ခြောက်ကြွင်းဖွားတို့ အကြောင်း

Monday, August 26, 2013


မိမိရဲ့ မြန်မာမွေးခုနှစ် သက္ကရာဇ်ကိုတည် …ခုနှစ်ဖြင့်စား ..။ ကြွင်းတဲ့အကြွင်းက ... ၆ … ဖြစ်ခဲ့မယ် ဆိုရင် …သင့်ကို ခြောက်ခုကြွင်းဖွားလို့ ဆိုနိုင်ပါတယ်။ ခြောက်ခုကြွင်းဖွား တို့အကြောင်း လေ့လာကြည့်ကြပါစို့……။



ခြောက်ခုကြွင်းဖွား  မဟာဘုတ်ဇာတာ

   အဓိပတိ
       

   အထွန်း
     
    သိုက်
       
      ရာဇ
      
    မရဏ
     
      ဘင်္ဂ
      
      ပုတိ
      

ခြောက်ခုကြွင်း မဟာဘုတ် ဇာတာဖွား တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်ဖြင့် ………………

( မိမိ မူလ မြန်မာမွေးခုနှစ်ကို ခုနှစ်ဖြင့်စား  အကြွင်း ခြောက် ဖြစ်သော ဇာတာရှင်များအားလုံး အတွက်   ……)

မူလသဘာဝ …

လောက မှာ တွက်ချက်မှု စွမ်းရည် အမြင့်မားဆုံး … စူးစမ်းရှာဖွေနိုင်သော အရည်အသွေး အမြင့်မားဆုံး အကြွင်းဖွား ကို ပြပါ ဆိုရင် ခြောက်ကြွင်းဖွားတွေကို ပဲ ဖော်ပြရမှာ အမှန်ပါပဲ။ ပုစ္ဆာ တစ်ပုဒ် ကို မှန်ကန်စွာ အဖြေထုတ်နိုင်ဖို့ အတွက် … အလုံအလောက် ဖြစ်သော အရည်အသွေးမျိုး  သူတို့မှာ အပြည့်အ၀ ပိုင်ဆိုင်ထားကြပါတယ်။

ဒါကြောင့်လည်း ခြောက်ကြွင်းဖွား အားလုံးဟာ သချာင်္စွမ်းရည် မှာ တစ်ခြားအကြွင်းဖွားတွေ ထက် ပိုမို အားကောင်းကြပြီး ၊ ပညာ မြင့်မြင့်မားမား မတတ်သော အောက်ခြေလူတန်းစား ခြောက်ကြွင်းဖွားတွေ မှာတောင်  အတွက်မြန်ဆန်သော စွမ်းရည်မျိုး ပိုင်ဆိုင်နေတတ်ကြပါတယ်။ နာမည် မွေးနံ စတာတွေအရ အားသာချက် ရှိတဲ့ ခြောက်ကြွင်းဖွားတွေ မှာတော့  သချာင်္ ပညာ မှာ အလွန်ထူးချွန်သော ပုဂ္ဂိုလ်များ အဖြစ်  ရပ်တည်နိုင်လာ တာကို တွေ့ရပါတယ်။

ထို့နည်းတူစွာပဲ …အဓိပတိဌာနမှာ ရပ်တည်နေသော ..အင်္ဂါဂြိုဟ်ရဲ့ ဂုဏ်သတ္တိကြောင့် ..ခြောက်ခုကြွင်းဖွားတွေထဲက အချို့တွေဟာ ….၊ သုတေသန သမားများ ၊ သင်္ချာပညာရှင်များ ၊ ဗိသုကာ ပညာရှင်များ၊ အင်ဂျင်နီယာများ ၊ စက်မှု ပညာရပ် တွင် ထူးချွန်ထက်မြက်သူများ ၊ လက်နက်ကိုင် အဖွဲ့အစည်းများတွင် စွမ်းစွမ်းတစ်မံ ထမ်းဆောင်နိုင်သူများ ၊ မီးကို အသုံးပြုရသော လုပ်ငန်းနယ်ပယ်များတွင် ကျွမ်းကျင်စွာ လုပ်ကိုင်နိုင်သူများ၊ ထက်မြက်သော ရှေ့နေများ အဖြစ် ရပ်တည်နိုင်စွမ်း ရရှိလာကြပါတယ်။

အင်္ဂါဂြိုဟ်နည်းတူ …မဟာဘုတ် ကသစ်မူနေသော ကြာသာပတေးဂြိုဟ်ဟာ လည်း …ခြောက်ခုကြွင်းဖွား တွေ အပေါ် ငွေကြေးဓန အရ ဖြစ်စေ ၊ ပညာအရ ဖြစ်စေ ….ဖူလုံ ပြည့်ဝစေဖို့ ကောင်းကျိုး ပေးစွမ်းနိုင်သော ဂြိုဟ် အဖြစ်ရပ်တည်နေတာကို တွေ့ရပါတယ်။ အဓိက အားဖြင့် နာမည် မှာ  နာမည်အဖျားစာလုံးကို ... ကြာသာပတေးနံ (ပ၊ဖ၊ဗ၊ဘ၊မ) ဖြင့် မှည့်ခေါ် ထားမိသော ခြောက်ခုကြွင်းဖွားတွေဟာ …ပညာအရ ဖြစ်စေ၊ ဓနအရ ဖြစ်စေ ..၊ နှစ်ပါးစလုံး ဖြစ်စေ …ပြည့်စုံကြွယ်ဝခြင်း အကျိုးကို ခံစားကြရပါတယ်။ ခြောက်ခုကြွင်းဖွား တွေရဲ့  မူလမဟာဘုတ် ဇာတာခွင်မှာ …. ဗုဒ္ဓဟူးဂြိုဟ် ..ရာဇမှာ ရပ်တည်နေခြင်းဟာ ….အခြားအကြွင်းဖွား အားလုံးထက် အားသာတဲ့ အားသာချက်တစ်ခုပဲ ဖြစ်ပါတယ်။ ရာဇမှာ ရပ်တည်နေတဲ့ ဗုဒ္ဓဟူးဂြိုဟ်ဟာ ….ခြောက်ခု ကြွင်းဖွားတွေကို မြင့်မားသော …အတွေးအခေါ် စွမ်းရည်ကို ဖြစ်တည်စေပါတယ်။ ထို ဗုဒ္ဓဟူးဂြိုဟ် နဲ့ ဆက်နွယ်မှု အားကောင်းလေလေ …အတွေးအခေါ်ပိုင်းဆိုင်ရာ အင်အားကို ရရှိနိုင်လေလေပါပဲ။

ခြောက်ခုကြွင်းဖွားတွေ ရဲ့ မူလဇာတာခွင်မှာ  …မေတ္တာကာရကဂြိုဟ် တနင်္လာကတော့ အနေအထား အလွန်အားနဲလှပါတယ်။ ရွံ့ထဲမှာ ပေါက်ရတဲ့ ကြာပွင့်နဲ့ နှိုင်းယှဉ်တင်စားရမယ့် အနေအထားဖြစ်ပြီး ….ယင်းအနေအထားအားဖြင့် ခြောက်ခုကြွင်းဖွားများဟာ ..ဘ၀မှာ

မေတ္တာရေးရာတွင် ကံခေတတ်ခြင်း …

အပေးသက်သက် စွန့်လွှတ်အနစ်နာခံရသော ဘ၀မျိုး ရောက်ရှိသွားတတ်ခြင်း …
ဆွေမျိုးညာတိများနှင့် စိတ်ပိုင်းအရသော်လည်းကောင်း ၊ ရုပ်ပိုင်းအရသော်လည်းကောင်း ခွဲခွာကင်းကွာ ရတတ်ခြင်း….
သူစိမ်းသူရံစာများနှင့်မူ ရင်းနှီးချစ်ကြည်ရန် လွယ်ကူခြင်း….
သွေးသားရင်းများနှင့် စိမ်းသက်ဝေးကွာ ရပြီး …၊ သူစိမ်းများနှင့် ရင်းနှီးနွေးထွေးစွာ နေထိုင်ရတတ်ခြင်း …..
ဝေးလံသော အရပ်ဒေသများတွင် သင်ယူသင်ကြားရတတ်ခြင်း ….
မွေးစားမိခင် ၊ မိခင်အရင်းမဟုတ်သော …အမျိုးသမီးအကြီးအကဲ အချို့ ..ဘ၀တွင် ကြုံကြိုက်ရတတ်ခြင်း …….
စသည်ဖြင့် သော ကံအကျိုးပေးတို့ကို  ကြုံကြိုက်ကြရတတ်သူများ ဖြစ်လာကြပါတယ်။
                                    
ဘ၀ဖြတ်သန်းပုံ နှင့် ကံဇာတာအနေအထား ….

ခြောက်ခုကြွင်းဖွားတွေအတွက် …တနင်္ဂနွေဂြိုဟ်အိပ်ချိန်ကာလများဟာ ….အများအားဖြင့် ကံကောင်းထောက်မလေ့ ရှိတတ်ကြပြီး ..၊ တနင်္လာဂြိုဟ်အိပ်ကာလများ ကတော့….မတည်မြဲမှု ..မတည်ငြိမ်မှု များစွာ ကို ကြုံကြိုက်ရတတ်ချိန် များပဲ ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်အိပ်ကာလများ မှာ ….စိတ်နှလုံး ထိခိုက်ဖွယ်အနေအထားများ ကြုံကြိုက်ရတတ်သလို … ၊ ယင်းအင်္ဂါဂြိုဟ်အိပ်ကာလများမှာ အင်အားအကြီးမားဆုံး …ဖြစ်လာတတ်တာကတော့ ..သံသယ စိတ်ပါပဲ။ ခြောက်ခုကြွင်းဖွားတိုင်းဟာ အင်္ဂါဂြိုဟ်အိပ် ဖြတ်သန်းချိန်မှာ …အတွင်းကျိတ် နာကျင်ဆင်းရဲရမှုများ ၊ သံသယ နှင့် ဒွိဟဖြစ်ဖွယ်ရာ အခြေအနေများ ၊ စိတ္တဇ ဆန်ဆန် ..ခံစားရခြင်းများ …ကို ရင်ဆိုင်ကြရလေ့ ရှိပါတယ်။

အထူးခြားဆုံးကတော့ စနေဂြိုဟ်အိပ်ကာလပါပဲ။ စနေဂြိုဟ်အိပ်ကာလ မှာ …ခြောက်ခုကြွင်းဖွားတွေ အတွက် ဘ၀ဒဿန ၊ အတွေးအမြင် ၊ အမှားမှ အမှန်ကို သိမြင်လာမှု ၊ ပြန်လည်ပြုပြင်နိုင်စွမ်း …စသည်ဖြင့်တို့ကို ထင်ထင်ရှားရှား ရရှိလာတတ်ချိန်ပါပဲ။ ရှေးက ကိုယ်ဘာတွေ မှားနေလဲ ..၊ ဘာတွေကိုပြုပြင်ဖို့ လိုသလဲ ဆိုတာကို ပြတ်သားစွာ မြင်တွေ့လာရ တတ်သော ကာလများ လည်း ဖြစ်ပါတယ်။ အခြားထူးခြားချက်တစ်ခုကတော့ …ခြောက်ခုကြွင်းဖွားတိုင်းဟာ စနေဂြိုဟ်အိပ်ကာလ ကြုံကြိုက်ချိန်မှာ အရေးပါသော ..၊ ကံကောင်းထောက်မစေတတ်သော အဆက်အသွယ်ကောင်း အချို့ ပေါ်ပေါက်ကြုံတွေ့ ရတတ်တာပါပဲ။

ကြာသာပတေးဂြိုဟ်အိပ်ကာလမှာတော့ ……ခြောက်ခုကြွင်းဖွားတွေရဲ့ …စိတ်ခံစားမှုဟာ အမြင့်ဆုံးအနေ အထားကို ရောက်ရှိလာပါတယ်။ အလွန်အမင်းစိတ်လှုပ်ရှားဖွယ် ၊ စိတ်ထိခိုက်ဖွယ် အနေအထားအချို့ကိုလည်း ..အဆိုပါ ဂြိုဟ်အိပ်ကာလအတွင်းမှာ ကြုံကြိုက် ကြရလေ့ရှိပါတယ်။ …လူငယ် နဲ့ လူလတ်ပိုင်းအရွယ် …တွေမှာ ကြာသာပတေးဂြိုဟ်အိပ်ကို ဖြတ်သန်းခွင့်ကြုံကြိုက်ခဲ့မယ်ဆိုရင် …. ဝေးမြေရပ်ခြားမှာ ပညာရပ်တစ်ခုခုကို သွားရောက်သင်ကြားခွင့် သင်ယူခွင့်  ရရှိတတ်ကြပြီး ..၊ လူကြီးပိုင်းကာလမှာ ဖြတ်သန်းခွင့် ကြုံကြိုက်ခဲ့မယ်ဆိုရင်တော့….ဘာသာရေးအဖွဲ့အစည်းများ ၊ ဗော်လန်တီယာလုပ်ငန်းများ ၊ အများအကျိုးဆောင် အသင်းအဖွဲ့များမှာ ပါဝင်ဆောင်ရွက်ခွင့် ရဖို့ ….ဧကန်မုချ အင်အား သက်ရောက်လာပါတယ်။ ထူးခြားချက်တစ်ခုကတော့ ကြာသာပတေးဂြိုဟ်အိပ် ကာလအတွင်းမှာ …. သမရိုးကျမဟုတ်သော ..၊ မေတ္တာနှောင်ဖွဲ့ရမှု တစ်စုံတစ်ရာ ပေါ်ပေါက် လာနိုင်ခြင်းပဲ ဖြစ်ပါတယ်။

သောကြာဂြိုဟ်အိပ်ကာလ   ဖြတ်သန်းချိန် ……။  ဒီအချိန်ကာလဟာ ခြောက်ခုကြွင်းဖွား အားလုံးအတွက် မူလစွမ်းရည် အတောက်ပဆုံး ၊ အပေါ်လွင်ဆုံး ကာလ ဖြစ်ပါတယ်။ သူတို့ရဲ့ မူလစွမ်းရည်ဟာ …အမြင့်ဆုံးအနေအထားကို ရောက်ရှိလာပြီး….မြောက်များလှစွာသော အားပြိုင်မှုတွေ၊ ရန်သူတွေလည်း ပေါ်ပေါက်လာတတ်ချိန် လို့ ဆိုနိုင်ပါတယ်။ ခြောက်ခုကြွင်းဖွား  သောကြာသားသမီးတစ်ဦးအတွက်ကတော့ ….ဒီအချိန်ဟာ …မွေးကင်းစမှ…အသက် ၂၁နှစ်ကြားကာလကို လွှမ်းမိုးပါလိမ့်မယ်။

 … ဆိုတော့.. ခြောက်ခုကြွင်းဖွား သောကြာသားသမီးတစ်ဦးအတွက် ….မွေးစကနေ ..အသက် ၂၁ နှစ်ထိဟာ သူရဲ့ စွမ်းရည်အမြင့်မားဆုံး အတောက်ပဆုံးကာလပါပဲ။ သချာင်္ဥာဏ်စွမ်းရည် မြင့်မားချိန်ဖြစ်ပြီး ….ဒေါင်းတောက်အောင် ဆော့ကစား ၊ မြင်မြင်သမျှ လက်တဲ့စမ်း ၊ တွေ့ကရာစပ်စု ..၊ စတန့်မျိုးစုံထွင် ၊ စသည်ဖြင့် တစ်စက်ကလေးမှ … အနားမရအောင် မီးမွှေးတတ်တဲ့ ကလေးမျိုးအဖြစ် သူရဲ့ လူငယ်ဘ၀ကို ဖြတ်သန်းပါလိမ့်မယ်။

 … အားလုံးသော ခြောက်ခုကြွင်းဖွားများအတွက် သောကြာဂြိုဟ်အိပ်ချိန်မှာ ….သတိပြုမိဖို့ကတော့… .မိမိလက်ထဲမှာ ….စွမ်းအင်တန်ခိုးတစ်စုံတစ်ရာ ပိုင်ဆိုင်ရောက်ရှိနေပြီ ဆိုတာပါပဲ။ ဒီစွမ်းအင် ကို ထိထိမိမိ ဘယ်လိုအသုံးချမလဲ ဆိုတာပဲ …အဓိကအားဖြင့် ဆုံးဖြတ်ရပါလိမ့်မယ်။ အကြမ်းသဘော အနှစ်ချုပ် အကြံပြုပေးရရင်တော့ ….အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်မယ့် အနေအထားများနဲ့ ….စည်းလုံးညီညွတ်စွာ အတူတစ်ကွ …ဆောင်ရွက်နိုင်မယ့် ..အကျိုးပွားစည်းစေမယ့် ကဏ္ဍတွေကို ဖန်တီးနိုင်ဖို့ လိုပါတယ်။

ချစ်မှုရေးရာ နှင့် ….အိမ်ထောင်ရေးကဏ္ဍ

အကြွင်းဖွား အားလုံးထဲမှာ …ခြောက်ခုကြွင်းဖွားတွေရဲ့ …မေတ္တာရေးဟာ အထူးဆန်းဆုံးပါပဲ ။  အရွယ်လွန်မှ ….ချစ်သူရတာမျိုးဖြစ်စေ ၊ အိမ်ထောင်ပြုရတာမျိုးဖြစ်စေ …….
တရားမ၀င်အချစ်ဇာတ်လမ်းလေးတွေ ကြုံရတာမျိုးဖြစ်စေ…..
အနောက်ဖက် ကမ္ဘာတစ်ခြမ်းက ကောင်မလေး နဲ့ အရှေ့ဘက် ကမ္ဘာတစ်ခြမ်းက ကောင်ကလေး …တစ်ယောက် …မထင်မှတ်ပဲ ဆုံတွေ့ချစ်ကြိုက်မိသွားတာမျိုးဖြစ်စေ…….
လိင်တူချင်း မေတ္တာနှောင်ဖွဲ့မိတာ ….
အသက်အရွယ်အရမ်းကွာဟ သူနဲ့ ချစ်ကျွမ်းဝင်မိတာ….
တစ်ခုလပ် မုဆိုးဖို …စတာမျိုးနဲ့ လူပျိုအပျိုနုနုထွတ်ထွတ်တို့ …ခိုးရာလိုက်ပြေးကြတာ ….
 
စသည်ဖြင့် တော်တော်များများသော ..ထူးထူးဆန်းဆန်း အနေအထားတွေဟာ ခြောက်ခုကြွင်းဖွားတွေမှာ ကြုံကြိုက်ရလေ့ရှိတတ်ကြပါတယ်။ ဘာမှမထူးခြားတဲ့ …ပုံမှန် မေတ္တာရေး ၊ အိမ်ထောင်ရေး အခြေအနေမျိုး ကို ပိုင်ဆိုင်ထားကြတဲ့ ခြောက်ခုကြွင်းဖွားတွေမှာတောင်…… ချစ်ခြင်းမေတ္တာ နဲ့ ပတ်သက်လာရင် စိတ္တဇ ဆန်ဆန် အခြေအနေလေးတွေ ၊  အိပ်မက်ထဲမှာ ကိုယ်နဲ့အရမ်းချစ်ခင်စုံမက်ရသူတစ်ဦးနဲ့ မကြာခဏ ဆုံမိနေတာမျိုး ဖြစ်စေ ….စသည်ဖြင့် …ထူးဆန်းတဲ့အနေအထား တစ်ချို့ကို …ပေါ်ပေါက်ကြုံတွေ့ရလေ့ရှိပါတယ်။

အကြီးအငယ် ပြဿနာတွေ ၊ တိတ်တိတ်ပုန်း အခြေအနေတွေ ၊ စတာတွေဟာလည်း ….နာမည်အင်အား ၊ မူလဇာတာအနေအထား အားနဲတဲ့ ခြောက်ခုကြွင်းဖွား အချို့မှာ ရှောင်မရ လွှဲမရ ကြုံကြိုက်ကြရတတ်တာကို တွေ့ရှိရပါတယ်။

အခြားသော မေတ္တာကံ အနေအထားတစ်ရပ်ကတော့…ခြောက်ခုကြွင်းဖွား တွေမှာ …အမှန်တစ်ကယ် ရင်းနှီးနွေးထွေးနီးကပ်စွာ နေရမယ့် ..သွေးသားတွေ၊  မိသားစုတွေ၊ မျိုးနွယ်စု တွေနဲ့ ….စိတ်ပိုင်း သို့မဟုတ် ရုပ်ပိုင်းအရ ဝေးကွာ ၊ ခွဲခွာ နေရတတ်ပြီး သူစိမ်းဆန်ဆန် ဖြစ်နေရတတ်သလို…၊  ..ကိုယ်နဲ့ ဘာမှ သွေးမတော် သားမစပ်တဲ့…အချို့သော ..သူစိမ်းသူရံစာ လူတွေနဲ့တော့….သွေးသားရင်းခြာလို ရင်းနှီးပတ်သက်ခွင့် ရရှိနေတတ်ကြခြင်းပဲ ဖြစ်ပါတယ်။

ကပြောင်းကပြန်ဖြစ်နေတဲ့ အဆိုပါ မေတ္တာကံ ဟာ ခြောက်ခုကြွင်းဖွားတွေရဲ့ မူလကံပါပဲ။

ကျန်းမာရေး နှင့် အသက်ဇီဝ ..

ခြောက်ခုကြွင်းဖွားတွေရဲ့ ….မူလကံဇာတာအရ ….ရာဟုဂြိုဟ်ဟာ …အသက်ဇီဝကို အဓိက အားနဲစေမှု ပြုမယ့် ဂြိုဟ်ပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် …တံဆိပ် ၊အိပ် ၊ မှတ်ပုံတင်မထားသော အစားအစာများ ၊ လက်တည်ချဉ်များ ၊ မသန့်ရှင်းသော အစားအစာများ စားသုံးမိခြင်းဟာ ကျန်းမာရေးကို ထိခိုက်ကျဆင်းစေပါလိမ့်မယ်။ 

ထို့အတူ … ရွံ့ရောင် ..ရေညှိစိမ်းရောင်များ များပြားသော ..နေရာဒေသ ၊ ဆယ့်နှစ်ပွဲဈေးသည်များ နေထိုင်ရာ ၊ အိမ်ခြေရာခြေမဲ့များ နေထိုင်ရာ ဒေသများ နဲ့ နီးကပ်စွာ နေထိုင်ခြင်း တို့ဟာလည်း ခြောက်ခုကြွင်းဖွားတွေကို သက်တမ်းဆုတ်ယုတ်စေနိုင်တယ်လို့ ယူဆရပါတယ်။

အခြားအားဖြင့်ကတော့ …သွေးနဲ့ သွေးကြောင့် ဖြစ်ပွားရတတ်သောရောဂါ ဝေဒနာများ ၊ သည်းခြေကျောက်တည်ခြင်း ၊ ရင်ကျပ်ချောင်းဆိုးဝေဒနာများ ၊ ကျောက်ကပ်ဝေဒနာများ ကျရောက်ရန် လွယ်ကူသော အကြွင်းဖွားမျိုးလို့လည်း ဆိုနိုင်ပါလိမ့်မယ်။


အခြားသော အချင်းအရာများ …….. 

ခြောက်ခုကြွင်းဖွား တွေရဲ့ မူလမဟာဘုတ်ဇာတာ မှာ အထူးခြားဆုံးအချက်ကတော့ ….စနေနဲ့ တနင်္လာ တို့ …ပရိဝတ္တန သမ္ဗန္ဓ ပြုထားခြင်း (၀ါ) အိမ်ချင်းဖလှယ်ရပ်တည်မှု ပြုနေခြင်း ပါပဲ။ စနေဂြိုဟ် ပိုင်ဆိုင်သော မရဏဌာနမှာ တနင်္လာဂြိုဟ်ဟာ ရပ်တည်ထားပြီး ၊ တနင်္လာဂြိုဟ်ပိုင်ဆိုင်သော …ပုတိဌာန မှာတော့ ….စနေဂြိုဟ် ရပ်တည်ထားခြင်းအားဖြင့် …အဆိုပါ ဆက်နွယ်မှု ဖြစ်တည် လာပြီး…….ထူးဆန်းသော ဂြဟကာရက ရောယှက်ပေါင်းစပ်မှု ကို ဖြစ်ပွားလာစေ ပါတယ်။

စိတ္တဇဆန်လွန်းသော အဆိုပါပေါင်းစပ်မှု ရဲ့ အကျိုးဆက်ကလည်း ……ထူးဆန်းတာအမှန်ပါ။

ဖြူစင်နုညံ့ခြင်း ..၊ သိမ်မွေ့ညင်သာခြင်း၊ နုနယ်ပျိုမြစ်ခြင်း၊ ပေါ့ပါးလွတ်လပ်ခြင်း  ..စသည်ဖြင့်တို့ကို ကာရကပြုသော တနင်္လာဂြိုဟ် နဲ့ ….ခက်ထန်မာကျောခြင်း ၊ တင်းမာချုပ်နှောင်ခြင်း ၊ အိုမင်းဟောင်းနွမ်းခြင်း ၊ လေးနက် ပြင်းထန်ခြင်း …စသည်ဖြင့်တို့ကို ကာရကပြုထားသော စနေဂြိုဟ်တို့ ရဲ့ …အပြန်အလှန် ဆက်နွယ်နေမှု ဟာ….ထူးဆန်းသော ဖြစ်စဉ်ဖြစ်ရပ်တွေကို ဖြစ်ပွားစေဖို့ တွန်းအားတစ်ရပ်ပဲ ဖြစ်လာစေပါတယ်။

ဒီသမ္ဗန္ဓ အတွင်း မှာ ပါဝင်နေတဲ့ ဂြိုဟ်တွေဖြစ်တဲ့ တနင်္လာ နဲ့ စနေဟာ ….မေတ္တာရေးကို အထူးကာရက ပြုလာစေမယ့် …. ခြောက်ခုကြွင်းဖွား …တနင်္လာနေ့ဖွားများ နဲ့ ခြောက်ခုကြွင်းဖွား ဗုဒ္ဓဟူး / ရာဟု သားသမီးများ အတွက် …တော့ ….၊ ထူးဆန်းသော မေတ္တာရေး အနေအထားများကို ပိုမိုဖြစ်တည်စေဖို့ …တွန်းအားအပြည့်အ၀ ပေးပါတော့တယ်။

ဒါကြောင့်လည်း ခြောက်ခုကြွင်းဖွား ….ဖြစ်သော

တနင်္လာမရဏဖွား များနဲ့ … ဗုဒ္ဓဟူး/ရာဟု ရာဇဖွား များဟာ …..ပုံမှန်မဟုတ်သော မေတ္တာရေး အနေအထားတွေ ကြုံတွေ့ရဖို့ အခြေအနေဖြစ်တည်လာပါတယ်။ သူတို့တွေဟာ …ဘ၀မှာ အများပတ်ဝန်းကျင် အသိုက်အ၀န်းက လက်ခံနိုင်ဖို့ ခက်ခဲသော မေတ္တာရေး အခြေအနေမျိုး တွေနဲ့ ပိုမိုရင်ဆိုင်ရလေ့ ရှိတတ်ကြသော သူများပဲ ဖြစ်ပါတယ်။ 

တနည်းအားဖြင့် အဆိုပါ သမ္ဗန္ဓဟာ  ခြောက်ကြွင်း တနင်္လာ နဲ့ ဗုဒ္ဓဟူး/ရာဟု တို့အတွက်တော့ …မေတ္တာရေးရာမှာ ပုံမှန်မဟုတ်သော အခြေအနေတွေ ကြုံတွေ့ရစေဖို့ ပိုမိုလှုပ်နှိုးပေးနိုင်တဲ့ သမ္ဗန္ဓပါပဲ။

ကြာသာပတေးနေ့တွင်မွေးဖွားသော ခြောက်ခုကြွင်းဖွား ကြာသာပတေး အထွန်းဖွားတွေအတွက် အဆိုပါ သမ္ဗန္ဓဟာ …၊ အိပ်မက်မှ ကြိုတင်သိမြင်ရခြင်း၊ နာမ်လောကများ နှင့် ဆိုင်သော ထူးဆန်းသော အတွေ့အကြုံများ ရင်ဆိုင်ရတတ်ခြင်းနဲ့ …ဝေးလံခေါင်သီသော အရပ်ဒေများမှာ ပညာသင်ကြားရခြင်း ၊ ဘ၀နှောင်းပိုင်းတွင် ..ဘာသာရေး အသင်းအဖွဲ့များ ၊ ပရိဟိတ အဖွဲ့အစည်းများ တွင် အကြီးအမှုးဖြစ်ရခြင်း ကံအခြေအနေမျိုးကို ဖြစ်တည်လာစေပါတယ်။ ဆိုးကျိုးအနေနဲ့ ကတော့….အဆိုပါသမ္ဗန္ဓဟာ .. ကြာသာပတေး အထွန်းဖွားတွေအတွက် မျိုသိပ်ထားရသော … ၊ ကျိတ်ပြီးနောင်တရ နေရသော …အဖြစ်အပျက်မျိုး တို့ကို ကြုံကြိုက်ခံစားရတတ်ခြင်း နဲ့… ၊ တစ်စုံတစ်ရာကို ဆောင်ရွက်လုပ်ကိုင်ပြီးနောက်….ပြန်လည်တွေးတော သံသယစိတ်များ ဖိစီးလာတတ်ခြင်း၊ မပြတ်မသား ချီတုံချတုံ နောင်တများ …ရသကဲ့သို့ ခံစားရတတ်ခြင်း ပဲ ဖြစ်ပါတယ်။

အတိတ်က ပြုခဲ့ဖူးသော အကုသိုလ်ကံဟာ ကြာသာပတေးအထွန်းဖွားများကို အဆိုပါ ကဲ့သို့သော…စနိုးစနောင့် နောင်တမကင်း..သက်ပြင်းကျိတ်ချနေရမယ့် ဖြစ်ရပ်မျိုးတွေနဲ့ ..တည့်တည့်တိုးမိစေတတ်ပါတယ်။

ခြောက်ခုကြွင်းဖွား အင်္ဂါ အဓိပတိဖွားတွေအတွက် တော့ အဆိုပါ သမ္ဗန္ဓဟာ ….တနုံ့နုံ့ ယူကြုံးမရ ဖြစ်နေစေတဲ့ အတိတ်ကာလမှ စိတ်ဒဏ်ရာများကို သန္ဓေတည်စေသော သမ္ဗန္ဓ ဖြစ်ပါတယ်။

ခြောက်ခုကြွင်းဖွား …တနင်္ဂနွေ သိုက်ဖွားတွေ အတွက်တော့ …သည်သမ္ဗန္ဓဟာ …ဘ၀မှာ ..ရပ်ဝေးမြေခြားမှာ အကျိုးစီးပွားရှာဖွေရခြင်း နဲ့ ….မိမိအသိုက်အ၀န်း မိမိနယ်မြေဒေသတွင်းမှာ …ပြန်လည် ရင်းနှီးမြုပ်နှံရခြင်း ကို ဖော်ပြပါတယ်။

ခြောက်ခုကြွင်းဖွား သောကြာ ဘင်္ဂဖွားတွေအတွက် ကတော့ သည်သမ္ဗန္ဓဟာ ….တရားမ၀င် စီးပွားရေး လုပ်ငန်းများ ၊ လျှို့ဝှက်သော အဖွဲ့အစည်းများ နဲ့ ပတ်သက်ဆက်နွယ်ရတတ်ခြင်း ကံကို ဖြစ်တည်လာစေ ပါတယ်။

ခြောက်ခုကြွင်းဖွားတိုင်းဟာ ဘ၀မှာ နောင်တရစရာ အဖြစ်အပျက်မျိုး ကြီးကြီးမားမား မုချကြုံကြိုက်ဖူး တတ်ကြပါတယ်။ အမှားသိမြင် အမှန်ပြင် ဖို့အတွက် ပြန်လည်ပေးဆပ်ရခြင်း၊ ၀ဋ်ကြွေးပေးဆပ်ရသကဲ့သို့ ..အခြေအနေများ ကြုံကြိုက်ရခြင်း၊ လျော်ကြေးပေးရခြင်း၊ သူတစ်ပါးအတွက် စိုက်လျော်ပေးရခြင်း၊ အလဟဿ အချည်းနှီးဆုံးရှုံးရခြင်းများ ကြုံကြိုက်ကြရလေ့ ရှိတတ်ကြပါတယ်။

ထို့နည်းတူစွာပဲ ဘ၀မှာ စိတ်ပိုင်းအရဖြစ်စေ ၊ ရုပ်ပိုင်းအရဖြစ်စေ …၊ စိတ်ရောရုပ်ပါ ဖြစ်စေ…. လွတ်လပ်မှု ကင်းမဲ့သွားသော အခြေအနေမျိုးတွေ ကြုံကြိုက်လေ့ရှိတတ်ကြသူတွေပါ။ … အထူးသတိပေးလို တာကတော့………………..ကိုယ်ကအတိတ်အတိတ် တွေက …အဘယ်သို့သော …ချုပ်နှောင်ကန့်သတ် မိသော အကုသိုလ်မျိုးတွေ ကျူးလွန်ခဲ့ဖူးသလဲ ဆိုတာကို ပြန်လည်ဆင်ခြင်ပါ။ ထိုကံသည်..ယခုမျက်မှောက်၌ ..အခါအခွင့် သင့်တိုင်း မိမိတို့ကို ပြန်လည် နှိပ်စက်ရန် အလို့ငှာ ..အဆင်သင့်ရှိနေသည် ဆိုတာကိုလည်း သတိပြုပါ။

ဒီအတိတ်ကံတို့ကို တွန်းလှန်နိုင်ရန် အလို့ငှာ …..မျက်မှောက်တူရှုမှာ ပြုသည့်ကံတို့ကိုလည်း စင်ကြယ်အောင် တတ်အားသမျှ ပြုမိဖို့လိုပါတယ်။  လမ်းသွားရင်း တံတားလေး ပျက်နေတယ်…၊ ပြင်နိုင်စွမ်းရင် စွမ်းသလောက်ပြင်ပေးလိုက်ပါ။ သံတစ်ချောင်း အမှုမဲ့ လမ်းပေါ်မှာ ကျနေတယ်။ မရှက်ပါနဲ့ ။ကောက်လိုက်ပါ။ ပြီးရင် အများသူငါ ဘေးကင်းစေမဲ့နေရာမျိုးမှာ စွန့်ပေးလိုက်ပါ။ သတ္တ၀ါတို့ကိုလည်း ရှင်သန်ရာ ရှင်သန်စေကြောင်း ….၊ လွတ်လပ်ရာ လွတ်လပ်စေကြောင်း ….ဇီဝိတဒါန ကြုံကြိုက်သမျှပြုပေးပါ။ အတိတ်ကံဆိုတာကို တွန်းလှန်နိုင်ဖို့ အတွက် ….မျက်မှောက်ကံ မျက်မှောက်အလုပ်က ….မှားနေလို့ မရပါ။

ဗုဒ္ဓဘာသာဝင်များဖြစ်သော …ခြောက်ခုကြွင်းဖွားများကို ….အထူးဂုဏ်ယူစွာ ပြောလိုတာလေး တစ်ချက်ကတော့…………….နိဗ္ဗာန်နှင့် အနီးစပ်ဆုံးသော ပါရမီဥာဏ် ..ရင့်သန်မှု အရှိဆုံး အကြွင်းဖွားဆိုတာ ခြောက်ခုကြွင်းဖွား ဆိုတာပါပဲ။ ဘုရား ရဟန္တာ အရှင်သူမြတ်တို့ဟာ…နောက်ဆုံး ဘ၀ဘ၀ တွေမှာ …အတိတ်က ၀ဋ်ကြွေး ဟူသမျှကို ပြန်လည်ပေးဆပ် အပ်နှင်းကြသည့်ပမာပြု ပြီး ဆိုရမယ် ဆိုရင် …ခြောက်ခုကြွင်းဖွားတွေရဲ့ သည်ဘ၀ မှာ ကြုံကြိုက်နေတဲအချို့သော ကံခေမှုတွေဟာ …၀ဋ်ကြွေးတွေကို ပြန်လည်ပေးဆပ်နေရခြင်း သာလျှင် ဖြစ်တယ်ဆိုတာကို သဘောပိုက်မိကြစေလိုပါတယ်။

နန်းမတော်ကြီး တောင်သမန်မှာ ရေချဖျောက်ဖျက်ခံနီးချိန်မှာ …ဆရာတော်ဦးဗုဓ် ကို ၀င်ဖူးပါတယ်။ ဆရာတော်ကို …နောက်ဆုံးအနေနဲ့ တရားချီးမျှင့်ပေးတော်မူပါဘုရား လို့ ….တောင်းပန်တဲ့အခါ …ဆရာတော်က ….တရားစာစစ်နေရာကနေ …

ဟဲ့ ..မယ်နုရဲ့ ..သူ့ကြွေးရှိရင် ဆပ်ရမှာပေါ့ …လို့ ..တရားခြွေတော်မူပါတယ်။

နန်းမတော်မယ်နုလည်း…ကျေကျေနပ်နပ် နဲ့ ….တောင်သမန် ရေထဲကို သေပွဲဝင်ရန် အလို့ငှာ ရဲ့ဝံ့သွားတဲ့အထိ ….တရားပိုက်မိသွားစေပါတယ်။

ခြောက်ခုကြွင်းဖွားတွေ အနေနဲ့ ….အရှောင်ရှားအပ်ဆုံးကတော့ …လက်တုံ့ပြန်ခြင်း၊ လက်စားချေ ကလှည့်စားချေခြင်းမျိုး တွေ မပြုမိဖို့ပါပဲ။ သည်ဘ၀ သည်ခန္ဓာဟာ ….တရားထူးဖြင့် အထူးနီးစပ်သော ခန္ဓာ ဖြစ်၏ ဆိုတာလေးကို လည်း မမေ့မလျော့ သတိချပ်မိကြစေဖို့ အထူးတိုက်တွန်းလိုက်ရပါတယ်။

တစ်ကယ်လို့သင်ဟာ …… 
 
(၁) သင်ကိုယ်တိုင် ခြောက်ခုကြွင်းဖွား  တစ်ယောက် ဖြစ်ခဲ့မယ် ဆိုရင်……… 

သဘောထားပြည့်ဝမှုနဲ့ …တိကျစွာ တွက်ချက် ပြီး ပန်းတိုင်အတိအကျ ထား လျှောက်လှမ်းနိုင်မှုကို …အားပြုပါ။ ပရဟိတလုပ်ငန်းများ နဲ့ …လူသားအကျိုးပြုလုပ်ငန်းများ မှာ…တတ်အားသမျှ ပါဝင်နိုင်အောင်လည်း ကြိုးစားပါ။ အရာရာကို အခကြေးငွေ ရမှ ဆောင်ရွက်ပေးတာမျိုးထက် ..တစ်ခါတစ်လေ …ဘာမှမရပဲနဲ့လည်း ဆောင်ရွက်ပေးနိုင်အောင် ကြိုးစားပါ။ ဘာမှမရတဲ့အခါ…အရာအားလုံးကို ရလိုက်သလိုပဲ ဆိုတာလည်း ….နှလုံးသွင်းတတ်ဖို့..လိုအပ်ပါတယ်။

(၂) သင့်ချစ်သူက  ခြောက်ခုကြွင်းဖွား   ဖြစ်ခဲ့မယ်ဆိုရင် ………. 

အင်မတန် အစုံစမ်းတော် ၊ အကဲဖြတ်စူးစမ်းတာ ထက်မြက်တဲ့ …ချစ်သူမျိုးကို ညာတော့မယ်ဆိုရင်တော့…အင်မတန်ပိရိအောင် ကြိုးစားပါ။ ပြုပြင်ကြည့်လိုတဲ့သူတို့ရဲ့ စိတ်သဘာဝကိုလည်း နားလည်ပါ။ ကိုယ့်အပေါ် …ဘယ်အချက်တွေ ပြင်သင့်တယ်လို့ သူတို့က အကြံပြုလာရင်လည်း ….တတ်အားသမျှ လက်ခံဆွေးနွေး ၊ ပြင်သင့်ရင်ပြင်ပေးနိုင်ဖို့လိုပါလိမ့်မယ်။

(၃) သင့် အလုပ်ရှင်က ခြောက်ခုကြွင်းဖွား  ဖြစ်ခဲ့မယ် ဆိုရင် ….

အလုပ်ရှင် ရဲ့  အချို့သော နေရာများမှာ တွန့်တိုလွန်းမှု ၊ အချို့သော နေရာများမှာ ရက်ရောလွန်းမှု နှစ်ရပ်စလုံးကို နားလည်နိုင်အောင် ကြိုးစားပါ။ ပိုကောင်းသည်ထက် ပိုကောင်းအောင် ….အခါခါ ပြင်ဆင်ခိုင်းတဲ့အခါမှာလည်း မငြီးမငြူ ဆောင်ရွက်ပေးနိုင်ဖို့ လိုပါလိမ့်မယ်။

(၄) သင့် အလုပ်သမားက ခြောက်ခုကြွင်းဖွား   ဖြစ်ခဲ့မယ်ဆိုရင် …. 

စကေးရှိတဲ့ အလုပ်သမားမျိုးပါ။ အထူးသဖြင့် သူတို့တွေဟာ ….မြန်မြန်ဆန်ဆန် တိတိကျကျ လက်တွေ့အကောင်အထည်ဖော်ရမယ့် နေရာမျိုးတွေမှာ ..ထူးချွန်ထက်မြက်သူတွေ ဖြစ်နေတတ်ကြပါတယ်။ အရေးကြီးတဲ့ ငွေကြေးကဏ္ဍတွေမှာတော့ ..သိပ်မခိုင်းစေသင့်ပါ။ သူတို့က ရိုးသားရင်တောင်….အလဟဿ လေလွင့်ဆုံးရှုံးရတတ်သော ကံ ရှိသူများ ဖြစ်လို့ပါပဲ။

(၅) သင့် အိမ်ထောင်ဖက် က ခြောက်ခုကြွင်းဖွား    ဖြစ်ခဲ့မယ်ဆိုရင် ……
အမျိုးသား အတွက် .. ခြောက်ခုကြွင်းဖွား   ဇနီးမယား  ရရှိခဲ့မယ်ဆိုရင်….

ကော်လံပေါ်က နှုတ်ခမ်းနီကို …ဖျက်ခဲ့တာတောင်….အပွေးမြင် အပင်သိတတ်တဲ့ ချစ်ဇနီးမျိုး ရထားတယ်ဆိုတာ မမေ့ပါနဲ့။ ပျက်နေရင် ပြင်မှ ကြိုက်တတ်တဲ့ ဇနီးမျိုးမို့….အိမ်မှာ ရှိတဲ့ မီးကျိုးမောင်းပျက်ကလေးတွေကိုလည်း ..အလုပ်အားရက် လေးတွေမှာ ဟိုကလိ..သည်ထု..လုပ်ပြလိုက်ပါ။ ပြန်ကောင်းတာ မကောင်းတာ အပထား… ပြင်ကြည့်တယ်ဆိုရင် …သူတို့က ကျေနပ်ပါတယ်။ သာမန်နဲ့တော့ ….ဒီလိုဇနီးမျိုးက သူတို့ခံစားချက်ကို မဖွင့်ပြတတ်ပါ။ တစ်ခါတစ်ခါ အေးတိအေးစက်နိုင်လွန်းတယ်လို့ ထင်မြင်မိရင်တောင် …သူတို့သဘာဝပဲလေ လို့ နားလည်တတ်ရပါမယ်။

အမျိုးသမီး အတွက်  ခြောက်ခုကြွင်းဖွား  ခင်ပွန်းယောကျာ်း ရရှိခဲ့မယ်ဆိုရင် …

ကိုသဘောကောင်းကြီးက …မဲမဲမြင်ရာ အကုန်ကောင်းပြ နေပြီး အိမ်ကျမှ ကိုယ့်အပေါ်လာဆိုးတော့ …တစ်ခါတစ်ခါတော့လည်း ဒေါသထွက်စရာပါပဲ။ ဖုန်းလေးတဂွမ်ဂွမ်နဲ့ …တစ်ခါတစ်ခါ …နဘေးကမိန်းမ ..ကို အားနေတဲ့ လက်ကလေးက ဖက်ထားရမှန်းတောင် မသိတော့ရင်လည်း …..တစ်ခါထဲ ..ဗိုက်ကြောသာလိမ်ဆွဲလိုက်ပါ။ တိတိကျကျ လုပ်လွန်းလို့ …. စာရင်းစစ်လွန်းလို့ …အမြင်ကပ်စရာကောင်း တဲ့ လင်တော်မောင်ကို …အငန်တွေ လျော့စားဖို့တော့ သတိပေးမိဖို့ လိုပါလိမ့်မယ်။

(၆)  သင့်ရင်သွေး တစ်ဦးဦးက .. ငါးခုကြွင်းဖွား  တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်တော့…

ဘ၀မှာ ကျောင်းကိစ္စ ၊သင်တန်းကိစ္စ တွေ အတွက် ၊ သင်ယူသင်ကြားရေး ဆိုင်ရာ ကဏ္ဍတွေ အတွက် ..သာမန်ကလေးငယ်တွေထက် ….ပိုမိုပင်ပန်းရတတ်တဲ့ ကလေးငယ်တွေပါပဲ။ သူတို့ရဲ့ ငယ်စဉ်ဘ၀ ..စတင်သင်ယူချိန်ဟာ လည်း အခြားကလေးများနဲ့မတူ ..နှေးကွေးမှု ၊ ခက်ခဲမှု ရှိတတ်တာကြောင့် ..ပိုမိုဂရုစိုက်ပေးဖို့လိုပါလိမ့်မယ်။ နေတဲ့နေရာကနေ …အဝေးမှာ ရှိတဲ့ ကျောင်းမျိုးမှာ သွားအပ်ရမယ့်အနေအထားပေါ်လာရင်လည်း ..မငြီးငြူနေပါနဲ့။ အဲဒါ သူတို့လေးတွေရဲ့ ကံဇာတာပါပဲ။ 


မေတ္တာမွန်ဖြင့် ……………………..

ပရိသတ်အားလုံး ချမ်းမြေ့ကြပါစေ။

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
01 618 469

Post a Comment
 

Posts Comments

©2006-2010 ·TNB