မဟာဘုတ် အနုပညာ

Friday, November 23, 2012



ပန်းခြံထဲတွင် ကျွန်တော် ထိုင်နေပါသည်။ ကလေးမလေးတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက်က ကျွန်တော့် ရှေ့ခပ်လှမ်းလှမ်းတွင် ကြက်တောင်ရိုက် ကစားနေကြသည်။ ဆေးလိပ်သောက်ချင် လာသော်လည်း …အားနာသဖြင့် …လိမ္မော်ရနံ့ငုံဆေးပြားလေးသာ ကျွန်တော် ငုံထားလိုက်ရသည်။

ခပ်ငယ်ငယ် ခပ်ချောချော တရုတ်အမျိုးသား လူငယ်လေးတစ်ယောက်နှင့် ကောင်မလေးတစ်ယောက် ကျွန်တော့်ဆီကို စူးစမ်းသော အကြည့်ဖြင့် …တည့်တည့်လျှောက်လာသည်ကို မြင်ရသည်။ အနားရောက်တော့…..ကောင်လေးက ဤသို့ မေး၏။



အစ်ကို …မဟာဘုတ် ..လား ခင်ဗျာ………….တဲ့။

ကျွန်တော်ပြုံးမိသွားသည်။ ပြီးမှ ခေါင်းငြိမ့်ပြလိုက်ပြီး……

အေး ..ဟုတ်တယ်ဗျာ။ လာ ..ထိုင်ကြ…ဟူပြီး သူတို့ကို နေရာပေး လိုက်ရ၏။ လူငယ်လေးများ ဖြစ်ကြသည်။ ရှိလှ အသက် ၂၅ ထက် ပိုမည်မထင်။ ကျွန်တော့် ဆိုဒ်က စာဖတ်ပရိတ်သတ် မဖြစ်နိုင်။ စင်္ကာပူ ပရိတ်သတ် မှတစ်ဆင့်ကြားဖြင့် ရောက်လာသော ကလေးများသာ ဖြစ်မည်ဟု ကျွန်တော်ခန့်မှန်းမိသည်။ အများစုသော စာဖတ်သူများကတော့ ..ကျွန်တော့် နာမည်ကို သိကြသည်။ ကိုစိုးမိုးထွန်း..၊ ဆရာဝေသာလီမောင်ဖုန်း ..စသည်ဖြင့် ခေါ်ဝေါ်ပြီး လာတွေ့ကြသည်သာ များသည်။ ဒီကလေးများကတော့ သည်သို့ မဟုတ်။ အစ်ကို မဟာဘုတ် လား ခင်ဗျာ တဲ့…။

ဘာပဲဖြစ်ဖြစ် ကျွန်တော် သဘောကျပါသည်။ ကျွန်တော် ချစ်သော မဟာဘုတ်ပညာဖြင့် တွဲပြီး အခေါ်ခံခြင်း လည်း ဖြစ်သဖြင့် ပိုမိုနှစ်ခြိုက်မိသည်မှာ အမှန်။

စင်္ကာပူ ရောက်ပြီးပြီးချင်း….သိပ်မကြာ ကျွန်တော် မင်္ဂလာဆောင်များ လိုက်တက်ရသည်။ စန်တိုဆာ ဂလပ်စ်ဟောက်စ်တစ်ခုတွင် ကျင်းပသော မင်္ဂလာပွဲတစ်ပွဲ တက်ရောက်စဉ်က အဖြစ်ကိုသတိရသည်။ သတို့သမီးက ရှမ်းတရုတ်ကပြားအမျိုးသမီး၊ သတို့သားက စင်္ကာပူဖွား တရုတ်စစ်စစ်။ ဆိုတော့ ဧည့်သည်တွေကလည်း မြန်မာရော တရုတ်ရော …၊ ရှမ်းရော…..စုံနေသည်။ ကျွေးမွေးဧည့်ခံသည့် အစားအစာတွေကလည်း ရှစ်မျိုးလား ဆယ်မျိုးလား ….မမှတ်မိတော့…၊ ပင်လယ်စာတွေ က အများစု..။ နဂိုကတည်းက …မစားရဲသော ကျွန်တော့်မှာ …ထမင်းကြော်တစ်မျိုးသာ စိတ်ရဲရဲ စားလိုက်ရသည်။ ကျန်တာတွေ အားလုံးက တို့ကနန်း ဆိတ်ကနန်း။ အချို့ ဆို စားတောင် မစားရဲ။ ရေဘ၀ဲတွေ…ချွဲကျိကျိ ပင်လယ်စာတွေ …….မကြည့်ရဲ ကြည့်ရဲ ။ တောကျတယ် မကလို့ ခေတ်မမီဘူး ပြောပြော…။ ကျွန်တော် လုံးဝ မနှစ်သက်ပါ။

ဟန်တွေ ပန်တွေနှင့် …..စတိုင်ကျကျ စားပြနေရသည်ကိုလည်း မနှစ်ခြိုက်ပါ။ အညာ မင်္ဂလာဆောင်လို…မင်္ဂလာဆွမ်းကျွေးမျိုးမှာ …..ဒယ်ချက်နံ့ သင်းသင်းလေး နှင့်ဟင်းလျာများကို ဒူးတစ်ဖက်ထောင် ..တိုက်ပုံကို လက်တံတောင်ဆစ်ထိ လိပ်တင်ပြီး အားပါးတစ်ရ တွယ်ထည့်လိုက်ရသည် ကို သာ သတိရမိပါတော့သည်။

ခက်တာက ….ကိုယ်ထိုင်ရတဲ့နေရာကလည်း စားပွဲနံပါတ်(၂) ။ လူကြီးလူကောင်းဆိုသူများ နှင့် စကားစမြည်ကလေး ပြောလိုက်….ချန်ပိန်လေးမြုံ့လိုက် …၀ိုင်လေးသောက်လိုက်…  

(သူတို့ပြောပါတယ်…ကိုယ်ကတော့ ဖြတ်ထားတဲ့ ဘ၀ဆိုတော့ ရေနွေးကြမ်းပဲ ….တစ်ဂွတ်ဂွတ်  မော့နေရတယ်..ဟင်းးးးးးးးးးးးနော်ာ်ာ်ာ်ာ်)

အဲဒီ့မှာ…..ရေနံတူးဖော်ရေးက အရာရှိကြီးဆိုသူ တစ်ဦးက  မေးပါတယ်။

တရားထိုင်တာတွေ နဲ့ ဟောတာလား ….အတွက် သက်သက်ပဲလား တဲ့။

ဖြစ်ပုံက…မင်္ဂလာပွဲမှာမဆုံမီ သုံးလေးရက်လောက်အလိုက …ထိုပုဂ္ဂိုလ်ကြီးရဲ့ အိမ်ကို ဖိတ်ခေါ်မှုအရ ကျွန်တော် သွားရောက်ပြီး …မိသားစုဝင်တွေ အားလုံးရဲ့ ကံဇာတာတွေကို စစ်ဆေးပေးခဲ့ရဖူးပါတယ်။ အဲဒီ့မှာ ကျွန်တော်တွက်ခဲ့တဲ့ စာရွက်စာတမ်းအချို့မှာ ……….မဟာဘုတ်ခွင်ကလေးတွေ ..အဌလဂ် ခွင်လေးတွေ လည်း ကျန်ရစ်နေခဲ့ပါတယ်။ ကျွန်တော် ဟောတာတွေကိုတော့ သူတို့က အသံသွင်း ယူထားပါတယ်။

အဆိုပါအမျိုးသားကြီးအနေနဲ့ ….ကျွန်တော်သုံးခဲ့တဲ့ ရိုးရှင်းပြီး၊ ဘာမှ အထင်ကြီးစရာ မရှိဘူးလို့ ထင်ရတဲ့ မဟာဘုတ်ခွင်လေးတွေ သက်သက်နဲ့ ….အဆိုပါဟောကိန်းတွေ(သူတို့ မိသားစု နဲ့ ဆိုင်တဲ့ ဟောကိန်းတွေ ) ကို ဟောခဲ့တာ မဖြစ်နိုင်ဘူးလို့ ယူဆထားပုံပါပဲ။ ဒီ့အတွက် ကျွန်တော် သူ့ကို စိတ်မဆိုးပါ။ ကျေးဇူးတောင် တင်မိပါသေးတယ်။ စိတ်ထဲကလည်း ဒီလို ….ကြုံးဝါးမိပါတယ်။

ဒါ…..မြန်မာ့ …မဟာဘုတ် ပညာ ကွ ။

အနှစ်နှစ်ဆယ်…လောက် မရပ်မနား အားထုတ်ခဲ့ရသမျှနဲ့ မဟာဘုတ်ပညာရဲ့ လမ်းအစလေးကို ကျွန်တော် စတင် ဆုပ်ကိုင်မိလာချိန်မှာပဲ… အကျိုးကျေးဇူးကို စတင် ခံစားခဲ့ရပါပြီ။ လမ်းအဆုံးထိများ ကျွန်တော် မသေမီ ပြည့်စုံမှု ရရှိနိုင်မယ်ဆိုရင်…. သိပ်ကောင်းမှာပဲလို့လည်း …..မျှော်လင့်တောင့်တမိ လိုက်ပါတယ်။ 

အဲဒီ့လိုပါပဲ……အဆိုပါအရာရှိကြီး ပြောသလို ….တရားထိုင်ခြင်း၊ သမာဓိထူထောင်ခြင်းများနဲ့ ..(တနည်းအားဖြင့် ) …စိတ်ပိုင်းဆိုင်ရာ ကြည်လင်ကြံ့ခိုင်မှု ရယူပြီး ပညာရပ်တွေကို အသုံးပြုရင် ပိုမို ထိရောက်နိုင်မယ် ဆိုတာလည်း ကျွန်တော် ယုံကြည်ပါတယ်။ သို့သော်………………….

လက်ရှိကတော့ ..ကျွန်တော့်မှာ အဆိုပါ အချင်းအရာများ မရှိပါ။ အနဲငယ်မျှသော ပုံမှန် ၀တ်ပြုမှုနဲ့ ရွတ်ဖတ်ပွားများမှု အချို့သာ ကျွန်တော် လုပ်နိုင်ပါသေးတယ်။ နောက်တစ်ခုကတော့….လောကုတ္တရာ အကျိုးစီးပွားကို ရှာဖို့ ဆုံးဖြတ်ပြီဆိုရင်လည်း ..ကျွန်တော် သည်ပညာတွေအားလုံးကို စွန့်ပြီးမှသာ စိုက်စိုက် မတ်မတ် ရှာဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ထားပါတော့…ဒါက ဆိုလိုရင်း မဟုတ်ပါ။

အဆိုပါ ပုဂ္ဂိုလ်ကြီးနဲ့ ကျွန်တော် နဲ့ ပြောဆို ဆွေးနွေးနေတာကို ..ကျွန်တော့်ညာဘက်က တရုတ်ပေါက်စလေးက ကြားသွားပြန်ပါတယ်။ သူကလည်း ၀င်မေးတယ်။ ဖုန်းရွှေတွေ ဘာတွေ ပါသေးလား တဲ့..။ (သူသိသလောက် သူလည်း ပြောရှာတာနဲ့တူပါတယ်။)

မပါဘူးလို့ ။ မြန်မာနည်းသက်သက်ပဲ လို့ ပြန်ဖြေလိုက်ရပါတယ်။

အားလုံးသော မြန်မာလူငယ် ဗေဒင်လေ့လာလိုက်စားလိုသူများကို အားပေးချင်တာက မြန်မာ့ပညာဟာ …. အင်မတန် ထက်မြက်ပါတယ်။ ပညာရပ်အားလုံးနဲ့ ယှဉ်နိုင်တဲ့ စစ်မှန်တဲ့ ပညာတွေသာ ဖြစ်ပါတယ်။ လေ့လာလိုက်စားပုံ မှန်ကန်မယ် ဆိုရင် …ဂဏန်းလေး ခုနှစ်လုံးထဲသာ ပါတဲ့ ဇယားကွက်ကလေးတွေ ၊ တိုင်လေးတွေ အပေါ်မှာ ……ဘ၀ရဲ့ပုစ္ဆှာတွေကို အဖြေ ထုတ်ဖို့ သော့တံလေးတွေ လှုပ်ယိမ်းပြနေတာကို တွေ့မြင်ခွင့် ရရှိပါလိမ့်မယ်။

မဟာဘုတ် ပညာရပ်ဆိုရင်လည်း တွေးခေါ်မှုအနုပညာရပ် တစ်ခုသာ ဖြစ်ပါတယ်။ အတိတ်ကံ မျက်မှောက်ကံတွေရဲ့ အကြောင်းအကျိုး ဆက်စပ်မှုကို …တစ်ဆင့်ချင်း..သေသေသပ်သပ် ဆွဲထုတ်ဖြေရှင်း နိုင်တဲ့ …အားရစရာကောင်းလှတဲ့ ပညာရပ်တွေကို ကျော်လွှားပြီး … ရှုပ်ရှုပ်ထွေးထွေး တွက်ရမှ ….ပညာမှန်လို့ ထင်နေမြင်နေတာမျိုး မဖြစ်သင့်ပါ။

ရှင်းရှင်းပြောရရင်တော့…ကြိုက်တာနဲ့တွက် …အဖြေမှန်ထွက်ဖို့ပဲလိုပါတယ်။ 

ကျွန်တော့်အတွက်ကတော့ မဟာဘုတ် ပညာ ဆိုတာ…ကျွန်တော် အမြတ်နိုးဆုံး အနုပညာ …..။

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)

သုတေသီ ဝေသာလီမောင်ဖုန်း

Post a Comment
 

Posts Comments

©2006-2010 ·TNB