နာမည် လှလှ ရွေးရအောင်

Tuesday, December 4, 2012



လူတော်တော်များများ …နာမည်လာရွေးလေ့ရှိကြပါတယ်။ အချို့က ….ရင်နှစ်သည်းချာ သားသမီး ငယ်လေးတွေ အတွက်၊ အချို့က …မိမိကိုယ်တိုင်အတွက် …၊ အချို့က …မကြာမီ လုပ်ကိုင်တော့မယ် … လုပ်ငန်း အတွက် ၊ တစ်ချို့က တော့…. ကိုယ်သုံးမယ့် အနုပညာနာမည်အတွက် စသည်ဖြင့် ဆိုပါတော့။ 



အများစုသော မေးသူတွေဟာ နာမည်ကို မိမိနဲ့သင့်လျော်မှု ရှိမရှိ …၊ မူလဇာတာနဲ့ မှည့်ခေါ်လို့ အဆင်ပြေ မပြေ စသည်ဖြင့် …မေးမြန်းကြတာမျိုးထက် ..၊ နာမည်လှလှလေး လုပ်ပေးပါ ဆိုတာမျိုး အရင်ဆုံး ပူဆာ တတ်ကြပါတယ်။

ခက်တာက ကိုယ်ကလည်း …. စိတ်ကူးယဉ် အချစ်ဝတ္ထုစာပေလေးတွေ ရေးတဲ့ စာရေးဆရာမလေးတွေလို နာမည် ဆန်းဆန်းလေးတွေ ပေးတတ်တာမဟုတ်။

ချစ်ရဲရဲပိုင် တို့ …. မင်းမဟာလင်းမော်ဖူး တို့ …သက်သခင်သူဇာယမင်း တို့ ….သံယောဇဉ်သက်ငုံဖူး တို့ ….မိုးညလွန် နံနက်ခင်းတို့လို နာမည်ဆန်းဆန်းလေးတွေ ပေးပြီး ….လွယ်လွယ်ကူကူ နာမည်ရွေးပေးလိုက် ရရင်လည်း အလွန်သက်သာတာပ …။

ဒီစင်္ကာပူမှာ နာမည်ပေး ကိစ္စတစ်ချို့ လုပ်ပေးရချိန်မှာ တစ်ချို့သော မိဘများဟာ ….ရင်သွေးနာမည် မှည့်ခေါ်ရေးမှာ …ကလေးရဲ့ရှေ့ရေး အနာဂတ် ထက် …သူတို့မှည့်လိုတာကိုပဲ ပိုဦးစားပေး ကြတာကို တွေ့ရပါတယ်။ အနည်းစုကသာ…ကလေးတွေရဲ့ ရှေ့ရေးကို အလေးထား ကြပါတယ်။ တော်တော်များများ ကြုံသမျှကတော့…သူတို့မှည့်ချင်တဲ့ ပုံစံကိုပဲ ဇွတ်အတင်း ပြောကြ၊ ဆရာဆိုသူကိုလည်း သေနတ်နဲ့ချိန်ပြီး ထောက်ခံခိုင်းနေသလိုပါပဲ။

ကြာတော့ ကျွန်တော်လည်း ….ခေါင်းတွေခြောက်လာတယ်။ နဂိုထဲက ကျွန်တော့်စရိုက်ကလည်း လူတစ်ဖက်သားကို ဇွတ်ရွေးခိုင်းတာမျိုး တိုက်တွန်းလေ့မရှိ ။ ဘယ်အရာကို ရွေးရင် ဘယ်လို အကျိုးဖြစ်နိုင်မယ် အားနဲချက်က ဘယ်လိုဖြစ်နိုင်မယ်..ဆိုတာမျိုးပဲ..လမ်းကြောင်းပြပေးရုံသာ ..။ အဲ…. အဲဒီ့လို လမ်းကြောင်းလေးတွေ ပြောပြလိုက်မှပဲ . ..တစ်ချို့တွေက ပိုဆိုးကြတော့တယ်။ မရနိုင်တဲ့ လမ်းကြောင်း တနည်းအားဖြင့် မဖြစ်သင့်တဲ့ လမ်းကြောင်းတွေကပါ …နာမည်ကို ဇွတ်မှည့်ချင်လာကြတယ်။

ဘယ်ဘက်က အဖိုးနာမည်ပါအောင် မှည့်ပေးပါ။ အမေ့ဘက်က အဖွားကလည်း သူ့နာမည်ပါချင်လို့ …၊ တစ်ခါတစ်လေ မျက်စိရှေ့မှာတင် …လင်မယားနှစ်ယောက် …သူ့ဘက်က နာမည်တွေပါချင်တယ် ..ကိုယ့်ဘက်က နာမည်တွေပါချင်တယ်နဲ့ ….အငြင်းအခုံလေးတွေ တောင် ပါလာလေရဲ့…..။ သြော်………ဗေဒင်ဆရာ ဒရွတ်တိုက်ပါမယ့် ကိန်း….။ 

တစ်ကယ်တော့ သူတို့ဟာက ကလေးနာမည်ပေးဖို့မှ မဟုတ်တော့တာ။ သူတို့အကြိုက်ကို လာရွေးကြတာကိုး……။ ရှေးတုန်းက ဆရာသမားတွေပဲ အေးတယ်။ နာမည်ကလေး ချီးမြှင့်ပေးပါ ဆရာ….ဆိုတာနဲ့…ဟဲ့ ..ဘာနေ့သားလဲ ….ဘယ်ချိန်မွေးလဲ မေးပြီး……တနင်္လာသား လား …..ကဲ…ခေါ်စေဗျား….မောင်ကောင်းညွန့် ။ စနေသားလား… …ကဲ …မောင်တင်ဝင်း ၊ အင်္ဂါသမီးလေးလား အံမယ် ၀၀ကစ်ကစ် ချစ်စရာလေးပဲ….ကဲ…အညွန့်ဓါတ်မိအောင် မယ်ဝ လို့ တွင်စေ…။ ပြီးရော…..။

ခေတ်တွေက ပြောင်းလာတော့…..လူတွေတင် မက နာမည်တွေကလည်း ဆန်းလာပါတယ်။ .. ခင်ခင်မူယာနွဲ့နွဲ့စိုး တဲ့၊ နွေနှောင်းကလျာထွန်းဇော် တဲ့၊ ကျော်ဇောဟိန်းဇေယျာမောင် တဲ့  ..။ ရွှေသမင်နဒီမျိုး တဲ့……ကြံကြံဖန်ဖန်တွေတောင် ပါရဲ့။ ဒီယနေ့ခေတ် နာမည်စစ်ဆေးပေးရတာ မလွယ်ပါဘူး။

တစ်ကယ်တော့ နာမည်မှည့်ခေါ်ရာမှာ ….သင့်လျော်တဲ့လမ်းကြောင်းရွေးခြယ်ရတာကိုပဲ အရမ်း ခက်ခဲပါတယ်။ အားသာချက် တစ်ဖက်ကို ရွေးလိုက်တိုင်းမှာ အားနဲချက်ဆိုတာကိုလည်း ထည့်တွက် စဉ်းစားရပါတယ်။ နာမည်တစ်ခုခုကို  အထွန်းမှာအဆုံးသတ်တိုင်း ကောင်းပြီမှတ် နေသူအများစုဟာ ….ဗေဒင်ပညာအနဲငယ်တီးခေါက်မိသူများ နဲ့ ဗေဒင်ဆရာတွေကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒီယနေ့ခေတ်မှာ နာမည်စစ်ဆေးပေးခွင့်ကြုံတိုင်း ဆိုးဆိုးရွားရွား နာမည်တွေ အများအပြား တွေ့နေရတာပါ။

အောက်ပါ ဥပမာ ဇာတာ တစ်ခု ကို ကြည့်ပါ။

၂ခုကြွင်းဖွား ၊ သောကြာသား၊ အမည် ( ဗုဒ္ဓဟူးနံ အစ + တနင်္ဂနွေနံ အဆုံး)

နှစ်ခုကြွင်း မဟာဘုတ်ဇာတာခွင် 


  အဓိပတိ
     


     အထွန်း
     
   အဆုံးနံ
    သိုက်
     
   အစနံ
      ရာဇ
      
ပက္ခဂြိုဟ်များ
    မရဏ
     
      ဘင်္ဂ
      

      ပုတိ
      
ပက္ခဂြိုဟ်များ


သောကြာသားသမီးများအတွက် …..အနာရောဂါကို လည်း လှုံ့ဆော်ပေးသလို၊ အာယုဂြိုဟ်လည်း ဖြစ်လို့ ..ကျန်းမာရေး နဲ့ အသက်ဇီဝဆိုင်ရာကို လည်း ကိုယ်စားပြုတဲ့ တနင်္ဂနွေ နံနဲ့ နာမည်ကို မှည့်ခေါ်ပေးထားခြင်း ဖြစ်ပါတယ်။ လက်ရှိ ၁၃၇၄ ခုနှစ် ထဲမှာ မွေးဖွားသော ကလေးငယ်တစ်ဦး ရဲ့ မူလဇာတာနဲ့ နာမည်အနေအထားပါ။

သောကြာနေ့ဖွား အဓိပတိဖွား ဇာတာရှင်များ အတွက် …. အထွန်းနဲ့ ပုတိ ပက္ခ မျဉ်းကြောင်း ပေါ်မှာ ရပ်တည်ထားသော ….အဆိုပါ တနင်္ဂနွေ နဲ့ အင်္ဂါ ပက္ခ ဟာ… ၊ ကျန်းမာရေးဆိုင်ရာ ခွဲစိတ်ကုသရခြင်းများ၊ မတော်တစ်ဆ ထိခိုက်ဒဏ်ရာရရှိခြင်းများ၊ ရိုးတွင်းချဉ်ဆီ ဆိုင်ရာ ပြဿနာများ၊ ဦးနှောက်နှင့်အာရုံကြော အားနဲခြင်း များကို လှုံ့ဆော်မှု ပေးသော ပက္ခ ဖြစ်ပါတယ်။ 

အဆိုပါပက္ခ တစ်ခုလုံး မိစေသော ( တနင်္ဂနွေ+အင်္ဂါ) နာမည်မျိုး ဖြစ်စေ၊ နာမည်အရင်း၊ အဖျားစာလုံး တစ်ခုခုဖြင့် မှည့်ခေါ်ထားသည်ဖြစ်စေ….၊ အထူးသဖြင့် နာမည်အဖျားစာလုံး အဖြစ် အဆုံးသတ်ပြီး မှည့်ခေါ်ခဲ့ရင် ဖြစ်စေ..၊ အဆိုပါ ပက္ခရဲ့ အာနိသင်ကို လက်တွေ့ခံစားရမှာပါ။

နာမည်ရဲ့ အဖျားစာလုံးကို တနင်္ဂနွေနံ သင့်တစ်ခုခု ဖြင့် မှည့်ခေါ် လိုက်တဲ့ သောကြာအဓိပတိဖွား တွေအတွက် …..ဘ၀မှာ မလိုလားအပ်သော ခွဲစိတ်ကုသရခြင်းများ၊ မတော်တစ်ဆ မှုများ များပြားစေပါလိမ်မ့ယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးလည်း  ရှေးယခင်က …အထွန်းမှာရပ်တဲ့နေသူရိန်http://www.mahabote.org/2011/11/blog-post_19.html#more ဆောင်းပါး မှာ ဇာတာရှင်မောင်သက်ဦးမည်သော ..သောကြာအဓိပတိဖွား တစ်ယောက် အကြောင်း ရေးခဲ့ပြီး ဖြစ်ပါတယ်။

ယခုအထက်ပါ ဇာတာရှင်ကလေးငယ်ကတော့ …လတ်တစ်လော ကျွန်တော် စင်္ကာပူမှာ တွေ့ရတဲ့ ဖွားဇာတာရှင် ကလေးငယ် တစ်ဦး ဖြစ်ပါတယ်။ နာမည်ကိုလည်း အထက်ပါအတိုင်း ..တနင်္ဂနွေ နံ အဆုံးသတ်ပြီး မှည့်ထားသော ..သောကြာအဓိပတိဖွားလေးတစ်ဦးပါပဲ။

ကလေးရဲ့ဖခင်ဘက်က …အဖိုးအဖွား ဗေဒင်ခရေစီတွေက ဗေဒင်ဆရာအမျိုးမျိုးနဲ့တိုင်ပင် ပြီး နာမည်ရွေးပေးထားတာဖြစ်တယ်လို့ ဆိုပါတယ်။ ဘာမှတော့ မဝေဖန်လိုက်ပါဘူး။ အမြင်မတော်တာမို့ …ထိုက်သင့်တဲ့ ပက္ခယတြာလေးတွေကို ဘာသာရေးရှုထောင့်အရ လမ်းညွှန်ပေးလိုက်ရုံသာ တတ်နိုင်ပါတယ်။  ဒါပေမယ့် ကလေးငယ်က ခုလတ်တစ်လော မွေးဖွားပြီး တစ်နှစ်သားမပြည့်ခင်မှာပဲ …ခွဲစိတ်ကုသမှု နှစ်ကြိမ် (တစ်ကြိမ်ကြုံပြီး…၊ တစ်ကြိမ် မကြာမီထပ်မံခွဲစိတ်ရမည်ဖြစ်ကြောင်း) ကလေးငယ်ရဲ့ မိခင်က ပြောပြပါတယ်။

ဆိုတော့….. ဗေဒင်လေ့လာသူများ၊ ဗေဒင် မတတ်တစ်တတ်များ၊ ဗေဒင်ဆရာဟု ဆိုသူများ …အားလုံးအနေနဲ့ …စဉ်းစားဖို့လိုတာလေးတစ်ခုတော့ ……ပြောပါရစေ။ 

အထွန်းမှာရပ်တိုင်း ကောင်းသလား …။ အထွန်းမှာအဆုံးသတ်ပြီးပဲ နာမည်ကို မှည့်ရမှာလား။ (ဒါရှေးနည်း အတိုင်းပဲကွလို့ ..ပဲ မျက်စိမှိတ် ဆက်လက် ယုံကြည်လိုက်ကြမလား။)

စဉ်းစားပါ။ ကျွန်တော့်အယူအဆအရ ဗေဒင်ပညာဟူသည် လှေနံဓါးထစ် သုံးစွဲရမည့် ပညာရပ်မျိုး မဟုတ်။

နာမည်လှလှလေးပဲ လိုချင်ပြီး ….ကျန်တာအရေးမကြီးဘူးလို့ ယုံကြည်ယူဆနေသူများ ကိုတော့ .ဗေဒင်ပညာရှင်တွေဆီမှာ နာမည်ရွေးမယ့်အစား ၊ ခေတ်ပေါ် အချစ်ဝတ္ထု စာရေးဆရာမလေးတွေ ဆီ မှာ နာမည်ရွေးကြပါလို့ ပဲ…..တိုက်တွန်းလိုက်ရပါတယ်။

လေးစားစွာဖြင့် ….

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)

သုတေသီ ဝေသာလီမောင်ဖုန်း

Post a Comment
 

Posts Comments

©2006-2010 ·TNB