ငါးကြွင်းဖွားတို့အကြောင်း

Saturday, July 6, 2013



မိမိရဲ့ မြန်မာမွေးခုနှစ် သက္ကရာဇ်ကိုတည် …ခုနှစ်ဖြင့်စား ..။ ကြွင်းတဲ့အကြွင်းက ... ၅ … ဖြစ်ခဲ့မယ် ဆိုရင် …သင့်ကို ငါးခုကြွင်းဖွားလို့ ဆိုနိုင်ပါတယ်။ ငါးခုကြွင်းဖွား တို့အကြောင်း လေ့လာကြည့်ကြပါစို့……။



ငါးခုကြွင်း  မဟာဘုတ်ဇာတာ 


   အဓိပတိ
       

   အထွန်း
     
    သိုက်
       
      ရာဇ
      
    မရဏ
     
      ဘင်္ဂ
      
      ပုတိ
      

ငါးခုကြွင်း မဟာဘုတ် ဇာတာဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်ဖြင့် ………………

( မိမိ မူလ မြန်မာမွေးခုနှစ်ကို ခုနှစ်ဖြင့်စား  အကြွင်း ငါး ဖြစ်သော ဇာတာရှင်များအားလုံး အတွက်   ……)

မူလသဘာဝ …

ဒီကမ္ဘာပေါ်မှာ နည်းပေးလမ်းပြ လုပ်ရသော လုပ်ငန်းမျိုးတွေ မှာ အအောင်မြင်နိုင်ဆုံး အကြွင်းဖွားကိုပြပါ ဆိုရင် ငါးခုကြွင်းဖွားတွေကိုပဲ လက်ညှိးညွှန်ရပါလိမ့်မယ်။ ဂိုက်လုပ်ငန်း ၊ လမ်းပြ ၊ နည်းပြ ၊ ဧည့်ကြို ..စသည်ဖြင့် …သော သူတစ်ပါးတို့ကို လမ်းညွှန်လမ်းပြ နည်းပေးလမ်းညွှန် လုပ်ကိုင်ရမယ့် လုပ်ငန်းမျိုးတွေမှာ အောင်မြင်မှု အရနိုင်ဆုံး သူတွေပါပဲ။
                                    
သူတို့တွေဟာ ငယ်စဉ်ကတည်းက မြေပုံတွေ၊ တည်နေရာတွေ၊ ဘယ်ကို ဘယ်လိုသွားရမယ် ၊ ဘယ် အရာကို ရအောင် ဘယ်လိုလုပ်ရမယ်ဆိုတာတွေကို ….တစ်ခြားအကြွင်းဖွား ခြောက်မျိုးလုံးထက် ပိုမို သိမြင်နိုင်စွမ်း ရှိကြသူများလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း အခြားသူများထက် စောစောကြိုပြီး ပိုမိုအောင်မြင်နိုင်ကြတာကို တွေ့ရပါတယ်။ ငါးကြွင်းဖွားတွေဟာ စွန့်ဦးတည်ထွင်သူများ ၊ ပထမဆုံး စွန့်စားလုပ်ဆောင်သူများ နေရာမှာ အမြဲနေရာယူထားကြပါတယ်။

သူတို့တွေဟာ အစွန်းရောက်နေတဲ့အတ္တကိုသာ နိုင်အောင် ချုပ်ကိုင်နိုင်မယ်ဆိုရင် …ဒီကမ္ဘာပေါ်မှာ မြတ်နိုးစရာ အကောင်းဆုံး လူသားတွေလို့တောင် ဆိုနိုင်လာမှာပါ။ သို့သော်…အကြောင်း အားလျော်စွာပဲ တစ်ခါတစ်ရံမှာ နိုးထလာတတ်တဲ့ သူတို့ရဲ့ အစွန်းရောက် အတ္တတွေကြောင့် …လူတွေက သူတို့ကို ရွံရှာသွားစေတဲ့အထိ ..အမုန်းပွားမှုကို ခံယူကြရပြန်ပါတယ်။  

ငါးကြွင်းဖွားတွေဟာ မယုံကြည်ရင် လုံးဝ မယုံကြည်တတ်သလို ..၊ ယုံကြည်မိရင်လည်း အစွန်းရောက်တဲ့ အထိ ယုံကြည်စွဲလမ်းမိ တတ်ကြပါသေးတယ်။ ဒါကြောင့်လည်း …ကမ္ဘာမှာ ကိုးကွယ်ယုံကြည်မှု အစွန်းရောက်သော သူများ ၊ ဘာသာရေးအစွန်းရောက်များ ၊ လူမျိုးရေး အစွန်းရောက်များ ဟာ ငါးကြွင်းဖွား အများစု ဖြစ်လာကြပါတယ်။ အချို့သော ငါးခုကြွင်းဖွားတွေကတော့ ……မိမိကိုယ်မိမိက လွဲပြီး ဘာတစ်ခုမှကို ယုံကြည်မှု မရှိတတ်ကြပါဘူး။ တနည်းအားဖြင့် အချို့သော ငါးကြွင်းဖွားတို့ကို ဘာသာကင်းမဲ့ဝါဒီ တွေအဖြစ်လည်း တွေ့မြင်ရနိုင်ပါတယ်။ တစ်ကယ်တော့ …ငါးကြွင်းဖွားတွေအနေနဲ့ …တစ်ခုခုကို အလွယ်တစ်ကူ ယုံကြည်ဖို့ ခက်ခဲခြင်းပဲ ဖြစ်ပါတယ်။ အဲ…ယုံကြည်မိပြီ ဆိုရင်လည်း …ဒါမှဒါ ၊ ဘာမှလာမပြောနဲ့ ဆိုတာမျိုး ..ယုံကြည်အစွန်းရောက် တတ်ကြပြန်ပါတယ်။

အဆိုပါအချင်းအရာများ ကြောင့်ပါပဲ ..ငါးခုကြွင်းဖွားတွေဟာ ဘ၀မှာ …ယုံကြည်လေးစားမိသူ၊ အားထား ကိုးကွယ်မိသူ အလွန်ရှားပါးပါတယ်။ တော်တန်ရုံနဲ့  ယုံကြည်မှု မထားနိုင်တဲ့ အခြေခံစိတ်သဘာဝ ရှိတာကြောင့်လည်း …..တော်တန်ရုံ ဘယ်သူ့ကိုမှ အားကိုးယုံကြည်မှု ၊ ကိုးကွယ်ဆည်းကပ်မှု မထား နိုင်ကြပါဘူး။

အဆိုပါအနေအထားများကို ငါးခုကြွင်းမဟာဘုတ်ဇာတာခွင် ရဲ့ မရဏဌာန မှာ ရပ်တည်နေတဲ့ …တနင်္ဂနွေဂြိုဟ် က ဖော်ဆောင်အာနိသင်ပြုနေတာပဲ ဖြစ်ပါတယ်။ ထူးဆန်းတာ တစ်ခုကတော့ …. အဆိုပါ တနင်္ဂနွေဟာ မရဏဌာနမှာ ရပ်တည်နေခြင်းကြောင့် ….သူတို့ အားထားယုံကြည်သော ….ကိုးကွယ် ဆည်းကပ်သော ပုဂ္ဂိုလ်များဟာ ….. မရဏဌာနရဲ့ သဘာဝအရ … ၊ ဝေးမြေရပ်ခြားက ပုဂ္ဂိုလ်များ ၊ လူမျိုးဘာသာကွဲ ဆရာသမားများ၊ တမလွန်မှ သို့မဟုတ် ပရလောကမှ ပုဂ္ဂိုလ်များ ၊ လောကုတ္တရာ နယ်ပယ်မှ ဆရာသမားများ ၊ ဗေဒင်ပညာ …စိတ်ပညာ နှင့် နာမ်ပိုင်းဆိုင်ရာ နယ်ပယ် များမှ ဆရာသမားများ ၊ အတိဒုက္ခ ကြုံကြိုက်နေရသော ဆရာ သမားများ ဖြစ်နေတတ်တာကို တွေ့ရှိရနိုင်ပါတယ်။

ငါးခုကြွင်းဖွားတွေဟာ ….. အင်္ဂါဂြိုဟ် ရပ်တည်မှု အားကောင်းကြပါတယ်။ ဒါကြောင့်လည်း သူတို့တွေဟာ စပ်တူနဲ့ အစုရှယ်ယာ ကဏ္ဍများမှာ အစဉ်သဖြင့် တွန်းတွန်းတိုက်တိုက် လုပ်ဆောင်လိုမှု ရှိနေကြပြီး ၊ အကျိုးတူ ပူးပေါင်း ဆောင်ရွက်နိုင်ရေး အတွက် …အနာဂတ်ရည်မှန်းချက်များလည်း ရှိနေတတ်ကြပါတယ်။ .. တစ်ယောက်ထဲ လုပ်နိုင်ဦးတော့ …မလုပ်ချင်ကြသူများ ဖြစ်ပြီး …ဖြစ်နိုင်သမျှ …လုပ်ကြရအောင် ၊ သွားကြရအောင် ၊ စားကြရအောင် ၊ …စသဖြင့် … ရည်ရွယ်ချက်တူ လူအများနဲ့ ပူးပေါင်းဆောင်ရွက် လိုမှု စိတ်အား ပြင်းထန်နေတတ်ကြပါတယ်။

အင်္ဂါဂြိုဟ်ဟာ ရာဇဌာနမှာ ရပ်တည်ထားပြီး …ရာဇဌာနဟာ မဟာဘုတ်ခွင် ဌာန ခုနှစ်ပါးမှာ အရေး အပါဆုံး ဌာနဖြစ်တာကြောင့် … ငါးခုကြွင်းဖွား အားလုံးဟာ အင်္ဂါဂြိုဟ်လွှမ်းမိုးသူများ လို့တောင် ခေါ်ဆိုထိုက်သူတွေ ပါ။ ဒါကြောင့်လည်း ….သူတို့ဟာ အမြဲနိုးကြားထက်သန် နေတတ်ပြီး ၊ သူတစ်ပါးတို့ကိုလည်း တိုက်တွန်းနှိုးဆော် လိုစိတ် အမြဲရှိနေတတ်ကြပါတယ်။

အင်္ဂါဂြိုဟ်ဟာ စွန့်စားလုပ်ဆောင် မှု ကို အားပေးသော ဂြိုဟ် ဖြစ်သလို ၊ အင်္ဂါဂြိုဟ်လွှမ်းမိုးနေတဲ့ ငါးခုကြွင်းဖွားတွေဟာ လည်း စွန့်စားလုပ်ဆောင်ရမှု ကို အလွန်နှစ်ခြိုက်မြတ်နိုးတတ်သော သူများ ဖြစ်လာကြပါတယ်။

အင်္ဂါဂြိုဟ်ဟာ စူးစမ်းရှာဖွေ မှု တွေကို အားပေးသလို ..ငါးခုကြွင်းဖွားတွေဟာလည်း …ဘယ်အရာကိုပဲ ဖြစ်ဖြစ် စမ်းကြည့်လိုစိတ် ..၊ စူးစမ်းကြည့်လိုစိတ် အမြဲ ရှိနေတတ်ကြပါတယ်။ အင်္ဂါဂြိုဟ်ဟာ ညီတူမျှတူ ဖြစ်မှု နဲ့ အချိုးအစားတူ ဖြစ်မှုကို လွှမ်းမိုးထားတာကြောင့် …ငါးခုကြွင်းဖွားတွေ ဟာလည်း …… အညီအမျှ ဖြစ်မှု မဖြစ်မှု ဆိုတာကို အာရုံအမြဲကျက်စား မိနေတတ်ကြပြီး … အမြဲ ပေတံတစ်ချောင်းနဲ့ တိုင်းထွာနေတတ်တဲ့ စိတ်သဘာဝကို ရရှိလာကြပြန်ပါတယ်။

အင်္ဂါဂြိုဟ်ဟာ … ရှေ့သို့ အစဉ်ဆက်တိုက် တွန်းထိုးမောင်းနှင်တတ်သော ဂြိုဟ် ဖြစ်တာကြောင့်လည်း ငါးခုကြွင်းဖွားတွေဟာ ငယ်စဉ်ကတည်းက တိုးတက်ရေး ၊ ရှေ့ရောက်ရေး …အတွက် စိတ်အားပြင်းပြလာကြပြီး၊ ဘ၀မှာ ငယ်စဉ်ကတည်း က ရည်မှန်းချက် ထားကြသူများ အဖြစ် ဖြစ်တည် လာကြပါတယ်။ ထားပါတော့ ရေးရမယ်ဆိုရင် မကုန်နိုင်ပါဘူး ။   ဌာနတစ်ခုမှာ ရပ်တည်နေတဲ့ ဂြိုဟ်သဘာဝ တစ်ခုနဲ့တင် ဆောင်းပါးတစ်ပုဒ်စာ မက ဖြစ်သွားနိုင်ပါတယ်။

ထိုနည်းတူပါပဲ …အခြားသော ဌာနအသီးသီး မှာ ရပ်တည်နေတဲ့ ဂြိုဟ်သဘာဝ အနေအထားအရပ်ရပ် အရ သက်ရောက်မှု သဘာဝတွေ ရှိကြပါတယ်။ အရေးအပါဆုံးဖြစ်တဲ့ ရာဇဌာန မှာ ရပ်တည်သော ဂြိုဟ်..ဖြစ်သည့် အင်္ဂါဂြိုဟ်ရပ်တည်မှုအရ …ဆက်လက်ဖော်ပြရရင်တော့ ……စွန့်ဦးရှာဖွေ နိုင်စွမ်း ရှိသော အင်္ဂါဂြိုဟ် လွှမ်းမိုးနေတဲ့ ငါးခုကြွင်းဖွားတွေဟာ ….ဆွေမျိုးစု၊ လူမျိုးနွယ်စု အတွင်းမှာလည်း …ပထမဆုံး ရှေ့ထွက်ရှာဖွေ စွန့်စားနိုင်သူများ အဖြစ် …ရပ်တည်ခွင့် ရရှိလာတတ်ကြပါတယ်။ တနည်းအားဖြင့် ငါးခုကြွင်းဖွားတွေဟာ တစ်မိပေါက် တစ်ယောက်ထွန်း လို့ ဆိုရမယ့် …ထူးခြားသူတွေပါပဲ။

တစ်ကယ်လို့များ ငါးခုကြွင်းဖွား တစ်ယောက်ယောက်ကို အဆိုပါ အင်္ဂါဂြိုဟ်ပိုင် အမည်မျိုး မှည့်ခေါ် မိခဲ့မယ် ဆိုရင် …(အထူးသဖြင့် နာမည်အဖျားစာလုံး) ..၊ ယင်း အင်္ဂါဂြိုဟ်ရဲ့ ဂုဏ်သတ္တိ ကို ပိုမို ရရှိပိုင်ဆိုင်လာနိုင်ပြီး ….ငယ်ရွယ်စဉ်မှာပင် စွန့်စားအောင်မြင်လာနိုင်သော အကျိုးအာနိသင်ကို ကျိန်းသေ ရရှိလာမှာ ဖြစ်ပါတယ်။ (မှတ်ချက် ။ မွေးနံ အသီးသီး အရ ..အကျိုးအပြစ် ကွာခြားမှု ရှိပါသည်။)

ဘ၀ဖြတ်သန်းပုံ နှင့် ကံဇာတာအနေအထား ….

ငါးခုကြွင်းဖွားတွေအတွက်  ဗုဒ္ဓဟူး / ရာဟု ဂြိုဟ်အိပ်များ ဟာ …ပြင်းထန် သော ..စိတ်ခံစားမှုများ နဲ့ ..အရေးပါသော ဘ၀ဖြစ်စဉ်များ ဖြစ်ထွန်းပေါက်ပေါက်လာလေ့ ရှိတတ်ကြပါတယ်။ မင်းအစိုးရများ နှင့် အပြင်းအထန် တင်းမာမှုများ ကြုံကြိုက်ရတတ်ခြင်း၊ အထက်အရာရှိများ ၊ ဖခင်၊ အဖိုး၊ ဦးလေးဦးမင်း၊ အစ်ကိုကြီး စသော သူများနှင့် သက်ဆိုင်သော အင်အားပြင်းထန်သည့် အခြေအနေနှင့် စိတ်ခံစားမှုများ ဖြစ်ပေါ်လာတတ်ကြပါတယ်။ 

စနေဂြိုဟ်အိပ်ချိန်မှာတော့ …. ငါးခုကြွင်းဖွားတွေဟာ အသိမှန် အမြင်မှန်တွေ ရှင်သန်နိုးထခွင့် ကြုံကြိုက် လာကြပြီး ၊ အဆက်အသွယ်ကောင်းများ ရှာဖွေ ရရှိချိန် ကြုံကြိုက်လာကြပါတယ်။ ကြာသပတေး ဂြိုဟ်အိပ်ကာလ ကို ဖြတ်သန်းချိန်မျိုးမှာတော့ …သူတို့တစ်တွေဟာ ဘယ်အသက်အရွယ် ဘယ်အပိုင်းခြားမျိုးမှာပဲ ဖြတ်သန်းရသည်ဖြစ်ပါစေ… .အဆိုပါကာလများမှာ … အသင်းအဖွဲ့ဖြင့် ဆောင်ရွက်ရခြင်းများ၊ လူအများဖြင့် ဆောင်ရွက်လုပ်ကိုင် ရသော အခန်းကဏ္ဍများ၊ သင်ယူ သင်ကြားရခြင်းများ ၊ သင်တန်းများ ၊ကျောင်းများ ဖြင့် လုံးထွေး နေရသော အချိန် ဖြစ်လာကြပါတယ်။ သူတို့ရဲ့ စိတ်ခံစားမှုဟာ ကြာသာပတေးဂြိုဟ်အိပ် ထဲမှာ အမြင့်မားဆုံး ဖြစ်လာကြပြီး ၊ အသင်းအဖွဲ့ပေါင်းများစွာနဲ့လည်း ပတ်သက်ဆက်နွယ်လာတတ်ချိန် ပါပဲ။

သောကြာဂြိုဟ်အိပ် ကြုံချိန် ဖြတ်သန်းချိန်များကတော့ …သူတို့တစ်တွေအတွက် ..ဆုလာဘ် ရရှိချိန် လို့တောင် ဆိုနိုင်ပါတယ်။ ရည်ရွယ်ထားသမျှတွေ တစ်ဆင့်ပြီး တစ်ဆင့် ဖြစ်ပေါ် လာချိန်ပါပဲ။ သောကြာဂြိဟ်အိပ်ကို ကြောက်ရွံတတ်တဲ့ … တနင်္ဂနွေ ၊ ကြာသာပတေး၊ တနင်္လာ စသော နေ့နံများ တောင် ငါးခုကြွင်းဖွား သောကြာဂြိုဟ်အိပ်ကြုံချိန်မှာ အကျိုးကျေးဇူးကို ခံစားရမှာ ဖြစ်ပါတယ်။

ချစ်မှုရေးရာ နှင့် ….အိမ်ထောင်ရေးကဏ္ဍ

ငါးခုကြွင်းဖွားတွေရဲ့ အချစ်ရေးကဏ္ဍမှာတော့ သူတို့တွေဟာ အတည်မဟုတ်သေးဘဲ ..အကဲစမ်းပြီး တွဲကြည့်လိုတဲ့ စိတ်သဘာဝ မျိုး ရှိကြတယ်လို့ ဆိုနိုင်ပါတယ်။ တနည်းအားဖြင့် အစမ်းခန့် အချစ် နဲ့ ပထမဆုံး စ ပါတယ်။ နောက်တစ်ချက်ကတော့ … သူတို့ချစ်တဲ့သူကို ..သူတို့သတ်မှတ်ထားတဲ့ စံပေတံ နဲ့ တိုင်းထွာ တွက်ချက် ပြီး …စကေးကိုက် မကိုက် ညှိကြည့်တတ်ကြပါတယ်။ ပြီးရင် နှစ်ဦးသား ညှိနှိုင်းဆွေးနွေးကြည့်ခြင်း ၊ စိတ်တူကိုယ်တူ ဖြစ်မဖြစ် …ချင့်ချိန်ခြင်းတွေ ထပ်ပြီး ပေါင်းထည့် ပါတယ်။ ပြောရရင်တော့ ကာကူလေတာ ပေါ်က အချစ်မျိုး လို့တောင် ဆိုရမှာပါ။ အချစ်ရေးမှာလည်း အတွက်အချက် တွေနဲ့ တိုးတက်ရေးတွေ ရောထွေး နေတတ်ကြသူတွေပါ။

သူတို့တွေဟာ ခေတ်မီပြီး ရဲတင်းဖျတ်လတ်တာကိုလည်း သဘောခွေ့တတ်ကြပါတယ်။ သူတို့ချစ်တဲ့သူတွေ ကိုလည်း သူတို့က ..တစ်ခုမဟုတ် တစ်ခု နှိုးဆော်တိုက်တွန်းပေး ရတာမျိုးကို သဘောကျတတ်ကြပါတယ်။

အိမ်ထောင်ရေး ကဏ္ဍမှာတော့ ….ငါးခုကြွင်းဖွားတွေဟာ သူတို့ရဲ့ အိမ်ထောင်ဖက်ကို ..သူတို့နဲ့ စိတ်တူ သဘောတူ ဖြစ်ဖို့ ၊ သူတို့ ဆွဲခေါ်ရာကို အတူတစ်ကွ လိုက်ပါလာပြီး တက်တက်ကြွကြွ  လုပ်ဆောင်ဖို့ … လိုလားတတ်ကြသူတွေပါ။ သူတို့နဲ့ တစ်သဘောတည်း မဖြစ်ဘဲ ….အတူတစ်ကွ ဆောင်ရွက်လိုမှု မရှိဘူး ဆိုရင် ..စိတ်ပျက်လက်ပျက် ဖြစ်တတ်ကြသူတွေပါ။ ငါးခုကြွင်းဖွား အမျိုးသားအများစု ဟာ … အတည်မဟုတ်သည့်တိုင်အောင် လက်တဲ့စမ်းလိုတဲ့ သဘာဝ များတာကြောင့် …အိမ်ထောင်ရှိပါလျက်နဲ့ … အီစီကလီ လေးတွေ၊ အကဲစမ်းအချစ်သစ်လေးတွေ ကြုံတွေ့ကြရတတ်ပါတယ်။ အမျိုးသမီးများမှာတော့ အနဲစုမှာ  အဆိုပါအခြေအနေ မျိုး ရှိတာကို တွေ့ရပါတယ်။

ကျန်းမာရေး နှင့် အသက်ဇီဝ ..

ငါးခုကြွင်းဖွားတွေ ရဲ့ အသက်ဇီဝ နဲ့ ကျန်းမာရေးကို  ထိခိုက်စေနိုင်သော အဓိက ပင်မဂြိုဟ်က တော့ တနင်္လာဂြိုဟ်ပဲ ဖြစ်ပါတယ်။ တနင်္လာဂြိုဟ်ဟာ ဖျော်ရည် ၊ အရည် နဲ့ ပင်လယ်ထွက် စားသောက် ကုန်များကို လွှမ်းမိုးပါတယ်။ ဒါကြောင့် …အရက်သေစာများ၊ အရည်တစ်မျိုးမျိုးကို အလွန် အကျွံ သောက်သုံးခြင်းမျိုး နဲ့ ပင်လယ်စာများကို မကြာခဏ စားသုံးခြင်းများက သက်တမ်းဆုတ်ယုတ်စေ နိုင်တယ် လို့ …..ဆုံးဖြတ်နိုင်ပါလိမ့်မယ်။

ငါးခုကြွင်းဖွားတွေဟာ သွေးထဲမှာ အဆိပ်သင့်ခြင်း၊  သွေးသွင်းမိရာမှ ကူးစက်ရောဂါ  ခံစားရခြင်း၊ ကူးစက်ရောဂါတစ်မျိုးမျိုးကြောင့် ..သက်တမ်းဆုတ်ယုတ်နိုင်ခြင်း ကံ ရှိကြသူများလည်း ဖြစ်ပါတယ်။ ဒါကြောင့် …ငါးကြွင်းဖွားတွေ အနေနဲ့ …ကူးစက်နိုင်သော ရောဂါ ရှိသူများ နဲ့ ဆက်ဆံနေထိုင်ရာမှာ …သတိပြုအပ်လှပါတယ်။

ငါးခုကြွင်းဖွား တွေ အတွက် ကျန်းမာရေး တိုးတက်စေနိုင်သော အခြေအနေ ကတော့ …လူသူကင်း ဆိတ်ရာ ..အေးချမ်းရာမှာ တစ်ဦးတည်း နေထိုင်ပြီး …ကျန်းမာရေးတည်ဆောက်ခြင်း မျိုး ဖြစ်ပါလိမ့်မယ်။ ကျန်းမာရေး ချို့တဲ့နေသူများအဖို့ ..မိမိလက်ရှိနေထိုင်ရာ အရပ်ကနေ ..အရှေ့စူးစူး အရပ်မျက်နှာ ကျရောက်ရာ နေရာဒေသများကို မပြောင်းရွှေ့အပ်ပါဘူး။ အကြောင်းကတော့…အသက်ဇီဝ ကို ယုတ်လျော့အားနဲစေသော အရပ် ဖြစ်လို့ပါပဲ။


အခြားသော အချင်းအရာများ …….. 

ငါးခုကြွင်းဖွားတွေ     တန်ဖိုးအထားဆုံး အမြတ်နိုး ရတနာကို ဖော်ပြပါ ဆိုရင် …. အချိန် ..ပဲ ဖြစ်ပါ လိမ့်မယ်။ စက္ကန့် တိုင်း ရှေ့ကိုရောက်ဖို့လိုတယ် …နောက်ကျလို့ မဖြစ်ဘူး ဆိုတဲ့ အတွေးတွေ အမြဲ လွှမ်းမိုးနေတတ်ကြသော ငါးခုကြွင်းဖွားတွေအဖို့ …အချိန် ဆိုတာ ဘယ်လိုမှ ဆုံးရှုံးလို့ မဖြစ်တဲ့ ရတနာ တစ်ပါးပါပဲ။ ဒါကြောင့်လည်း သူတို့တွေဟာ…နာရီကောင်းကောင်း လေးတွေ ကြိုက်တတ်ပြီး ၊ အများစုကတော့ နာရီကို နဲနဲကြိုစောပြီး (တစ်ကယ့်အချိန်ထက် ပိုစောပြီး) တိုက်ထားတတ်ကြပါတယ်။ ဒါမှလည်း ..နောက်အကျသက်သာမယ်လို့ …မသိစိတ်ကနေ..ထင်မြင်နေတတ်ကြသူတွေပါ။

ငါးခုကြွင်းဖွားတွေရဲ့ မွေးရာပါ ..စွမ်းရည်တစ်မျိုးကို ပြပါ ဆိုရင် …မေတ္တာစွမ်းရည်  လို့ပဲ ဖော်ပြရ ပါလိမ့်မယ်။ အဓိပတိဌာနမှာ ရပ်တည်ထားသော တနင်္လာဂြိုဟ်ရဲ့ ဂုဏ်သတ္တိ ဟာ ငါးခုကြွင်း ဖွားတွေကို ငြိမ်းချမ်းရေး စွမ်းရည် ၊ မေတ္တာစွမ်းရည် မျိုး ရရှိပိုင်ဆိုင် လာစေပါတယ်။ ဒီအချက်ကို မသိသေးသမျှ ….ငါးခုကြွင်းဖွားတွေအဖို့ မေတ္တာကို မိမိပိုင်လက်နက်လို  မသုံးနိုင်ကြသေးပါဘူး။

တစ်ကယ်တော့ ငါးခုကြွင်းဖွားတွေရဲ့ သဘာဝပေး လက်နက်ကို ပြပါဆိုရင် မေတ္တာ စွမ်းရည် ၊ ငြိမ်းချမ်းရေး စွမ်းရည် ပါပဲ ။ အမြဲဆူပူ ငြူစူနေတတ်သော ၊ မျက်နှာကြောအမြဲတင်းနေသော ၊ ဒေါသကြီးသော ၊ ပေါက်ကွဲလွယ်သော ငါးခုကြွင်းဖွားများဟာ ….တစ်ကယ်တော့ လက်နက်မဲ့ အကာကွယ်မဲ့ …ကျရှုံးနေသူများပဲ ဖြစ်ပါလိမ့်မယ်။ အမြဲပြုံးရွှင်နေတတ်သော ၊ သူတစ်ပါးတို့အပေါ် အမှန် တစ်ကယ် မေတ္တာစိတ်ထားတတ်သော ၊ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်တတ်သော ..ငါးခုကြွင်းဖွားမျိုးတွေ ကတော့ … လက်နက်အပြည့်အစုံ တပ်ဆင်ထားနိုင်သည့်  အောင်မြင်မှုရရှိနေသော သူမျိုးတွေ လို့ ဆိုနိုင်ပါတယ်။

တနင်္လာဟာ ….အရည်၊ ပျော်ရည်များ ၊ ရေ နှင့် ရေထွက်ကုန်များ ၊ သင်ယူသင်ကြားရေးကဏ္ဍများ၊ အသင်းအဖွဲ့နှင့် လုပ်ဆောင်ရသော ကဏ္ဍများ ၊ လွတ်လပ်မှု နှင့် ငြိမ်းချမ်းရေး သဘာဝများ ၊ သိုလှောင် သိုမှီးခြင်း ဆိုင်ရာ ကဏ္ဍများ ၊ ခရီးသွားလာခြင်း နှင့် ..ကူးပြောင်းခြင်း သဘာဝများ ကို လွှမ်းမိုးထားပါတယ်။ ဒီတနင်္လာ ဂြိုဟ်ကပဲ ..ငါးခုကြွင်းဖွားတွေအတွက် စွမ်းရည် အဖြစ် ဖြစ်တည်လာတာကြောင့်……..

ငါးခုကြွင်းဖွားတွေဟာ … အဏ္ဏ၀ါဗေဒ ဆိုင်ရာ စွမ်းရည် ၊ သင်ကြားရေးဆိုင်ရာ စွမ်းရည် ၊ အသင်းအဖွဲ့များ တွင် ကောင်းစွာ ၀င်ဆံ့နိုင်သော စွမ်းရည် ၊ စုဆောင်းခြင်း သိုလှောင်ခြင်း ဆိုင်ရာ စွမ်းရည် ၊ ခရီးသွားလာမှု ဆိုင်ရာ စွမ်းရည် ၊ အရည် ပျော်ရည် များ နှင့် သက်ဆိုင်သော စွမ်းရည် …စသည်ဖြင့် ..သော မူလစွမ်းရည်မျိုးတွေ ပိုင်ဆိုင်နေတတ်ကြပါတယ်။

သည်နေရာမှာ …ငါးခုကြွင်းဖွားများကို ပိုမိုမြင်လွယ်စေရန် အတွက် ..တစ်ခု တင်ပြရရင်..၊ ကျေးဇူးတော်ရှင် တောင်းတန်းသာသနာပြုဆရာတော်ဘုရားကြီး ဟာ ငါးခုကြွင်းဖွားပဲ ဖြစ်ပါတယ်။ ဆရာတော်ကြီး ပရိတ်ရွတ်တဲ့အခါ…ပရိတ်ရေများ ဆူပွက်ကျတာကို စာဖတ် ပရိသတ် အများစုအနေနဲ့ သိရှိပြီး ဖြစ်ပါလိမ့်မယ်။ ဆရာတော်ကြီးဟာ တနင်္လာအဓိပတိရဲ့ စွမ်းရည် သတ္တိကြောင့် …မေတ္တာပွားများနိုင်မှု မှာ အထူးထင်ရှားခဲ့ပြီး ၊ ကျားရိုင်းတွေ ၊တောကောင်ရိုင်းတွေတောင် ယဉ်ပါးသွားစေတဲ့အထိ မေတ္တာစွမ်းရည် ကို အသုံးပြုနိုင်ခဲ့ပါတယ်။ ထို့နည်းတူပဲ...တနင်္လာရဲ့ သဘာဝဖြစ်တဲ့ ရေများဟာ ဆရာတော်ကြီး မေတ္တာစိတ်အပြည့်နဲ့ ပရိတ်ရွတ်ဖတ်လိုက်တာနဲ့ ..ဆူပွက်ကျလာရပါတယ်။ အင်မတန်ထူးခြား ကြည်ညိုစရာကောင်းလှပါတယ်။

ဒါကြောင့် ..ငါးခုကြွင်းဖွားတွေအားလုံးကို စာရေးသူ အနေနဲ့ အကောင်းဆုံး အကြံပေးလိုတာကတော့ … မည်သည့် အခက်အခဲမျိုးကိုမဆို ..မေတ္တာတရားကို လက်ကိုင်ပြုပြီး ..ကျော်ဖြတ်ပါ။ မည်သူ့ အပေါ်ပဲ ဖြစ်ဖြစ် မေတ္တာစိတ် အမှန်တစ်ကယ်ထားပြီး ပြုံးရွှင်ကြည်သာ ဆက်ဆံပါ။ တစ်ကယ်တော့ ငါးခုကြွင်းဖွားတွေ အတွက် အပြုံးဆိုတာလည်း လက်နက်တစ်ပါးပါပဲ။

ငါးခုကြွင်းဖွားတွေဟာ ..အထက်တန်းလွှာ လူတန်းစားတွေ၊ အမြင့်မားဆုံး အောင်မြင်နေသူတွေနဲ့ ရင်းနှီးပတ်သက် ရ လွယ်ကူသော ကံလည်း ရှိပါတယ်။ တနည်းအားဖြင့် အထက်လွှာလူတန်းစားတွေနဲ့ နီးစပ်  ပတ်သက် ရတတ်သော ကံရှိပါတယ်။ ဒီကံကို အသုံးပြုတတ်ရင်လည်း ဘ၀တိုးတက်ရေးမှာ အကျိုးပြုပါလိမ့်မယ်။

ကောင်းပြီ။  ဆောင်းပါးလည်း ရှည်ခဲ့ပြီမို့….အနှစ်ချုပ်ကြပါစို့..။

တစ်ကယ်လို့သင်ဟာ ……

(၁) သင်ကိုယ်တိုင် ငါးခုကြွင်းဖွား  တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်……… 

ကြည်လင်သော စိတ်နဲ့ သန့်ရှင်းသော ကိုယ်  ဖြစ်ဖို့ ကြိုးစားပါ။ ဒါဆိုရင် သင့်မှာ စွမ်းအားအပြည့်ရှိနေပါပြီ ။ စွမ်းအင်ပြည့်ဝနေသူ သွားသမျှ နေရာတိုင်းဟာ လမ်း ဖြစ်စေပါတယ်။  

(၂) သင့်ချစ်သူက  ငါးခုကြွင်းဖွား   ဖြစ်ခဲ့မယ်ဆိုရင် ………. 

အကဲစမ်းတာတွေ၊ စူးစမ်းတာတွေ ခံနိုင်ဖို့ပြင်ထားပါ။ ဖြစ်နိုင်သမျှ ..သဘူတောပါတယ် လို့ ပြန်ဖြေတာ အကောင်းဆုံးပါပဲ။ လိုအပ်ရင် ညှိနှိုင်းတာတွေ ဆွေးနွေးတာတွေ လုပ်မယ့်ချစ်သူမျိုးမို့ ..ကိုယ့်ဘက် ကလည်း သူဘာပဲ ဆွေးနွေးညှိနှိုင်းလာလာ အဆင်ပြေချောမွေ့အောင် တင်ကြိုပြင်ဆင်ထားသင့်ပါတယ်။

(၃) သင့် အလုပ်ရှင်က ငါးခုကြွင်းဖွား  ဖြစ်ခဲ့မယ် ဆိုရင် ….

အလုပ်ရှင် စိတ်မကောက်အောင် သတိထားပါ။ အမြန်အကောင်အထည်ဖော် ပေးမှ သဘောကျမယ့် အလုပ်ရှင်မျိုး ဖြစ်တယ်ဆိုတာလည်း သိထားရပါမယ်။ ဖြစ်နိုင်သမျှ သူဘာလုပ်လုပ် ကိုယ်လည်း ၀င်လုပ်ပေးလို့ ကူပေးလို့ရရင် ကူပေးလိုက်ပါ။ အတူတစ်ကွ ဆိုတဲ့ စိတ်သဘာဝကို ပြနိုင်ရင် အလုပ်ရှင်ရဲ့ အမှတ်ပေးမှုကို သေချာပေါက်ပြန်ရပါလိမ့်မယ်။

(၄) သင့် အလုပ်သမားက ငါးခုကြွင်းဖွား   ဖြစ်ခဲ့မယ်ဆိုရင် …. 

အလုပ်စ ခန့်ခန့်ချင်းမှာ …. အဆီအငေါ်မတည့် တာတွေ ဖြစ်သလောက် အရှိန် ရသွားတာနဲ့ ..အလျှင်အမြန်အကောင်အထည် ဖော် ပေးနိုင်တဲ့ ..ငယ်သားကောင်း တစ်ယောက် ရလိုက်သလိုပါပဲ ။ ဖြစ်နိုင်သမျှ သူတို့ကို ရှာဖွေစူးစမ်းရမယ့် လုပ်ငန်းနေရာတွေမှာ ထည့်သုံးပါ။

(၅) သင့် အိမ်ထောင်ဖက် က ငါးခုကြွင်းဖွား   ဖြစ်ခဲ့မယ်ဆိုရင် ……

အမျိုးသား အတွက် .. ငါးခုကြွင်းဖွား   ဇနီးမယား  ရရှိခဲ့မယ်ဆိုရင်….

အပြိုင်အဆိုင် စိတ် ရှိတဲ့ ဇနီးသည်ကို သူများနည်းတူ တန်းတူ ထားနိုင်အောင် ကြိုးစားပါ။ ကိုယ်က အခွင့်အရေးတစ်ခု ယူရင် ….သူ့ကိုလည်း အခွင့်အရေးတစ်ခု ပေးဖို့ မမေ့ပါနဲ့။ ကြေးနန်းထိုးရန်ကော လို့လည်း အပြစ်မမြင်လိုက်ပါနဲ့ ၊ ငါးခုကြွင်းဇနီးမယား ဆိုတာ ..တစ်ခြားမိန်းကလေးတွေထက် အညီအမျှ ဖြစ်မှ ပိုကြိုက်တတ်တာကြောင့်ပါ။ ကိုယ့်ဆရာတို့ရေ ….မဟုတ်တာ တစ်ခုခုများ လုပ်ထားမိရင်တော့ သေချာပိပိရိရိ ဖုံးဗျားးးးး ။  အစုံအစမ်း အမေးအမြန်း တော်တဲ့ ဇနီးမျိုး ယူထားမိတယ် ဆိုတာကို သတိရပါ။

အမျိုးသမီး အတွက်  ငါးခုကြွင်းဖွား  ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် …

တစ်ခါတစ်လေ အတ္တကြီးပြီး ထင်ရာလုပ်တတ်တဲ့ လင်ယောကျာ်းကို စိတ်မကုန်လိုက်ပါနဲ့။ ဟိုဆွ သည်ဆွ …သူဆွသမျှကိုလည်း သီးခံနိုင်အောင်ကြိုးစားပါ။  ကိုယ့်စိတ်ကို မကြာခဏ အကဲစမ်းမှာကိုလည်း သဘောပေါက်ထားသင့်ပါတယ်။ သိပ်ပြီး ရိုးရိုးတုံးတုံး မနေပါနဲ့။ ခေတ်နဲ့အညီ ၀တ်စားဆင်ယင်ပြီး လင်တော်မောင်ကို အငြီးပြေအောင် ထားတတ်ပါမှ ဗျာတို့..။ တစ်ခါလာလည်း ဒါ…တစ်ခါလာလည်း ဒါ….ဆိုတာမျိုးတွေကို စိတ်ကုန်တတ်တဲ့ လင်ယောကျာ်းကို ယူထားမိပြီမို့….တစ်ခါလာလည်း ..ဒါ မဖြစ်ရအောင် …၊ တစ်ခါတစ်လေ ဆန်းဆန်းလေးတွေ ဖန်တီးပေးပါ။ ဥပမာ ..ခေါင်းအုံးစွပ်က အစပေါ့ …တစ်ပတ်တစ်ခါ အရောင်ပြောင်း ပေးတာတို့ ၊ ခန်းဆီးလိုက်ကာ ပြောင်းပေးတာတို့..၊ စသည်ဖြင့် ပေါ့။

(၆)  သင့်ရင်သွေး တစ်ဦးဦးက .. ငါးခုကြွင်းဖွား  တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်တော့…

ဘ၀မှာ ကျောင်းကောင်းတာတွေ၊ သင်တန်းကောင်းတာတွေ၊ ဒိပ်ဒိပ်ကျဲ ..ကျောင်းတွေ တက်ခွင့်ရနိုင်တဲ့ ရင်သွေးငယ်မျိုး မွေးထားမိတယ်ဆိုတာ သဘောပေါက်ပါ။ ကလေးငယ်ဟာ ..စစချင်းတွေ မှာ ခက်ခဲရတတ်သော ကံ ကြောင့် ၊ ကျောင်းစထားကါစ ၊ သို့မဟုတ် … အလုပ်တစ်ခုခုကို စလုပ် ခိုင်းကာစမှာ ..အခက်အခဲတွေ့ရပါလိမ့်မယ်။ မိဘတွေအနေနဲ့ ကလေးကို ကူညီဖြေရှင်းပေးနိုင်အောင် ကြိုးစားပါ။ အခြေခံတွေမှာ ညံ့တတ်တဲ့ ကလေးတွေမို့ ..အဖြစ်နိုင်ဆုံး အခြေခံတွေကို ဖြေးဖြေးမှန်မှန် နဲ့ ကလေးနားလည်အောင် ၀ိုင်းဝန်း ကူညီသင်ကြားပေးတတ်ပါစေ။ နေကြတ်တာမျိုးတွေ များ ကြုံရင် ..ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်ဗျာ..ကလေးကို ထွက်မကြည့်ပါစေနဲ့။ ကဲ……………ဒီလောက်ဆို ….စာဖတ်သူများအားလုံး အဆင်ပြေလောက်ပါပြီ။

ပရိသတ်အားလုံး ချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
01 618 469

Post a Comment
 

Posts Comments

©2006-2010 ·TNB