ရင်းနှီးမြှပ်နှံခြင်းနှင့် မဟာဘုတ်ရှုထောင့် အမြင်

Wednesday, November 14, 2012



အရင်းအနှီး  (၀ါ)  ရင်းနှီးမြှပ်နှံမှု  ဆိုတာကို မဟာဘုတ်ဗေဒင်ပညာမှာ နေ့နံ အသီးသီး အလိုက် အောက်ပါဂြိုဟ်တွေက သတ်မှတ်လုပ်ဆောင်ပေးကြပါတယ်။


တနင်္ဂနွေ သားသမီးများ အတွက်                   စနေဂြိုဟ်
တနင်္လာ  သားသမီးများအတွက်                    တနင်္ဂနွေဂြိုဟ်
အင်္ဂါသားသမီးများ အတွက်                          တနင်္လာဂြိုဟ်
ဗုဒ္ဓဟူး/ရာဟုသားသမီးများအတွက်                အင်္ဂါဂြိုဟ်
ကြာသာပတေးသားသမီးများအတွက်              ဗုဒ္ဓဟူး/ရာဟုဂြိုဟ်
သောကြာသားသမီးများအတွက်                    ကြာသာပတေးဂြိုဟ်
စနေသားသမီးများအတွက်                           သောကြာဂြိုဟ်

ဟင်းရွက်ကန်စွန်းရွက် ရောင်းဖို့ အရင်းအနှီး ပဲဖြစ်ဖြစ်၊ စက်ရုံအလုပ်ရုံကြီးတစ်ခု လည်ပတ်ဖို့ အရင်းအနှီးပဲ ဖြစ်ဖြစ် …. ဆိုင်ရာမိမိတို့ မွေးနေ့ မွေးနံအလိုက် ..၊ သက်ဆိုင်ရာ ဂြိုဟ်တွေက လွှမ်းမိုးခြယ်လှယ်ထားကြပါတယ်။

ကိုယ်ရင်းနှီးမြှပ်နှံလိုက်တဲ့  အရင်းအနှီးတွေ က အကျိုးအမြတ်အသီးအပွင့် ရရှိနိုင်မလား ..၊ ဒါမှမဟုတ် အလဟဿ အချည်းနှီးကုန်ဆုံးသွားမလား ဆိုတာကိုလည်း …အဆိုပါဂြိုဟ်တွေရဲ့ ရပ်တည်မှု အနေအထားတွေက ဖော်ပြပေးကြပါတယ်။

အဆိုပါဂြိုဟ်ဟာ  …မူလမဟာဘုတ်ဇာတာ အနေအထားအရ အင်အားနဲပါးသော အနေအထားမျိုး တစ်စုံတစ်ရာ ဖြစ်ပေါ်နေခဲ့မယ် ဆိုရင် ..ဆိုင်ရာဇာတာရှင်အဖို့  သူဖြတ်သန်းရာ ဘ၀တစ်လျှောက်မှာ မကြာခဏဆိုသလို ..ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ ကံမကောင်း အကြောင်းမလှခြင်းမျိုးတွေ ကြုံတွေ့ရတတ်ပြီး… ၊ အပြန်အလှန်အားဖြင့် အားကောင်းသော အနေအထားမျိုး ပါလာခဲ့တဲ့ ဇာတာရှင်တွေအဖို့တော့… ရင်းနှီးမြှပ်နှံမှု ဆိုင်ရာ အကျိုးကျေးဇူး ကို ခံစားရမှာဖြစ်ပါတယ်။
ဥပမာ ဇာတာတစ်ခု ဖော်ပြပါမယ်။ 

အောက်ပါ မဟာဘုတ်ဇာတာကို လေ့လာကြည့်ပါ။ 

တစ်ခုကြွင်းဖွား    ကြာသာပတေးနေ့ဖွား (အဓိပတိဖွား)  ဇာတာ ..။


  အဓိပတိ
     

   အထွန်း
     
    သိုက်
     
      ရာဇ
      
    မရဏ
     
      ဘင်္ဂ
      
      ပုတိ
      


အထက်ပါ ဇာတာမှာ …မွေးနံဟာ ကြာသာပတေးဖြစ်တဲ့အတွက် ရင်းနှီးမြှပ်နှံမှုပြ ဂြိုဟ်ဟာ ဗုဒ္ဓဟူး/ ရာဟု ဖြစ်နေတာကို တွေ့ရပါမယ်။ အဆိုပါ ဗုဒ္ဓဟူး / ရာဟု ဟာ …မရဏဌာနမှာ ရပ်တည်ထားပြီး မွေးနံနဲ့ ပက္ခမိထားတဲ့အခြေအနေဟာ  … အလွန်အင်မတန်မှ အင်အားဆုတ်ယုတ်စေသော အနေအထားလို့ ဆိုနိုင်ပါတယ်။

ဒါကြောင့် ….. ကြာသာပတေးသားသမီး အဓိပတိဖွားများဟာ ဘ၀ဖြတ်သန်းရာမှာ …ရင်းနှီးမြှပ်နှံမှုပိုင်း ဆိုင်ရာ အခက်အခဲတွေ တစ်ခြားသူတွေထက် ပိုမိုရင်ဆိုင်ကြုံတွေ့ ရစေနိုင်တာကို အထင်အရှား ဟောဆို နိုင်ပါတယ်။ ဒီထက်ပိုပြီး ရှင်းအောင်ဆိုရရင်တော့…. မည်သည့်နေ့နံမျိုးမဆို ….အဓိပတိဖွား ဇာတာရှင် တိုင်းအဖို့ ….ဘ၀မှာ (ရင်းနှီးမြှပ်နှံမှုပိုင်းဆိုင်ရာ အခက်အခဲများ) နဲ့ တည့်တည့်တိုး ရင်ဆိုင်ရစေ တတ်သော အတိတ်ကံအကျိုးပေး ရှိကြောင်း ….ဖော်ပြရမှာပါပဲ။

ရင်းနှီးမြှပ်နှံမှုပိုင်းဆိုင်ရာ အခက်အခဲ ဆိုလို့…..တစ်ချို့တွေလည်း … နားမရှင်းဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အရင်းအနှီး ရှာဖွေရခက်ခဲခြင်း၊ အရင်းပြုတ်ခြင်း၊ မှားယွင်းစွာ ရင်းနှီးမြှပ်နှံ မိခြင်း၊ လျော်ကြေးပေး လိုက်ရခြင်းဖြင့် …အရင်းပြုတ်သွားခြင်း၊ အရင်းအနှီး အင်အား ချိနဲ့ခြင်း ..စသည် အားဖြင့် တို့ကို ဖြစ်ပွားစေနိုင်ပါတယ်။

အဓိပတိဖွားတိုင်း ဂရုစိုက်ရမယ့် အချက်ဖြစ်ပါတယ်။  ဒေ၀ါလီခံသွားရသော နိုင်ငံခြားသား လုပ်ငန်းရှင် အချို့ အပါအ၀င် မှတ်မှတ်ရရဖြစ်တဲ့အထိ တွေ့ကြုံခဲ့ရဖူးသော လက်တွေ့ဇာတာအချို့ ကို လေ့လာ မှတ်တမ်းတင် ထားခဲ့ပြီး ဖြစ်တာမို့ … အများစု အကျိုးအတွက် … တမင်ရည်ရွယ်ရေးသားလိုက် တာပါ။

ဒါဖြင့် ….ဒီလိုကိန်းမျိုးရှိနေတော့ …ဘ၀မှာ ရင်းနှီးမြှပ်နှံမှုတွေ မလုပ်တော့ဘဲ နေရမလား ၊ အလုပ်မလုပ် ရတော့ဘူးလား မေးစရာရှိပါတယ်။ မဟုတ်ပါ။

အကောင်းဆုံး အကြံပေးလိုတာ တစ်ချက်ကတော့……..အဓိပတိဖွား ဇာတာရှင်များ လုပ်ငန်းလုပ်ခြင်း၊ ရင်းနှီးမြှပ်နှံခြင်းများ ပြုတော့မယ်ဆိုရင် ….ပထမဦးစွာ ….မိမိကိုယ်ကျိုးမဟုတ်သော ၊ ပရဟိတ အကျိုးပြု ရင်းနှီးမြှပ်နှံမှု တစ်စုံတစ်ရာကို ဦးစွာ ပြုသင့်ပါတယ်။ ဥပမာအားဖြင့် ….လမ်းဘေးမှာ …အများသူငါ အတွက် ရေချမ်းစင်လေး ဆောက်ပေးတာလည်း  ပရဟိတရင်းနှီးမြှပ်နှံမှု တစ်မျိုးပါပဲ။

မိမိထုတ်လုပ်တဲ့ထုတ်ကုန် သို့မဟုတ် ရောင်းကုန်ထဲက အချို့တစ်ဝက်ကို ….လိုအပ်နေတဲ့နေရာတွေမှာ …ပေးကမ်း လှုဒါန်းခြင်း မျိုး  ပြုခြင်းဖြင့်လည်း  ယတြာပြုရပါတယ်။

တနည်းအားဖြင့်တော့  …. မိမိတို့ရဲ့ အခြေခံမူလ ကံဇာတာနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ပြုမူ ကျင့်သုံးရခြင်း ပါပဲ။

ငါးဖြစ်ရင် ရေကူးရမယ်။ ငှက်ဖြစ်ရင် အတောင်ခတ်ဖို့ ကြောက်နေလို့ မပြီးပါ။ ကိုယ့်ကိုယ်ကို ငါးမှန်းမသိ ..ငှက်မှန်းမသိရင်လည်း ဇာတိပျောက်လို့ ဒုက္ခရောက်ရပြန်ပါတယ်။ အရေးကြီးတာက  ကိုယ့်ကိုယ်ကို အဓိပတိဖွား ဆိုတာ သိလိုက်တာနဲ့ …ငါသည် အရမ်းကာရော ရင်းနှီးမြှပ်နှံမှုကို မစဉ်းမစား မဆင်မခြင် မပြုအပ် ၊ အရင်းပြုတ်လွယ်သော ကံ ငါ့တွင် ရှိသည်တကား …လို့ …သိထားဖို့လိုပါတယ်။  

ယုံဖို့ခက်သေးတယ် ဆိုရင်တော့ ..မိမိကိုယ်၌သာ လေ့လာစူးစမ်း သုတေသနပြုကြည့် ကြပါစို့။


ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)

Post a Comment
 

Posts Comments

©2006-2010 ·TNB