မျှော်လင့်ထားတဲ့ မနက်ဖြန်

Monday, December 17, 2012



မျှော်လင့်ချက်  ..ရည်မှန်းချက် …အနာဂတ်ဆန္ဒ  နဲ့ အာသီသများ  ။ အဲဒီ့ အချင်းအရာတွေကို ဗေဒင်ပညာမှာ ဘယ်အရာနဲ့ ဖော်ပြထားပါသလဲ။ ဌာန တစ်ခုခုနဲ့လား၊ အတန့် ဘာဝ တစ်ခုခုနဲ့လား။ လက်ဖ၀ါးပေါ်က အရေးအကြောင်းတွေနဲ့လား ၊ ဂြိုဟ်သဘာဝ တစ်ခုခုနဲ့လား ။ အဆိုပါ …မျှော်လင့်ချက် ..ရည်မှန်းချက် နဲ့ အနာဂတ် ဆန္ဒများ ပြည့်ဝပိုင်ဆိုင်ရခြင်း သို့တည်းမဟုတ် လက်လွှတ်ဆုံးရှုံးရခြင်း ..ဆိုတာ ကရော….ဘယ်လိုတွက်လို့ ….ဘယ်လိုခန့်မှန်းကြည့်လို့  ရနိုင်ပါသလဲ…။ ကျွန်တော့်အယူအဆ အရ…..အောက်ပါအချင်းအရာတွေကို သာ လေ့လာကြည့်မယ်ဆိုရင်………………………….။ 



အင်္ဂါဂြိုဟ်  

အင်္ဂါဂြိုဟ်  .. အကြောင်း နဲနဲလောက် လေ့လာကြည့်ကြပါစို့ ..။ အင်္ဂါဂြိုဟ် ဟာ ဗေဒင်ပညာရှုထောင့်မှာ ….တိုက်ခိုက်ခြင်း ၊ ချေမှုန်းခြင်း၊ အတွန်းဓါတ် နဲ့  စစ်သူကြီးကို ကိုယ်စားပြုပါတယ်။ တနည်းအားဖြင့် ထိုးစစ် ဆင် တဲ့ ဂြိုဟ်လို့လည်း ပြောလို့ရပါတယ်။ အင်္ဂါဂြိုဟ် ဟာ  ရှေ့သို့မောင်းနှင် တတ်သော ဂြိုဟ် တစ်လုံး ဖြစ်တယ် လို့လည်း အနောက်တိုင်း ဗေဒင်ကျမ်းအချို့ မှာ ဖတ်ရှု မှတ်သားခဲ့ရဖူးပါတယ်။ အလားတူပါပဲ …လက်တွေ့သုတေသနပြု ကြည့်ရမှာလည်း …အင်္ဂါဂြိုဟ်ဟာ …Next Step တွေကို ဖော်ပြတာကို ခိုင်မာစွာ  တွေ့ရှိရပြီး….သူ့ကို  အနာဂတ် ဂြိုဟ်လို့လည်း ပြောနိုင်ပါတယ်။

ဒီ့ထက်ရှင်းလင်းအောင် ဖော်ပြရရင်တော့……..

အတိတ်ကာလနဲ့ လွန်လေပြီးသော ကဏ္ဍများ ကို          စနေဂြိုဟ်
မျက်မှောက်ကာလ နဲ့ ပစ္စပ္ပန် အချင်းအရာများကို                ကြာသာပတေးဂြိုဟ်
အနာဂတ်ကာလ နဲ့  ရှေ့ဖြစ်လာမယ့် အစိတ်အပိုင်းတွေကို ..    အင်္ဂါဂြိုဟ် က ..
လွှမ်းမိုးထားပါတယ်။

ဒီအချင်းအရာပေါ်မူတည်ပြီး….ဆက်လက်ဖြန့်တွေးကြည့်ကြပါစို့။   အင်္ဂါဂြိုဟ်ဟာ ..အနာဂတ် ကို ဖော်ကျူးသော  ဂြိုဟ်လည်း ဖြစ်လို့ … ရှေ့သို့မျှော်ရည်နေသော ဂြိုဟ် ..၊ တနည်းအားဖြင့် …လူသားတွေအတွက် အနာဂတ် မျှော်လင့်ချက် ဆိုင်ရာဂြိုဟ် လို့  ပြောနိုင်ပါတယ်။ ရှေ့ဆက်လှမ်းမယ့် ခြေလှမ်းတွေတိုင်းအတွက် အင်္ဂါဂြိုဟ် က လွှမ်းမိုးထား တာလည်း ဖြစ်ပါတယ်။ ဒါကြောင့် …အင်္ဂါဂြိုဟ် အားနဲခြင်း ၊ မှေးမှိန်ခြင်း ကြုံချိန်မျိုး ရောက်တိုင်းမှာ ဆိုင်ရာ ဇာတာရှင်ဟာ ….ဘယ်ကိုဆက်သွားရမယ်…၊ ဘယ်လိုရှေ့ဆက်လှမ်းရမယ် ဆိုတာကို သူကိုယ်တိုင်ရေရေရာရာ မသိတော့ တဲ့အဖြစ်မျိုးတွေ ကြုံလာရတတ်ပါတယ်။ 

ဥပမာအားဖြင့် ….ယခုကဲ့သို့သော နှစ်ခုကြွင်း  မဟာဘုတ်ခွင်ကျရောက်တဲ့ နှစ်မျိုးမှာ .. အင်္ဂါဂြိုဟ်ဟာ ပုတိမှာ ရပ်တည်နေတာကို လေ့လာကြည့်ပါ။ 


  အဓိပတိ
     

   အထွန်း
     
    သိုက်
     
      ရာဇ
      
    မရဏ
     
      ဘင်္ဂ
      
      ပုတိ
      

အင်မတန်တိကျပြီး…အနာဂတ် နဲ့ မျှော်လင့်ရည်မှန်းထားချက်များ ကို ဖော်ညွှန်းပြဆိုသော အင်္ဂါဂြိုဟ်ဟာ …ပြတ်သားမှုနဲပြီး မရေမရာခြင်းများ ဖုံးလွှမ်းနေသော ပုတိဌာန မှာ ရပ်တည်ထားတာကို တွေ့ရပါမယ်။ အဆိုပါ အနေအထားဟာ ..မရေရာသော အနာဂတ် နဲ့ .. မပြတ်မ သားဖြစ်ရသော မျှော်လင့်ဆန္ဒများကို ဖြစ်ပွားစေနိုင်သော အနေအထားဖြစ်ပါတယ်။

ဒီအနေအထားကို ပိုမိုအားနဲစေနိုင်သော နေ့နံကတော့ (ပက္ခ မိနေတဲ့ …အထွန်းမှာ ရပ်တည်နေသော တနင်္ဂနွေဂြိုဟ် ) ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ယခုကဲ့သို့သော နှစ်ခုကြွင်းမဟာဘုတ်ခွင်ကျရောက်သည့် နှစ်မှာ ………………….

တနင်္ဂနွေ နေ့ဖွား များနဲ့ …တနင်္ဂနွေနံ (အ၊ဥ) ဖြင့် နာမည်အဖျားစာလုံးပြုမှည့်ခေါ်ထားသော အမည်ရှင်များ ( ဥပမာအားဖြင့် ၊ ယုယအောင်၊ ၀င်းဦး၊ နိုင်လင်းအေး၊ စိုးစိုးဦး ) စသဖြင့် သော အမည်ရှင်များ အဖို့ လမ်းလျှောက်ရင်း လမ်းပျောက်သွားသလို …၊ Next Step တွေအတွက် … မရေရာမှုတွေ ဖုံးလွှမ်း လာတတ်ချိန်ပဲ ဖြစ်ပါတယ်။

အထက်ပါ ဥပမာ ကတော့….လက်ရှိရောက်ဆဲခုနှစ်အရ …အင်္ဂါဂြိုဟ်အားနဲမှုအရ ဖြစ်ပေါ်လာတတ်ပုံကို တင်ပြထားခြင်း ဖြစ်ပါတယ်။ ထို့နည်းတူပါပဲ…..

လူတစ်ယောက်ရဲ့ ဘ၀မှာလည်း ….သူရဲ့ မူလဇာတာအရ ..၊ သို့တည်းမဟုတ် နာမည်အရ ..သို့တည်းမဟုတ် လက်ရှိဖြတ်သန်းနေဆဲ ကောဇာအခြေအနေ ၊ အသက်ပိုင်း ၊ ဒသာကာလ စသည်တို့ အရ …အင်္ဂါဂြိုဟ် အားနဲလာချိန်များမှာ….........

ရည်ရွယ်ထားသည့်အတိုင်း ဖြစ်မလာခြင်း
ရည်ရွယ်ချက် မျှော်လင့်ချက်များ ပျက်ဆီးရခြင်း
မျှော်လင့်ချက်တစ်ခုအတွက် ….အချိန်ကာလ ကြာမြင့်စွာ စောင့်ဆိုင်းသီးခံနေရခြင်း ….
ရည်ရွယ်ချက် ဦးတည်ချက် ကင်းမဲ့စွာဖြင့် ဘ၀ကို ဖြတ်သန်းနေရခြင်း တွေ ကျရောက်လာတတ်ပါတယ်။

အပြန်အလှန်အားဖြင့် အင်္ဂါဂြိုဟ် အားကောင်းလာချိန်များမှာတော့ ….မျှော်လင့်ထားသည့် အတိုင်း ဖြစ်လာခြင်း၊ ရည်ရွယ်ထားသည့်အတိုင်း အကောင်အထည်ပေါ်လာခြင်း၊ အနာဂတ် အတွက် ခြေလှမ်းများ တိကျစွာ လှမ်းနိုင်လာခြင်း …ကို ရရှိမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ တစ်ခုဆိုချင်တာက….

အင်္ဂါဂြိုဟ် အားနဲခြင်း သို့မဟုတ် အားကောင်းလာခြင်း ဆိုတာကို ဘယ်လိုပညာရပ်တွေနဲ့ တွက်ချက်လို့ ရနိုင်သလဲ ဆိုတာမျိုး အတွက် ..ပြောပြချင်ပါတယ်။ ကြိုက်တဲ့ပညာနဲ့တွက်ယူပါ။ တွက်ယူလို့ ရပါတယ်။ လက်ဝါးပြင်ဖတ် အတတ်ပညာ နဲ့ တွက်မယ် ဆိုရင်လည်း …အင်္ဂါဂြိုဟ်ခုံ အဖို ပေါ်က (အင်္ဂါဂြိုဟ်ခုံ အမ ကတော့ ..အနုပညာရပ်ဆိုင်ရာ ရည်မှန်းချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ စိတ်ကူးယဉ် ဆန်လွန်းတဲ့ မျှော်လင့်ရည်မှန်းချက်တွေကို ပိုမိုကိုယ်စားပြုပါတယ်။) အရေးအကြောင်း အချက်အလက်တွေကနေတစ်ဆင့် ….အားနဲချက် အားသာချက်တွေကို တွက်စစ်ယူလို့ရပါတယ်။ 

ပမာအားဖြင့် ….. အင်္ဂါဂြိုဟ်ခုံ အဖို ပေါ်မှာ …ကောင်းတဲ့အမှတ်အသား တစ်စုံတစ်ရာ ပါလာသူ များဟာ….ရည်မှန်းချက် ဧကန်ကြီးမား ကြသူများပဲ ဖြစ်ပါတယ်။ မျှော်လင့်ချက်များပြည့်ဝခွင့် ရရှိနိုင်သော ကံဇာတာရှင်များ ဖြစ်ပြီး၊ လက်တွေ့ဆန်ခြင်းနဲ့ ..ကိုယ်ဘယ်ကိုသွားမယ် ..ဘာကိုလုပ်မယ် ဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ထားသော ဇာတာရှင်များ ဖြစ်နေကြပါလိမ့်မယ်။

အလားတူပါပဲ နက္ခတ်ဗေဒင်ပညာမှာ ဆိုရင်လည်း….အင်္ဂါဂြိုဟ် ကရကဋ်ရာသီမှာရပ်တည်နေခြင်း သို့မဟုတ် ကရကဋ်ရာသီန၀င်း စီးခြင်း မျိုးဟာ ….. ရည်ရွယ်ချက် မပြတ်မသားဖြစ်ရမှု နဲ့ …လေထဲမှာ တိုက်အိမ်ဆောက်သလို …မရေရာသော မျှော်လင့်ချက်များ ဖုံးလွှမ်းနေတတ်မှုကို ဖော်ပြပါတယ်။ အင်္ဂါဂြိုဟ် မိဿ ရာသီမှာ ရပ်တည်ထားခြင်းမျိုး သို့မဟုတ် န၀င်းစီးခြင်းမျိုး ကတော့ …. ပြတ်သားသော ဆန္ဒနဲ့ မျှော်လင့်ချက်များ ၊ ရည်မှန်းချက်ကြီးမားမှုများ ကို ဖော်ပြပါတယ်။

ထားပါတော့ ….။ ကျွန်တော်ကတော့…မဟာဘုတ်လေ့လာလိုက်စားသူသာ ဖြစ်တဲ့အတွက် …မဟာဘုတ် ဇာတာခွင်တွေနဲ့ မူတည်ပြီး အင်္ဂါဂြိုဟ် အားနဲခြင်း၊ အားကောင်းခြင်း၊ နာမည်တွေအရ အင်္ဂါဂြိုဟ် အားနဲခြင်း ၊ အားကောင်းခြင်းများကို ….သုံးသပ်ဆုံးဖြတ်လေ့ရှိပါတယ်။

မူလဇာတာ၊ နာမည်၊ ဖြတ်သန်းဆဲအသက်ပိုင်းနဲ့ ဒသာများအရ …အင်္ဂါဂြိုဟ် နဲ့တစ်ကွ မေတ္တာရေးရာ ဂြိုဟ်များ ပါ အားနဲချိန် မျိုး တိုက်ဆိုင်နေမယ် ဆိုရင်….ထိုသူရဲ့ ကံဇာတာမှာ …အချစ်ရေး မေတ္တာရေးအတွက် မျှော်လင့်ထားသလို မဖြစ်လာခြင်း၊ တစ်စုံတစ်ယောက်ကို အချိန်ကာလ ကြာမြင့်စွာ စောင့်ဆိုင်းမျှော်လင့်နေရခြင်းမျိုးတွေ ကျရောက်လာတတ်ပါတယ်။

စွဲစွဲလမ်းလမ်း ချစ်မြတ်နိုးရပြီး ….အချိန်ကာလရှည်ကြာ မျှော်လင့်စောင့်စားနေရသော ဒုက္ခမျိုး ခံစားရဖို့ အတွက်  အင်္ဂါဂြိုဟ် စနေဂြိုဟ် နဲ့ …မေတ္တာကာရကဂြိုဟ်တွေ အားနဲနေမယ်ဆိုရင် …သေချာ ပါတယ်…မျှော်လင့်ခြင်း များစွာ…များစွာဖြင့် …………………..ပါပဲ။

ကောင်းပြီ……..။ ထားတော့….အနှစ်ချုပ်ကြပါစို့။

ကျွန်တော် အပါအ၀င် လူပေါင်းများစွာရဲ့ ရင်ထဲမှာ ကိုယ်စီ မျှော်လင့်ဆန္ဒများ နဲ့ အနာဂတ်ရည်မှန်းချက်များ ….ပိုင်ဆိုင်နေကြပါလိမ့်မယ်။ ထိုထိုမည်သော မျှော်လင့်ဆန္ဒများ ကို ပြည့်ဝစေရေးအတွက် ကိုယ်တိုင်ကလည်း ကြိုးပမ်းနေကြရသလို …နာမ်ပိုင်းဆိုင်ရာရှုထောင့်အရ…..ကံမထူ ဥာဏ်ကူလို့ ထကြဖို့လည်း ကြိုးစားကြလိုသူများ အတွက်ပေါ့………………….။ တစ်စုံတစ်ရာသော ရည်မှန်းဆန္ဒကြီးကြီးမားမား ဖွဲ့တည်လာပြီ ဆိုတဲ့အချိန် များမှာ …ကိုယ်တိုင်ကလည်း ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက် ကြိုးစားကြပါ..။ အလား တူပါပဲ….ဗုဒ္ဓဘာသာဝင်များအဖို့တော့….ဘုရားပုထိုးစေတီ များကို ရောက်ဖြစ် ဖူးဖြစ်ချိန်များမှာ ….အင်္ဂါထောင့်မှာ အဓိဌာန်ပြု ခြင်း၊ အဓိဌာန်ဝင်ခြင်း၊ ရည်ရွယ်ထားသည့်အတိုင်း မဖြစ်ဖြစ်အောင် လုပ်ဆောင်ပါမည်ဟု ..ဆုံးဖြတ်တိုင်တည်ခြင်း …၊စသည်ဖြင့် သမ္မာဆန္ဒပြု …ကြည့်ကြပါလို့ပဲ တိုက်တွန်း လိုက်ရပါတယ်။

အထူးသဖြင့် ….ခင်ဗျားရဲ့နာမည်အဖျားစာလုံးဟာ အင်္ဂါနံ တစ်စုံတစ်ရာ ဖြစ်သော…(စ၊ဆ၊ဇ၊ဈ၊ည) နဲ့များ အဆုံးပြုပြီး မှည့်ခေါ်ထားသော…..(ဥပမာအားဖြင့် …သန်းဆွေ၊ ဟိန်းမိုးဇင်၊ သူဇာဆွေ၊ သိန်းဇော်၊ ဟန်မင်းဇော်၊ ) စသဖြင့်သော အမည်မျိုးများ ဖြစ်ခဲ့မယ်ဆိုရင်တော့…………..အထက်ပါအတိုင်း မဖြစ်မနေ လုပ်ဆောင်ကြဖို့ပဲ ထပ်ဆင့်တိုက်တွန်းလိုက်ပါရစေ။

ဒီဆောင်းပါးရေးသားရခြင်း အကျိုးအားဖြင့် ……ဖြစ်လေရာဘ၀မှာ လမ်းပျောက်ရခြင်း ကင်းသော အကျိုးကို သာ တောင့်တဆန္ဒပြု လိုက်ရပါကြောင်း ။ 

ချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
01 618 469
09 4015 63291

Post a Comment
 

Posts Comments

©2006-2010 ·TNB