေါ့။ နောက်ထပ် ..အဲလို နာကျင်မှုမျိုးတွေ ငါ မကြုံချင်တော့ဘူး။ နင် ..ဒါကိုယုံ ။ နင်လည်း တစ်ခုသိထား….။ မိန်းကလေး နှစ်ယောက်က အပြိုင် ၀ိုင်းကြိုက်ကြတယ်ဆိုပြီး ဘ၀င်မြင့်မယ် မကြံနဲ့။ ဒီကိစ္စက ….နင့်ကို တွယ်တာတာထက် …တခြားကဏ္ဍတွေ အများကြီးနဲ့လည်း ဆိုင်တယ်။ ဒုတိယအကြိမ် ငါ့ခံစားချက် ..ငါနှလုံးသားကို အထိပါး မခံနိုင်တော့ဘူး။ ဒါကြောင့် ကျော့ကျော့စံကို ငါ ရင်ဆိုင်မယ်။ အဲဒီ့လို  ရင်ဆိုင်တဲ့ အချိန်တွေမှာ နင် တစ်ခုပဲ လုပ်ပေး။

ကျွန်တော် ..ခင်ငြိမ်းကို အံ့အားသင့်စွာ ငေးနေရင်း …..ပြောပါ ဟု စကားထောက်ပေးလိုက်သည်။

ငါ့လက်ကို ကိုင်ပြီး ငါ့ဘက်မှာပဲ ဆက်ပြီးရပ်ပေးပါ။

ဒါကတော့ ခင်ငြိမ်းဘက်က ကျွန်တော့်ကိုတောင်းဆိုမှုပဲ ဖြစ်လေသည်။

(၆)

ထိုနေ့၏  ည ဆယ်နာရီခန့်တွင်မူ ……ထူးဆန်းစွာဖြင့်ပင် ….ကျော့ကျော့စံတစ်ယောက် ကျွန်တော့်အိမ်သို့ ဘိုင်အိုစာအုပ် လာငှားသည်ဟူသော အကြောင်းပြချက်ဖြင့် ရောက်ရှိလာခဲ့သည်။ အမေက အကဲခတ်သော အကြည့်ဖြင့် ကျွန်တော့်ကို ကြည့်နေသည်။ အဖေကတော့ ပြုံးနေ၏။ ခပ်မြန်မြန်ပင် ကျွန်တော် ဘိုင်အိုစာအုပ် ယူပြီး  အိမ်ရှေ့သို့ ထွက်လာခဲ့ရသည်။

ကြာလိုက်တာ မောင်ရယ်…..ဘာတွေလုပ်နေတာလည်း …။

ကျွန်တော် ငိုချင်လာသည်။ မောင်ဟူသော ခေါ်သံကို ကျွန်တော်အလွန် နှစ်သက်မြတ်နိုးသော်လည်း …ယခုမူ ကြားတိုင်း ..သွေးလန့်သလို ဖြစ်နေမိသည်။

အဲလို မခေါ်ပါနဲ့လားဟာ…၊ မသင့်တော့ဘူး ထင်တယ်။

အားတင်းပြီး ကျွန်တော် ပြောလိုက်ရသည်။ ကျော့ကျော့စံက မျက်ခုံးကလေးပင့်ပြီး ရယ်သံပြုသည်။

ဘာလို့လည်း မောင်ရဲ့ …..မောင်ပဲ အဲလိုခေါ်ဖို့ အမြဲကျော့ကို ဖျားယောင်းခဲ့ဖူးတာပဲကို………
ခေါ်စေချင်ခဲ့တာ တစ်ချိန်တုန်းကပါ………. ခုက…….
ခုက……ဘာဖြစ်လည်း ….. ပြောပါဦးမောင်..

နင်နဲ့ငါ ….ဇာတ်လမ်းပြီးခဲ့ပြီပဲလေ….ခုက ..ငါ့နဘေးမှာ ခင်ငြိမ်းရှိနေပြီလေ…….

ကျော့ကျော့စံက ဟက်ကနဲ ရယ်သည်။

အဲဒါက မောင့်ဘက်က သစ္စာမရှိတာလေ ၊ ကျော့ဘက်က အမှားမှ မဟုတ်တာ ၊ ဘယ်တုန်း ကများ ကျော့က မောင့်ကို ရှင်နဲ့ကျွန်မ လမ်းခွဲကြပြီ လို့ ပြောခဲ့ဖူးလို့လဲ၊ မောင့်ဘာသာမောင် စိတ်ဆိုး စိတ်ကောက်ပြီး …နောက်တစ်ယောက်တွဲတဲ့ကိစ္စလေ …မဟုတ်ဘူးလား …။ ကျော့သဘောကတော့ …ခုချိန်ထိ မောင်က ကျော့ရည်းစားပဲ …ခဏတာ စိတ်ဆိုးပြီး အဆင်မပြေဖြစ်ကြတာ ၊ ဒီကြားထဲမှာ ဟိုလေးလုံးမက မောင့်ကို ၀င်လုတာ ..ဒါပဲ။ ကျော့ကတော့ အဲလိုပဲ ခံယူ ထားတယ်။ မောင်ကကော………….

ရေပက် မ၀င်အောင်ပြောလာသော ကျော့ကျော့စံ၏ စကားများကို ကျွန်တော် မတွန်းလှန်နိုင်။ ပြန်ပြောစရာ စကားရှာမရသကဲ့သို့ ဖြစ်နေခဲ့လေသည်။ နောက်ဆုံး တစ်ခုပဲ အားတင်းပြီး ဇွတ်ပြော ချလိုက်ရသည်။

ဘာပဲဖြစ်ဖြစ်  …ခင်ငြိမ်းကို ငါတစ်ကယ်ချစ်တယ် ကျော့ …

ကျော့ကျော့စံ မျက်နှာပျက်သွားသည်။ သို့သော် တဒင်္ဂအတွင်းမှာပင် ဖုံးကွယ်ပစ်လိုက်ပြီး သူကိုစေ့စေ့ကြည့်ကာ ဆိုလေသည်။

ကျော့ကိုလည်း မောင်အဲလိုပဲ ပြောခဲ့ဖူးတယ် ဆိုတာ မမေ့ပါနဲ့ မောင် ။ ရှင်းရှင်းပဲ ပြောမယ် ..ဒီနေ့က စပြီး မောင်က ကျွန်မရဲ့ တရားဝင်ရည်းစားပဲ ။ အကြောင်းမဲ့ အဆက်ဖြတ်ဖို့လည်း မကြိုးစားပါနဲ့ …လိုအပ်ရင် မောင့်မေမေ နဲ့ ကျွန်မ လာဆွေးနွေးဖို့အထိ အသင့်ပြင်ထားတယ် ဆိုတာ မောင်ယုံပါ။ ကျော့ပြန်မယ်။

စကားဆုံးသည်နှင့် ကျော့ကျော့စံ လှည့်ထွက်သွားတော့သည်။ အဆက်မပြတ် ချက်ခေါ် ခံရသဖြင့် ဆက်တိုက် ပြေးပုန်းနေရသော စစ်တုရင်ခုံပေါ်က ဘုရင်ကြီးလို … ကသောင်းကနင်း ကျွန်တော် ကျန်ရစ်ခဲ့သည်။

(၇)

လှပသော မိန်းကလေးတစ်ယောက်နှင့် … ချစ်စရာကောင်းသော ကောင်မလေးတစ်ယောက် တို့ကို တပြိုင်တည်း ရည်းစားတော်စပ်ခွင့်ရနေသော ကျွန်တော်သည် …..ဘာကြောင့် မပျော်နိုင်ပါသနည်း။ ရှေးယခင်တုန်းက တော့…….အများနည်းတူ ကျွန်တော်လည်း မောင်ဖိုးစွံကြီး ဖြစ်ချင်ခဲ့သည်သာ။

ယခုတော့………ကျွန်တော့်ခေါင်းတွေ ဆယ်ပေါင်အလေးဖြင့် ဖိခံထားရသလို လေးလံနေသည်။ အဆင်ပြေ လွန်းလျှင် အဆင်မပြေ ဖြစ်တတ်ပါသလား။ ကျွန်တော် မသိတော့…..။ မနက်ဖြန်တွေမှာ ပြတ်သားပြီး … မာနကြီးကြသော မိန်းကလေး နှစ်ယောက်၏ …တင်းမာမှုများအကြား …ကျွန်တော် မည်သို့ ဖြတ်သန်းရပါမည်နည်း ။  ဒူးရင်းသီး နှစ်လုံးကြားတွင် ဘူးသီးနေရသကဲ့သို့ ကျွန်တော် ခံစားရလေသည်။


ကိုစိုး
3 . Oct . 2012

Post a Comment
 

Posts Comments

©2006-2010 ·TNB