အမည်များ နှင့် ကံဇာတာ (၁၃၇၄ ခုနှစ်) (ဒုတိယပိုင်း)

Wednesday, October 17, 2012


(၁) နာမည်အဖျားစာလုံး ဗုဒ္ဓဟူး/ရာဟုနံ (ယ၊လ၊၀၊ရ) ဖြင့် မှည့်ခေါ်ထားသော အမည်ရှင်များ

ဥပမာအားဖြင့် ….(ခင်ခင်ဝေ၊ သဉ္ဇာယွန်း၊ နှင်းနှင်းလွင် ၊ ချစ်သုဝေ၊ ထွန်းလင်း)

အထက်ပါကဲ့သို့သော အမည်ရှင်တွေအဖို့ လက်ရှိရောက်ဆဲ မြန်မာကောဇာခုနှစ် ၁၃၇၄ ခုနှစ် ထဲမှာ …..

  …..

လူအများစုက ကိုယ့်ဆီက လမ်းညွှန်ပြမှု ၊ နည်းပေးလမ်းပြပြုမှုကို တောင်းခံလာတတ်ချိန်ပဲ ဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ ….ဆရာယုဂ် မိနေချိန် မျိုး လို့ ဆိုရပါမယ်။ ဒီနေရာလေးကို ဘယ်လို လုပ်ရကောင်းမလဲ ဆိုတာမျိုး ကိုယ့်ဆီက အကြံဥာဏ် အိုင်ဒီယာ ဒါမှမဟုတ် နည်းလမ်းလေး က အစ လာရောက်တောင်းဆို တတ်ကြချိန်ပါ။ အလားတူပဲ ….မိမိ အထူးတစ်လယ် ကြိုးစားသည် ဖြစ်စေ မကြိုးစားသည်ဖြစ်စေ …. အလိုလို ရရှိတတ်တဲ့ ကောင်းကျိုး သုခ မျိုး နိုးထလာနိုင်ချိန်ပဲ ဖြစ်ပါတယ်။ ဆိုင်ရာနေ့နံ အသီးသီးအလိုက် မတူညီသော အကျိုးမျိုး ကွာခြားကြပါလိမ့်မယ်။

ဆရာယုဂ် အားနဲသူတွေတောင် အနဲဆုံးအဆင့် …. လိပ်စာမေး လမ်းညွှန်ပေးဖို့ တောင်းဆိုမှုတွေ မကြာမကြာ ခံရတတ်ချိန်ပါ။ နည်းပြ ၊ ဂိုက်လုပ်ငန်း၊ ဆရာအဖြစ်အသက်မွေးခြင်း စသည်ဖြင့် နဂိုကတည်းက ရှိနေသူများအဖို့တော့ သည်တစ်နှစ်ဟာ လုပ်ငန်းကောင်းမွန်ခြင်း၊ တိုးတက်ခြင်းများ ရှိမယ့်ကာလပါပဲ။

ဘာပဲဖြစ်ဖြစ် ဒီနာမည်ရှင်တွေအဖို့ … သည်တစ်နှစ်ဟာ အကျိုးအမြတ်အသီးအပွင့် ရိတ်သိမ်းခွင့်ရချိန် နဲ့ အလားတူပါတယ်။ အတိတ်က ကိုယ်ဘာပင် စိုက်ခဲ့သလဲ၊ ရိတ်သိမ်းဖို့သာ ပြင်ပေတော့ ဆိုတဲ့ကာလမျိုး ဖြစ်ပါတယ်။ သည်တစ်နှစ်ထဲမှာ အပြန်အလှန်ဆွေးနွေးဖလှယ်မှုများ ၊ အရောင်းအ၀ယ် ကဏ္ဍများ၊ အပေးအယူ အလဲအလှယ် လုပ်ဆောင်ခြင်းများကနေလည်း  အကျိုးအမြတ် ရရှိနိုင်ကြချိန်မျိုး လို့ ဆိုရပါမယ်။

အားနဲချက်တစ်ရပ်အနေနဲ့ ……မထင်မှတ်ထားတဲ့ ..လက်အောက်ငယ်သားဆိုင်ရာ  သို့တည်းမဟုတ် အိမ်ဖော် ၊ လုပ်သား ဆိုင်ရာ အခက်အခဲအချို့ ရင်ဆိုင်လာရတတ်ပြီး၊ ရုတ်တရက် တားမြစ်ပိတ်ပင်မှု ခံရခြင်းမျိုးလည်း ကြုံကြိုက်ရတတ်ချိန်ဖြစ်ပါတယ်။ မတရားပြုမူ ခြင်း ခံရတတ်သောကာလပါ။ အထူးသဖြင့် စနေနေ့ ဟာ မိမိတို့ရဲ့ ရည်မှန်းချက် ဦးတည်ချက်တွေမှာ အဖုအထစ် မကင်းခြင်း၊ ရုန်းကန်ရင်ဆိုင်ရခြင်းများ ကျရောက်လာနိုင်သော နေ့များ ဖြစ်နေစေပါလိမ့်မယ်။

ရှောင်နိုင်ဖို့ ….. အတွက်က ….. အနက်ရောင် ၊ စနေနေ့၊ အစွန်အဖျားကျသော အရပ်ဒေသများ နဲ့ တစ်ခါမှ မမြင်ဖူးသော သူစိမ်းသူရံစာ များ ကို သတိပြုဖို့ လိုပါမယ်။   ဗုဒ္ဓဘာသာဝင်များ အဖို့ …နံနက်ခင်း/ည အားလပ်ရာ အချိန်တစ်ချိန်ချိန်မှာ ….သုဂတော ဂုဏ်တော်ကြီးကို နေ့စဉ် ပုတီးလေးပတ် အနက်ကို အာရုံပြု စိတ်ပေးသင့်ချိန်ဖြစ်ပါတယ်။ ပုတီးစိတ်ဖို့ အထိ အခွင့်မသာသူများ အနေနဲ့ကတော့  သုဂတော ဂုဏ်တော်ကြီးရဲ့ အနက်ကို စိတ်နှစ်ပြီး …..အာရုံမကြာခဏ ပြုပေးသင့်ပါတယ်။

(၂) နာမည်အဖျားစာလုံး ကြာသာပတေးနံ  (ပ၊ဖ၊ဗ၊ဘ၊မ) ဖြင့်မှည့်ခေါ်ထားသော အမည်ရှင်များ

ဥပမာအားဖြင့် ….(နေမျိုး ၊ ၀င်းပပ၊ သူဇာမြင့်၊ ယုယဖြိုး၊ အောင်ပိုင်၊ အေးပွင့်မြတ်…စသည်…)

အထက်ပါကဲ့သို့သော အမည်ရှင်တွေအဖို့ လက်ရှိရောက်ဆဲ မြန်မာကောဇာခုနှစ် ၁၃၇၄ ခုနှစ် ထဲမှာ …..  …..

ပယ်စရာရှိရင် ….ကိုယ်ပဲ အပယ်ခံရတတ်သောအချိန် ၊ အမုန်းခံစရာရှိလျှင် ကိုယ်ပဲ အမုန်းခံရတတ်သော ကာလ  မျိုး ရောက်ရှိနေပါတယ်။ တော်တော်များများသော ကြုံလာသမျှ တွေကလည်း …… ကိုယ်ကျိုး စီးပွားထက် ပရဟိတဆိုင်ရာ ကဏ္ဍတွေ များပြားနေတတ်ချိန်ပါ။

သည်တစ်နှစ်က ဖြစ်နိုင်သမျှ ကိုယ်ကျိုးစီးပွားကို မေ့ပြီး ၊ ပရအကျိုး သည်ပိုးခြင်းသည်သာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။ အများအကျိုးထက် ကိုယ်ကျိုးစီးပွားကို ရှေးရှုမိတာနဲ့ ……အခက်အခဲ အဖုအထစ် တွေ ၊ လွယ်လွယ်ကူကူ မရနိုင်ခြင်းတွေ ပါလာမယ့် ကာလပါ။

မာန်မာနကို လျှော့ပြီး ….. ကျိုးနွံခြင်း ၊ သီးခံခြင်းတွေ မွေးဖွားထားမှသာလျှင် ….အခက်အညံ့ သက်သာစေပါလိမ့်မယ်။ အဲဒီ့လိုမှ မဟုတ်ပဲ ကိုယ်လိုချင်တာကိုပဲ ဇွတ်တိုးလုပ်နေသမျှ …………..

အမုန်းခံရ
ပိတ်ပင်တားမြစ်ခံရ …
အပယ်ခံ အကျဉ်ခံရ ……
အပြစ်ပေးခံရ…………….
ဒဏ်ပေးခံရ…………
လျော်ကြေးပေးရ………..
ဆုံးရှုံးရခြင်းများ ………… အလွယ်တစ်ကူကျရောက်လာနိုင်သော ကာလဖြစ်ပါတယ်။ 

အင်မတန် ကံဇာတာ အားကောင်းနေသူများတောင် ……….. ကိုယ်ကျိုးထက် သူတစ်ပါးအကျိုးကို သယ်ပိုးပေးလိုစိတ် မွေးသင့်ချိန်ပါ။ တနည်းအားဖြင့်တော့ …သည်တစ်နှစ်ဟာ စိတ်ကောင်းမွေးသူများ အတွက် ….ပြဿနာ မရှိလှပေမယ့် ၊  စိတ်ကောင်းမွေးဖို့ မေ့လျော့ပေါ့ဆ မိခဲ့သူများအတွက်တော့ …….အပြစ်ပေး ခံရမယ့် နှစ် ဆိုတာ သေချာလှပါတယ်။ အတိတ်က ကိုယ်ဘာတွေကျူးလွန်မိခဲ့သလည်း ….သည်တစ်နှစ် ပြန်လည်ပေးဆပ်ရပါလိမ့်မယ်။

သောကြာနေ့ဟာ …..မိမိတို့ရဲ့ ဦးတည်ချက် ရည်မှန်းချက်တွေမှာ ပိုမို အတိုက်အခံ အဖုအထစ် များပြားစေတတ်ကြောင်း သတိရှိပါ။

တစ်စုံတစ်ယောက်က ကိုယ့်ကို မှိုချိုးမျှစ်ချိုး ပြောလာခဲ့ရင် …..ကျေနပ်ပေးလိုက်ပါ။ တော်သေးရဲ့ ….ငါ့ကို ကံတရားက သည်မျှ နဲ့ ထုထောင်းပေလို့ပေါ့ လို့ ….၀မ်းသာပီတိ ဖြစ်လိုက်ပါ။ သည့်ထက်ဆိုးတဲ့ ……ကံမျိုးတွေ (မိမိအတိတ် လုပ်ရပ်တွေအပေါ်မူတည်ပြီး) ကျရောက်လွယ်နေတတ်တာကို သတိပြုပါ။

အရမ်းကံညံ့နေသူများ ………..  ယခုဘ၀ …အတိတ်အတိတ် ဘ၀တွေက မိမိအပြစ်ပြုဖူးသည်များ ရှိခဲ့ပါက ၊ မိမိ အပြစ်ပြုဖူးသူများ အား မိမိတွင် အပြစ်ရှိကြောင်း …….တောင်းပန်ဝန်ချ ပေးပါ။ သက်ရှိထင်ရှား လူတစ်စုံတစ်ယောက်ကို တောင်းပန်ဝန်ချ နိုင်ရင် ပိုကောင်းပါတယ်။

ဝန်ချတောင်းပန်ဖို့ ၀န်လေး နေလေလေ …..အဲဒီ့ဝန်တွေက ကိုယ့်အပေါ်ဖိလေလေ ၊ လေးလံ နာကျင် ရလေလေပါပဲ။ ဒီစာပိုဒ်က အထက်ပါအတိုင်းနာမည်အဖျားစာလုံးနဲ့ မှည့်ခေါ်ထားပြီး …. အရမ်း ကံညံ့နေသူများ ၊ ဖိအားမျိုးစုံ သက်ရောက်နေသူများအတွက် အင်မတန်အရေးကြီးပါတယ်။ ကိုယ့်အပေါ်မှာ ပိနေတဲ့ ၀န်ကို ကိုယ်တိုင်လုံ့လပြု ဖယ်ရှားမှပဲ ရပါမယ်။

(၃) နာမည်အဖျားစာလုံး သောကြာနံ   (သ ၊ ဟ) ဖြင့်မှည့်ခေါ်ထားသော အမည်ရှင်များ

ဥပမာအားဖြင့် ….(လင်းသန့်၊ သူရဟန်၊ သောင်းထိုက်ဟိန်း၊ နီလာသွယ်၊ ယဉ်ယဉ်သူ …)

အထက်ပါကဲ့သို့သော အမည်ရှင်တွေအဖို့ လက်ရှိရောက်ဆဲ မြန်မာကောဇာခုနှစ် ၁၃၇၄ ခုနှစ် ထဲမှာ …..  …..

ရည်မှန်းချက်တွေကို လက်တွေ့အကောင်အထည်ဖော်ဆောင်ခွင့် ရရှိနိုင်တဲ့ အချိန်ပါပဲ။ သည်တစ်နှစ်ထဲမှာ …..လက်တွေ့ချက်ချင်း ဆိုတဲ့ဝေါဟာရ အသက်ဝင်နေပါတယ်။ နဖူးတွေ့ဒူးတွေ့  မြန်မြန်လုပ်ဆောင် ရမှုတွေ၊ တိုက်ခိုက်ထိုးဖောက်ရမှုတွေ ၊ အနိုင်လုယှဉ်ပြိုင်ရခြင်းတွေ ကြုံကြိုက်ရတတ်သောကာလပါ။

သည်တစ်နှစ်ထဲမှာ သည်နာမည်ရှင်တွေအဖို့ ……. အရည်အသွေးပိုမိုအားမြင့်လာပါတယ်။ မိမိတို့ရဲ့ လုပ်ဆောင် နိုင်စွမ်းနဲ့ ….. အရည်အသွေးကိုလည်း  အများစုက သိမြင်လာပါမယ်။ အင်မတန် အိမ်တွင်းပုန်းပြီး …..ခပ်ကုပ်ကုပ်နေတတ်သူတွေတောင် ….. ပုဆိုးတိုတိုဝတ်၊ ထမိန်တင်းတင်းပတ် ….လို့ ….ဇိုးဇိုးဇတ်ဇတ် ထလုပ်ရတတ်တဲ့ကာလမျိုးပါ။

အကောင်းဆုံးအကြံပြုလိုတာကတော့ ……သည်တစ်နှစ်ထဲမှာ ….လက်တွေ့ကျကျ ရှေ့ထွက်လုပ်ဆောင်ပါ။ စနစ်တကျ စီမံကိန်းချပါ။ သေချာမှုရှိအောင် ပြင်ဆင်ပါ။ ပြီးရင် လက်တွေ့လုပ်ပါ။ လိုအပ်လာရင် ယှဉ်ပြိုင်ပါ။ အနိုင်ယူပါ။ ကိုယ့်လက်ထဲမှာ သည်တစ်နှစ်ရဲ့ စွမ်းအားစုတွေ ရောက်နေတယ်ဆိုတာ သတိပြုပါ။ အမှုမဲ့ အမှတ်မဲ့ ….အချည်းနှီးမဖြစ်သွားပါစေနဲ့။

ဘာဖြစ်ချင်သလဲ။ ဘယ်လောက်တိုးတက်ချင်သလဲ ၊ သေချာတွေးပါ။ စစ်ပါ။ ရည်ရွယ်ချက်ကို ပြတ်သားအောင်လုပ်ပြီးတာနဲ့ ရှေ့ကို ဖောက်ထွက်တိုက်ယူပါ။ အင်အားရှိချိန်မှာ တိုက်ပွဲဆိုတာ အတိုက်သင့်ဆုံးပါပဲ။

သည်နာမည်ရှင်များအဖို့ မူလကံဇာတာ နဲ့ …ဖြတ်သန်းဆဲဒသာများ အင်အားပါကောင်းမွန်မှု ကြုံကြိုက်နေမယ်ဆိုရင် သည်တစ်နှစ်ဟာ …ရည်မှန်းချက်ဆီကို တိုးထွက်လှမ်းတက်ခွင့်  အပြည့်အ၀ ရမယ့်ကာလဖြစ်ပါတယ်။

သောကြာနေ့များကို အသုံးပြုပါ။ အဆိုပါနေ့များဟာ …မိမိတို့ရဲ့ ရည်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရာမှာ လှုံ့ဆော်တွန်းအားပေးမှု ပြုမှာဖြစ်ပါတယ်။

ကြာသာပတေးနေ့များကို ရှောင်ကျဉ်ပါ။ ယင်းနေ့များဟာ ……မိမိတို့ရဲ့ ရည်မှန်းချက်တွေကို အင်အားဆုတ်ယုတ်စေမှာဖြစ်ကြောင်း တင်ကြိုသိရှိထားရပါမယ်။

အနုပညာလောက ကို ထိုးဖောက်ဝင်ရောက်လိုသူများ အနေနဲ့လည်း သည်တစ်နှစ်မှာ တိုးဝင်ကြည့်ပါ။ ယခင်အချိန်များက ကိုယ့်ကို မရွေးခြယ်သည့်တိုင်အောင် သည်တစ်နှစ်မှာတော့ လူအများကို ဆွဲဆောင် နိုင်တဲ့ သံလိုက်ဓါတ်တွေ ရရှိနေချိန် ဖြစ်ပါတယ်။

အင်မတန်အရေးကြီးတဲ့ အဲဒီ့သံလိုက်ဓါတ်တွေကို အချည်းနှီးမဖြစ်စေဖို့ …ကော်တွေ၊ ပလတ်စတစ်တွေနားမှာ အချိန်မဖြုန်းပဲ သံရှိရာနဲ့ အနီးဆုံးကို ချဉ်းကပ်သင့်ချိန်ပဲ ဆိုပါတော့။

ဗုဒ္ဓဘာသာဝင်များ  အဖို့ …………သောကြာနေ့ နံနက်စောစောမှာ သစ်သီးဆွမ်းကပ်လှုခြင်းပြုသင့်ပါတယ်။

သတိပြုဖို့အချက်ကတော့………၊ အရည်အသွေးနဲ့ ရည်မှန်းချက်ဆီအရောက်လှမ်းသင့်ချိန် ဆိုပေမယ့် ငွေကြေးဓန ကို လောဘတကြီး မက်မောခြင်းမျိုး မပြုအပ်ပါ။ ငွေနောက်လိုက်သူတွေအဖို့ ….ငွေမောမောခြင်း လည်း ကြုံနိုင်ရချိန် ဖြစ်နေတာကြောင့်ပါပဲ။

(၄) နာမည်အဖျားစာလုံး စနေနံ  (တ၊ထ၊ဓ၊ဒ၊န၊ဌ) ဖြင့်မှည့်ခေါ်ထားသော အမည်ရှင်များ

ဥပမာအားဖြင့် ….(မြင့်ထူး၊ သဇင်ထွေး၊ သောင်းမြင့်တင်၊ သိန်းထိုက်၊ သွယ်သွယ်ထူး)

အထက်ပါကဲ့သို့သော အမည်ရှင်တွေအဖို့ လက်ရှိရောက်ဆဲ မြန်မာကောဇာခုနှစ် ၁၃၇၄ ခုနှစ် ထဲမှာ …..  …..

အခွင့်အရေး ၊ အသိမှတ်ပြုခံရမှု၊ ခွင့်ပြုခံရခြင်း၊ နာမည်ကျော်ကြားခြင်း၊ အရိုအသေပြုခံရခြင်း၊ လုပ်ငန်း တိုးတက်ခြင်း၊ အောင်မြင်ခြင်း၊ ဆုရခြင်း ….စသည်ဖြင့် သော ကောင်းကျိုးများ ရရှိလာနိုင်သော ကာလဖြစ်ပါတယ်။ ဘာမှကိုထူးထူးထွေထွေ ဆက်ဟောစရာမလိုအောင် …ကောင်းကျိုး ရရှိနိုင်သော ကာလပါ။ အတိတ်တုန်းက ကိုယ်ဘာမှ လုပ်မရခဲ့ ၊  ငုပ်လျှိုးနေခဲ့ရသမျှတွေတောင် …သည်တစ်နှစ်မှာ ကံပွင့်လန်းလာပြီး…..အကောင်အထည် စတင်ပေါ်ပေါက်လာတတ်ပါတယ်။

သည်တော့ ကံကောင်းချိန်တော့ ကြုံကြိုက်နေပြီ။ ကိုယ်တိုင်ပဲ ကံကောင်းအောင် နေတတ်ဖို့ ကြိုးစားကြဖို့ လိုပါလိမ့်မယ်။

အားနဲချက်အနေနဲ့က  ….. ရှိခြင်းရဲ့ ဒုက္ခ၊ ပိုင်ဆိုင်ခြင်းရဲ့  ပြဿနာ အနဲငယ်ရင်ဆိုင်ရပါမယ်။ သားသမီး မလိုချင်တဲ့သူ သားသမီးရလာတာမျိုး၊ ရာထူးမတက်ချင်ဘဲနဲ့ တက်လာရတာမျိုး စသည်ဖြင့် မျိုး ကြုံကြိုက် ရတတ်ပါတယ်။

ကံကောင်းစေဖို့အတွက် တနင်္ဂနွေထောင့်မှာ စနေနံ အခက်အညွန့် (ဥပမာ ဒန်းဆယ်ညွန့်၊ ထန်းဆယ်ညွန့်…စသည်ကို ကပ်လှုပူဇော်ပြီး ….မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တော်ကိုးပါးကို အာရုံ နက်နက်နဲနဲပြု ပြီး …ပွားများပါ။ လုပ်ကြည့်လိုက်ပါ။ အင်မတန်ထူးခြားပါလိမ့်မယ်။

(၅) နာမည်အဖျားစာလုံး တနင်္ဂနွေနံ  (အ၊ဥ) ဖြင့်မှည့်ခေါ်ထားသော အမည်ရှင်များ

ဥပမာအားဖြင့် ….(မိုးမိုးအေး ၊ သူရအောင်၊ ခန့်မင်းအိမ်၊ နှင်းပွင့်ဦး..စသည်…)

အထက်ပါကဲ့သို့သော အမည်ရှင်တွေအဖို့ လက်ရှိရောက်ဆဲ မြန်မာကောဇာခုနှစ် ၁၃၇၄ ခုနှစ် ထဲမှာ …..  …..
အပြည့်အ၀ ဖြစ်သော အသိမှတ်ပြုခံရမှု တွေ ရရှိတတ်ချိန်ဖြစ်ပါတယ်။ အသက်မွေးမှုဆိုင်ရာ တိုးတက်မှု၊ ထူးမြတ်သော သူတို့ကို ကိုးကွယ်ဆည်းကပ်ခွင့်ရခြင်း၊ တန်ခိုးကြီးဘုရားများ ဖူးမျှော်ရခြင်း၊ ဆရာကောင်းတွေ့ခြင်း၊ အရိပ်ကောင်းရခြင်း၊ ကျယ်ပြန့်စွာ လုပ်ဆောင်ခွင့်ရခြင်းများ ရရှိနိုင် ချိန်မျိုးဖြစ်ပါတယ်။ အထက်ပါကဲ့သို့သော အမည်ရှင်များ အဖို့ ..အင်္ဂါသားသမီး ဖြစ်နေခြင်းမှအပ ..ကျန် နေ့နံသားသမီးများ အများစု ကောင်းကျိုးထက်သန်နိုင်ချိန် ဖြစ်ပါတယ်။

အင်္ဂါသားသမီးများ အဖို့ကတော့ ..ကောင်းဖို့ကြုံလျှက် …..ကြံရခက် ချိန်မျိုးပါပဲ။ မွေးနံနဲ့ နာမည်အဖျားစာလုံး ထိပ်တိုက်တွေ့ ပက်ခမိနေချိန် ဖြစ်နေတာကြောင့် ….မမျှော်လင့်ထားတဲ့ အခြေအနေ အီနေအိုင့်နေရမှုတွေ ဖြစ်ပွားလာပါမယ်။ တစ်ကယ်လို့ အကျဉ်းအကျပ်အခက်အခဲထဲမှာ အရမ်းကြုံနေပြီ ဆိုရင်တော့ …ဓါတ်ခဲအားကုန်နေတဲ့ နာရီတစ်လုံးကို ပတ်ထားပြီး ဘုရားမှာ တနင်္ဂနွေထောင့်မှာ ဂုဏ်တော် ပွားများပေးပါ။ ဘာပဲဖြစ်ဖြစ် ….အားလုံးသော နာမည်ရှင်များ အဖို့ သည်တစ်နှစ်ဟာ  ….အခွင့်အလမ်း ပွင့်လင်းစေနိုင်သော ကာလဖြစ်ပါတယ်။

အားနဲချက် အနေနဲ့ …..သတိလစ်ခြင်း၊ သတိပေါ့ဆမှုကြောင့် မတော်တဆ ခိုက်မိခြင်းများ သတိပြုမိဖို့ လိုပါမယ်။ အ လားတူပါပဲ တစ်ခါတစ်ရံမှာ  …..ဘ၀ခရီးကို လှမ်းနေရင်းနဲ့ ရည်ရွယ်ချက်ပျောက်သွားသလို ဇဝေဇ၀ါ ဝေေ၀၀ါးဝါး ခံစားမှုမျိုးတွေ သည်နာမည်ရှင်တွေမှာ ပေါ်ပေါက်လာတတ်ပါတယ်။

စိတ်ပျက်မသွားကြပါနဲ့။ နာမည်အဖျားစာလုံးနဲ့ အင်္ဂါဂြိုဟ်ပက်ခမိထားခြင်းဟာ …ရည်ရွယ်ချက် နဲ့ ဦးတည်ချက်တွေကို အားပျော့သွားစေပြီး …..ထက်သန်သော စူးစိုက်မှုကိုလည်း ပျက်ပြားစေပါတယ်။ ဒါဟာ အခိုက်အတန့်သာဖြစ်ကြောင်း သတိပြုပါ။

ဖြစ်နိုင်သမျှ ဘာကိုမှ ….လေးလေးနက်နက်ကြီး ရည်မှန်းချက် မစိုက်ထူပါနဲ့ဦး။ နောက်ဆုံး မဖြစ်သာလို့  ..ရည်းမှန်းချက်ထားမယ် ဆိုရင်တောင် ….တစ်ဝက်လောက်ပဲ ရည်မှန်းချက်ကို ထားပါ။ ဒါမှမဟုတ် ရည်မှန်းချက်ကို ဆုတ်သာတက်သာ နှစ်ခွ ထားပါ။

သည်နာမည်ရှင်တွေထဲမှာ အချို့ဟာ …… သည်တစ်နှစ်ထဲမှာ ….မျှော်လင့်ချက်ပျက်ပြား၊ စိတ်ညစ်၊ ရည်မှန်းသလို မဖြစ် ၊ ကိုယ့်မှာရှိနေတဲ့ ခွန်အားတွေကို စိုက်ထုတ်သွန်ချခွင့်က မရဘဲ ဟာတာတာကြီးနဲ့ ..စိတ်လေ လွင့်ကြရတတ်ပါတယ်။ အဆိုဒဏ်မျိုး သိပ်များလာပြီ မခံနိုင်တော့ဘူး ဆိုရင်တော့……………ကိုယ့်ဆရာတို့ရေ…….

ပြက္ခဒိန်အဟောင်းတွေ၊ နာရီအပျက်တွေ၊ ဂဏန်းပေါင်းစက်အပျက်တွေ၊ ဓါးအကျိုး အပဲ့တွေ၊ ပေတံအကျိုးတွေ၊ ထောက်စူး အပျက်တွေ၊ စသည်ဖြင့်တွေကို ရနိုင်သလောက်ရှာ ……အကုန် ရေထဲသာ ပစ်ချပလိုက်ပေတော့။ ပြီးတော့ ပါးစပ်ကလည်း ထုတ်ပြီးပြောခဲ့ဦး………

ဒီလောက်ပျက်ချင်နေရင် နင်ဘဲပျက်ကရော့………..၊ ငါကတော့ နှစ်မျိုးနှစ်ခွ နဲ့ ကောင်းမယ်လို့ ပြောခဲ့ပါ။
ဖတ်ရတာတော့ …. ဟာသ လိုလို ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် စနစ်ရှိရင် အာနိသင် တွဲပြီး ပါလာစမြဲပါ။ လုပ်လို့ လွယ်မှာလေးတွေကို …..စဉ်းစားပေးလိုက်ရပါတယ်။

တစ်ခြားဂရုစိုက်ရမှာကတော့ ထုံးစံအတိုင်း သတိမလစ်ပါစေနဲ့။ လမ်းကူး၊ ခရီးသွား ၊ ရေကစား ၊ အမြင့်တက် အဖက်ဖက်မှာ သတိလေးနဲ့ လုပ်ကြပါလို့ပဲ ……………………အမှာထားရင်းဖြင့် ……..

အားလုံးသော စာဖတ်သူများကို လေးစားစွာဖြင့်

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီဝေသာလီမောင်ဖုန်း

Post a Comment
 

Posts Comments

©2006-2010 ·TNB