ကြာသာပတေးသားသမီးတို့ ကံဇာတာ…

Friday, October 4, 2013


ဗေဒင် ..ဆိုတာကို ..မယုံဘူး ဆိုရင်တောင်..၊ သံသရာက မကျွတ်မလွတ်နိုင်သေးသမျှ …ကြာသာပတေးနေ့ဖွား ဖြစ်ရသည့်ဘ၀တိုင်းမှာ…..သည်ကံဇာတာမျိုးတွေတော့ ကြုံလာ ပါလိမ့်မယ်။

ကြာသာပတေး နေ့ဖွား တို့ ကံဇာတာ  … 


သင်ဟာ……….

ကြာသာပတေးနေ့ဖွား တစ်ဦး ဖြစ်လာခဲ့မယ်ဆိုရင် … အခြေခံအားဖြင့် …

တနင်္လာဂြိုဟ် ၊ သောကြာဂြိုဟ် ၊ အင်္ဂါဂြိုဟ်တို့ဟာ …ကောင်းကျိုးပြုတတ်သော ဂြိုဟ်များ 

စနေဂြိုဟ် ၊ ဗုဒ္ဓဟူး/ရာဟုဂြိုဟ် နဲ့ တနင်္ဂနွေဂြိုဟ်တို့ဟာ..ဆိုးကျိုးပြုနိုင်သော ဂြိုဟ်များ 

အဖြစ် …ယေဘုယျ စတင်သတ်မှတ်နိုင်ပြီ ဖြစ်ပါတယ်။

မူလ သဘာဝ .. မူလကံ

ကြာသာပတေးနေ့ဖွား တွေဟာ … ယောကျာ်းလေးပဲဖြစ်ဖြစ် ၊ မိန်းကလေးပဲဖြစ်ဖြစ် …မိခင်၊ အဖွား ၊အဒေါ် ၊ အစ်မကြီး စသော အမျိုးသမီးအကြီးအကဲ တွေကို အားထားနှစ်လိုလေ့ ရှိတတ်ကြပါတယ်။ အမေ ၊ အဒေါ် ၊ အဖွား တွေ အနားမှာ ကြောင်ပေါင်စလေးတွေလို…. ပွတ်သီးပွတ်သပ်လုပ်နေတတ်ကြ သူများဟာ ကြာသာပတေးနေ့ဖွား တွေလို့တောင် ဆိုနိုင်ပါရဲ့။

သူတို့တွေဟာ ကျောင်းတက်ရမှာကို တစ်ခြားခလေးတွေ ထက် ပိုမို ပျော်မွေ့နှစ်လို တတ်ကြပြီး ၊ ရိုက်နှက်ငေါက်ငမ်းပြီး ကျောင်းတက်ခိုင်းစရာ မလိုတဲ့ ကလေးတွေ လို့ ဆိုနိုင်ပါတယ်။ အရွယ်ရောက် လာချိန်မှာလည်း ….သင်တန်းတွေ၊ ကျူရှင်ဝိုင်း ၊ စာသင်ဝိုင်းတွေ မြိုင်မြိုင်ဆိုင်ဆိုင် တက်တတ်လေ့ ရှိကြသူများ ဖြစ်ပါတယ်။ အမှန်တစ်ကယ်လည်း …ဒီကနေ့ သင်တန်းဆရာတွေ၊ သင်တန်းကျောင်းတွေ ကို အဓိက လုပ်ကျွေးနေကြတာ ကြာသာပတေးနေ့ဖွား တွေလို့ တောင် ဆိုနိုင်စရာပါပဲ။

ဒီ့ထက်ပိုပြီး သင်ကြားရေး ဂြိုဟ် အလျားရှည်တဲ့ ကြာသာပတေးနေ့ဖွား တွေ ကတော့ ….မဆုံးနိုင် မပြီးနိုင်အောင် …ရှည်လျားတဲ့ ..ဘွဲ့လွန်ပညာသင်ကြားရေးတွေ၊ ပြည်ပ ပညာတော်သင် ခရီးတွေ ထွက်ခွာခွင့် ရရှိလာကြပြီး …..သင်ကြားရေးနယ်ပယ် ကို ခရီးဆန့်နိုင်ကြတဲ့ …နေ့နံတစ်ခုလို့တောင် ပြောရမှာပါ။

ကြာသာပတေးနေ့ဖွား တွေဟာ …သူတို့ယုံကြည်ကိုးကွယ်မိတဲ့ ဆရာသမားတွေအပေါ်မှာ အလွန်ကောင်းတတ် ၊ ရိုသေသမှုထားတတ်ကြသူတွေလည်းဖြစ်ပါတယ်။ ကြာသာပတေးနေ့ဖွားတိုင်းဟာ ဘ၀မှာ ဂုဏ်ယူလောက်ဖွယ်ရာကောင်းသော ခရီးစဉ်မျိုးတွေ ထွက်ခွာခွင့် ရရှိတတ်ကြ သူများလည်းဖြစ်ပါတယ်။ မြင့်မြတ်တဲ့ဘုရားဖူးခရီး ၊ ပညာတော်သင်ခရီး ၊ ဂုဏ်ပြုခြင်းခံယူရန် သွားရောက် ရသောခရီး…စသည်အားဖြင့် … ကောင်းမြတ်သော ခရီးကံ ရှိကြသူများလို့လည်း ဆိုနိုင်ပါတယ်။

ကြာသာပတေး နေ့ဖွားတွေဟာ ….ချစ်လုံးလုံး မုန်းလျားလျား စိတ်မျိုး ရှိတတ်ကြပြီး အများအားဖြင့် သူတို့ကို ငြိမ်းချမ်းရေးသမားတွေ လို့တောင် ပြောရမယ့် အနေအထားဖြစ်ပါတယ်။ အရမ်း စိတ်ညစ်ညူးရမယ့် အခြေအနေ နဲ့ ပတ်ဝန်းကျင်မျိုးကို ရှောင်ခွာတတ်ကြပြီး ၊ ပေါ့ပါးပျော်ရွှင်စွာ လွတ်လပ်စွာ နေထိုင်လိုတတ်ကြသူများလည်း ဖြစ်ပါတယ်။  ဓါတ်ပုံလှလှလေးတွေရိုက် ၊ ဗွီဒီယိုမှတ်တမ်းလေးတွေ ရိုက်၊ ကင်မရာလေးတစ်လုံး နဲ့ တစ်ဖျပ်ဖျပ် ရိုက်ရင်း ခရီးထွက် ၊ ကမ်းခြေတစ်ခုခုမှာ အနားယူ ….ကိုယ်ချစ်တဲ့သူနဲ့ ..ကြည်စယ် နေလိုတဲ့ မူလသဘာဝ စိတ်မျိုး ရှိတတ်ကြသူတွေ ဖြစ်ပါတယ်။

မူလစွမ်းရည် …

ကြာသာပတေးနေ့ဖွားတွေဟာ ….အသစ်အဆန်းတစ်ခုခုကို စတင် တည်ထောင်ခြင်း၊ စတင် ဖန်တီးခြင်း ပြုရာမှာ …အလွန်တော်သူတွေ ဖြစ်ပါတယ်။ စွမ်းအင် အရင်းအမြစ် ၊ စွမ်းအင် တစ်ခုခု၏ ကနဦး အစ ….တွေကို ဖော်ထုတ် တီထွင်ဖန်တီး နိုင်သော အရည်အသွေးမျိုး ရှိကြသူတွေလို့လည်း ဆိုနိုင်ပါတယ်။

မြောက်များစွာသော အသိဥာဏ်ပညာရပ်ဆိုင်ရာ တွေ့ရှိချက် အသစ်တွေကို စတင်ဖော်ထုတ်နိုင်သူများ ဟာလည်း ကြာသာပတေးနေ့ဖွားတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း သူတို့ကို …….အသိဥာဏ်ပိုင်းဆိုင်ရာ နယ်ပယ်ဖြစ်သော …

စာနယ်ဇင်း နှင့် စာပေအနုပညာနယ်ပယ် .....
ဥပဒေ နယ်ပယ် … များ ။
စွမ်းအင်…၊  သယံဇာတအရင်းအမြစ်များ နှင့် နှီးနွယ်နေသော ..နယ်ပယ်များ
အီလက်ထရောနစ်နယ်ပယ် ….
ကျောက်မျက်ရတနာ နယ်ပယ်…
ဆေးဝါး နှင့် ဆေးပညာနယ်ပယ်….
သတ္ထု ၊ ရေနံ ..စသော…သဘာဝ အရင်းအမြစ် ၊ စွမ်းအင်အရင်းအမြစ် ဆိုင်ရာ နယ်ပယ်တွေမှာ ထူးချွန်စွာ လုပ်ဆောင်နိုင်စွမ်း ရှိကြတာကို တွေ့ရှိရပါတယ်။ 

ထူးခြားတာတစ်ခုကတော့ …သူတို့ရဲ့ မူလစွမ်းရည်ဟာ အသစ်တစ်ခုခုကို စတင်ရှာဖွေ ဖန်တီးခွင့် ရုချိန်မှာ …..အပေါ်လွင်ဆုံးဖြစ်ပြီး ၊ ပုံမှန် သမရိုးကျ လည်ပတ်နေရတဲ့ ထူးမခြားနား နေ့စွဲတွေကတော့ သူတို့ရဲ့ စွမ်းရည်တွေကို ညှိးမှိန် လျော့ကျသွားစေတဲ့ နေ့ရက်တွေပဲ ဖြစ်လာစေပါတယ်။ တနည်းအားဖြင့် …..ပျင်းရိငြီးငွေ့စရာကောင်းတဲ့ လုပ်ငန်းသဘာဝတွေ ၊ ပုံမှန် ရုံးတက်ရုံးဆင်း ဖြတ်သန်းရတဲ့ အခြေအနေတွေဟာ ….မူလစွမ်းအင်ကို ငြိမ်ဝပ်သွားစေတတ်ပြီး ..၊ အတက်အကျများတဲ့ လုပ်ငန်းတွေ၊ စွန့်စားလုပ်ကိုင်ရတဲ့ လုပ်ငန်းတွေ နဲ့ …နယ်ပယ်သစ်ရှာဖွေ ဖောက်ထွက်လုပ်ဆောင်ရသော လုပ်ငန်းမျိုးတွေကတော့  ကြာသာပတေးနေ့ဖွားတွေရဲ့ စွမ်းရည်ကို ….အရှိန်ငြီးငြီး တစ်စထက် တစ်စ တောက်လောင် လာစေနိုင်တာပဲ ဖြစ်ပါတယ်။

အသက်မွေးဝမ်းကျောင်း နှင့် အကျိုးစီးပွား ရှာဖွေရရှိမှု ကံဇာတာ…

ကြာသာပတေးသားသမီးများ အတွက် အကျိုးစီးပွားကို အဓိက ပြုတတ်သော ဂြိုဟ် ကတော့ သောကြာဂြိုဟ်ပဲဖြစ်ပါတယ်။ ဒါကြောင့် လည်း ကြာသာပတေးနေ့ဖွား တွေအတွက် ….ဘဏ်လုပ်ငန်း ၊ ဘဏ္ဍာရေးဆိုင်ရာ ..စီမံခန့်ခွဲရသည့်လုပ်ငန်းများ ၊ မန်နေဂျာ ၊ စီမံခန့်ခွဲရေးမှုး ၊ ဇိမ်ခံပစ္စည်း ထုတ်လုပ်ခြင်း … ရောင်းချခြင်း ဆိုင်ရာ လုပ်ငန်းများ ၊ ဟိုတယ်လုပ်ငန်း ၊ ပျော်ပွဲစားရုံ ၊ ပွဲလမ်းသဘင် တို့နှင့်  ဆက်နွယ်နေသော လုပ်ငန်းများ ၊ ငွေကြေးလဲလှယ်သည့် လုပ်ငန်းများ ၊ …စသည်ဖြင့်သော လုပ်ငန်းနယ်ပယ်များနဲ့ စပ်လျဉ်းပြီး ..အကျိုးစီးပွား ရှာဖွေရရှိ နိုင်သည့် ကံအခြေအနေ ဖြစ်တည်လာပါတယ်။

အသက်မွေးမှု ကံဇာတာမှာ …သူတို့တွေဟာ ….  အထက်ဖော်ပြပါ..မူလစွမ်းအင် ၊ အကျိုးစီးပွား ရှာဖွေရရှိနိုင်မှု ပုံစံ ၊…မူလ မှည့်ခေါ်ထားသော အမည်တည်ဆောက်ထားပုံ နဲ့ ..မူလမဟာဘုတ်ဇာတာ အရ…   … …အသက်မွေးမှုအနေထားတွေ ဖြစ်တည်လာပါတယ်။ ဥပမာအားဖြင့် ….

မြင့်မြင့်ဦး  ဆိုပြီး (ကြာသာပတေး အစ + တနင်္ဂနွေအဆုံး) အမည်မျိုး မှည့်ခေါ်ထားသော .ကြာသာပတေးနေ့ဖွားတစ်ဦးဟာ ……အကယ်၍ ဘင်္ဂဖွား ဇာတာရှင်တစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် …..ရေနံတူးဖော်ရေး ၊ ဘုမ္မိဗေဒသုတေသနပညာရှင် ၊ တိုင်းရင်းဆေးဝါးများကို စစ်ဆေးမှတ်ပုံတင်သည့် ဌာနတွင် လုပ်ကိုင်သူ ….စသည်ဖြင့် အခြေအနေတွေ ကို တွန်းပို့လာပါတယ်။

တစ်ကယ်လို့ ….မြင့်မြင့်ဆွေ ဆိုပြီး (ကြာသာပတေးအစ + အင်္ဂါ အဆုံး ) နာမည်မျိုး မှည့်ခေါ်ထားပြီး  ကြာသာပတေး မရဏဖွား ဖြစ်ခဲ့မယ် ဆိုရင်တော့…အဏ္ဏ၀ါဗေဒ သုတသန လုပ်ငန်း ၊ ရေအောက် သယံဇာတ ရှာဖွေရေး ၊ (အမျိုးသားဇာတာရှင်များအတွက် )  ရေတပ်မတော် …တွင် ၀င်ရောက် တာဝန်ထမ်းဆောင် ရခြင်းမျိုး …..အခြေအနေဆီ ဆွဲခေါ်သွားပါမယ်။

အသက်မွေးမှု နယ်ပယ် အသီးသီးမှာ ကြာသာပတေးနေ့ဖွား အများစုဟာ…သူတို့ရဲ့မူလစွမ်းရည် နဲ့ သူတို့အသက်မွေးခွင့်ရတဲ့ အနေအထား ထပ်တူမကျဘဲ ဖြစ်ရတတ်တာ ၊ ခုတ်တာတစ်ခြား ပြတ်တာက တစ်နေရာ ဆိုသလို ….အံမ၀င်ဘဲ ဖြစ်နေတတ်တာမျိုး တွေလည်း ….အဖြစ်များကြ တာကို တွေ့ရှိရပါတယ်။

ချစ်မှုရေးရာ ကံဇာတာ

ကြာသာပတေး သားသမီး တွေရဲ့ မူလဖူးစာကံဟာ….စစ်ဘက် ၊ စက်မှုနယ်ပယ် ၊ သချာင်္ပညာရှင်၊ အင်္ဂျင်နီယာ …စသော အင်္ဂါဂြိုဟ်မှ လွှမ်းမိုးနေသော …..ဖူးစာဖက်မျိုးဆီ လမ်းညွှန်ပေးထားပါတယ်။ အဆိုပါနယ်ပယ် များထဲက မဟုတ်တောင် …ကြာသာပတေး သားသမီးများဟာ …ဖျတ်ဖျတ်လတ်လတ် သွက်သွက် လက်လက် နဲ့ ရဲ့ရင့်ရန်လို တတ်တဲ့ ..သူမျိုးတွေကို …စိတ်တိမ်းညွတ်မိစေဖို့ ..တွန်းအားပေး ထားတဲ့ ကံအနေအထား ရှိနေပါတယ်။

ရုပ်ချောချော ..မချောချော…၊ စတိုင်ရှိရမယ် … ၊ ခေတ်မီရမယ် …ငယ်ရွယ်ပြီး ..သွက်လက်ရမယ် …စိတ်မြန်လက်မြန်သူမျိုး ဖြစ်နေမယ် ဆိုရင်…သဘောကျနှစ်လိုမိစေ တတ်ပါတယ်။ ပုံတုံးတွေ ၀တ်စားထားတာ ၊ တောကျတာ ၊ ထိုင်းမှိုင်းလေးကန်တာ ၊ ဖြေးဖြေးအေးအေးကြီးနေတတ်တာ မျိုးတွေကို တော့ သဘောမတွေ့တတ်ကြပါဘူး။ လမ်းသရဲ ဆန်ချင်ဆန်နေပါစေ….. ခပ်မိမိ ခပ်မိုက်မိုက် လို့ ရင်ထဲမှာ ခံစားရရင် မေတ္တာသက်ဝင် ချစ်ခင်မိစေဖို့ ခလုတ်ကလေး ပါလာသူတွေဟာ ကြာသာပတေးနေ့ဖွားတွေပါပဲ။ ဒါကြောင့်လည်း ကြာသာပတေးနေ့ဖွား မိန်းကလေးဇာတာရှင် တော်တော် များများ ဟာ … လူဆိုးလို့ ခေါ်ရမယ့် …. ၊ လမ်းသရဲလို့ ကင်ပွန်းတပ်ရမယ့် ကောင်လေးတွေနဲ့ ချစ်ကျွမ်းဝင်စေမိသော မူလကံ ရှိလာကြတာပါ။ ဆိုတော့ မိဘတွေ အနေနဲ့ကလည်း ….ကိုယ့်မျိုးဆက် ထဲမှာ ကြာသာပတေးသမီးလေးများ ပါလာခဲ့ရင် …မလျော်တာနဲ့ မတွေ့အောင် ပိုမိုထိမ်းပေးရမယ့် အခြေအနေပါပဲ။

အထူးသဖြင့် ကြာသာပတေးနေ့ဖွား ဖြစ်ပြီး ၊ ရာဇဖွားလည်း ဖြစ်တဲ့ ..မိန်းကလေးဇာတာရှင်မျိုးတွေဟာ …လူဆိုးကို ချစ်ကြိုးသွယ်မိစေမယ့် ကံအနေအထားတစ်ရပ် မုချဆတ်ဆတ် ပါလာသူတွေ ဖြစ်လာစေပါတယ်။

အိမ်ထောင်မှု ကံဇာတာ …. 

အိမ်ထောင်ရေးကံဇာတာ မှာတော့ …ကြာသာပတေးသားသမီး သိုက်ဖွား ၊ ရာဇဖွား နဲ့ မရဏဖွား ဇာတာရှင် သုံးမျိုးဟာ …..ပိုမိုဂရုစိုက်ရမယ့် အနေအထား ပါရှိလာပါတယ်။ မူလရုပ်ရည် လက္ခဏာ ၊ နာမည်မှည့်ခေါ်တည်ဆောက်ပုံအနေအထား …စတာတွေပါ ချွတ်ယွင်းခဲ့မယ် ဆိုရင် လင်ဆိုးမယား တစ်ဖားဖား ၊ မယားဆိုးလင် ..တစ်ငင်ငင် ဖြစ်ဖို့ အခြေအနေ…များလာပါတယ်။

ကြာသာပတေး နေ့ဖွား … သိုက်ဖွားဇာတာရှင်တွေဟာ ….ဖော်ပြပါအတိုင်း နာမည်တည်ဆောက်ပုံပါ အားနဲခဲ့မယ်ဆိုရင် … အိမ်ထောင်ပြိုကွဲဖို့  အထိ ကံအင်အား သက်ရောက်လာနိုင်ကြပြီး ၊ ကြာသာပတေး ရာဇဖွား တွေကတော့….အိမ်ထောင်ဖက်ကို ဆုံးရှုံးရခြင်း ၊ အိမ်ထောင်ဖက် ဆိုး နှင့် ကြုံရတတ်ခြင်း ၊ အသက်အရွယ် အဆင့်အတန်း..စသည်အားဖြင့် ကွာဟသော အိမ်ထောင်ဖက်မျိုး ကြုံရတတ်ခြင်း ၊ စသည်အားဖြင့် အားနဲချက် တစ်စုံတစ်ရာ ရှိနေသော အိမ်ထောင်ရေး အခြေအနေမျိုးတွေ ဖြစ်တည်လာစေပါတယ်။

ကြာသာပတေးနေ့ဖွား ..မရဏဖွား ဇာတာရှင်တွေရဲ့ အိမ်ထောင်ရေး အနေအထားမှာ ….နာမည် တည်ဆောက်ထားပုံပါ …အားနဲခဲ့မယ် ဆိုရင် မိမိအိမ်ထောင်ဖက်က မိမိအပေါ်…သစ္စာလျော့ရဲမှု ဖြစ်ပေါ် လာနိုင်သလို…၊ မိမိရဲ့မူလကံဇာတာမှာလည်း …. အားနဲချက်က နာမည် အရင်းစာလုံးမှာ ပါဖြစ်တည်နေခဲ့မယ် ဆိုရင်တော့…မိမိကိုယ်တိုင်လည်း အိမ်ထောင်တစ်ဆက်မက ပိုလာနိုင်သလို… မေတ္တာရေးမှာ ဝေခွဲမရ ဖြစ်စရာ.. အနေအထားတွေ ပါလာတတ်ပါတယ်။  တနည်း အားဖြင့် အိမ်ထောင်ရေး အခြေအနေဟာ လေထဲမှာ တိုက်အိမ်ဆောက်သည့်နှယ် ..ဖြစ်ရမယ့် အနေအထားမျိုး ကြုံလာတတ်စေပါတယ်။ လက်ထပ်ဖို့.. မရေမရာဖြစ်ရခြင်းမျိုး ၊ တရားဝင်မဟုတ်သော ထိမ်းမြားလက်ထပ်ရခြင်းမျိုး ..ကြုံလာနိုင်စေပါတယ်။ 

ဆိုတော့….အထက်ပါ .. …ကြာသာပတေးသားသမီး သိုက်ဖွား ၊ ရာဇဖွား နဲ့ မရဏဖွား ဇာတာရှင် သုံးမျိုးဟာ … အိမ်ထောင်ရေးကံမှာ ဂရုပြုရန်လိုအပ်ပြီး ၊ နာမည်မှည့်ခေါ်ပုံပါ မှန်ကန်ညီညွတ်ဖို့ အထူးလိုအပ်တဲ့ ဇာတာရှင်မျိုးတွေလို့ ဆိုအပ်ပါတယ်။

ကျန်းမာရေး……

ကြာသာပတေးသားသမီးတွေဟာ အပူအအေးမညီညွတ်မှု (၀ါ) တေဇောဓါတ် သဘာဝ ဖောက်ပြန်ခြင်းကြောင့် …ဖြစ်ပေါ်လာတဲ့ ရောဂါဥပါဒ်မျိုးတွေ ခံစားရလေ့ရှိတတ်ကြပါတယ်။ ပမာအားဖြင့် အခြားသူတွေက အေးချင်အေးနေမယ်….၊ သူတို့က ချွေးပြန်နေတတ်ပြီး ၊အခြားသူတွေက ပုအိုက်နေတဲ့အချိန် ..ကြာသာပတေးနေ့ဖွားတွေက ..အနွေးထည် ထ၀တ်နေရတာမျိုး …စသည်ဖြင့် အပူအအေး သဟဇာတမဖြစ်မှု တွေ ပေါ်ပေါက်နေတတ်ပါတယ်။

ကြာသာပတေးသားသမီးတွေရဲ့ အခြားသော အားနဲချက်ကတော့…. ဗဟိုနဗ်ကြောစနစ်ပိုင်းဆိုင်ရာ အားနဲချက် ရှိတတ်တာပဲ ဖြစ်ပါတယ်။ အသက်ငယ်စဉ်မှာအချို့သော ကြာသာပတေးသားသမီးများ အဖို့ စကားပြောနောက်ကျခြင်း ၊ ဥာဏ်ရည်ဖွံ့ဖြိုးမှု အားနဲနိုင်ခြင်း များ ကြုံကြရတတ်သလို..၊ အသက်ကြီးပိုင်းကာလမှာတော့ လေဖြတ်ခြင်း၊ ဦးနှောက်နှင့် အာရုံကြောဆိုင်ရာ အားနဲခြင်းများ ကြုံကြိုက်ကြရတတ်လေ့ ရှိပါတယ်။ အချို့သော ကြာသာပတေးနေ့ဖွားများ အဖို့တော့….မှတ်ဥာဏ် နှင့် ဥာဏ်စွမ်းရည်ပိုင်းဆိုင်ရာ အားနဲချွတ်ချွတ်နိုင်မှု ရှိတတ်ပြီး ၊ မှတ်သားဥာဏ်လျော့ပါးမှုနဲ့ …အတိတ်မေ့ခြင်းဝေဒနာ မျိုးခံစားရတတ်လေ့ရှိတတ်ကြပါတယ်။

အခြားအားဖြင့်ကတော့…..အာဟာရ ချို့တဲ့ခြင်း ၊ မထူနိုင်မထနိုင်လောက်အောင် အိပ်ယာပေါ် လဲခွေသွားရခြင်း ၊ ရောဂါဟောင်းများ ပြန်လည်ပေါ်ပေါက် လာတတ်ခြင်းများကိုလည်း ကြုံကြိုက်ရ တတ်တာကိုတွေ့ရှိပါတယ်။ ဒါတွေကိုဖတ်ပြီး စိတ်ဆင်းရဲနေဖို့မလိုပါ။ ဘယ်နေ့ဖွားပဲဖြစ်ဖြစ် ..ကံ၊စိတ်၊ ဥတု၊အာဟာရ မမျှတခဲ့ရင် ရောဂါဘယ နှိပ်စက်မှု ကို ခံယူရတတ်တာချည်းပဲဖြစ်ပါတယ်။ အဓိက သိစေလိုတာက တော့ မိမိတို့ အားနဲနိုင်တဲ့ ကဏ္ဍ ကို တင်ကြိုသိရှိထားပြီး ကာကွယ်နိုင်တာ ၊ကာကွယ်နိုင်ဖို့ သာ ဖြစ်ပါတယ်။

ဘေးအန္တရာယ် …..

ကြာသာပတေးနေ့ဖွား တွေဟာ …မတော်တစ်ဆမှု ဖြစ်ပွားလွယ်ကြသူများ ဖြစ်ကြပါတယ်။ အမှုမဲ့အမှတ်မဲ့ မတော်တစ်ဆမှုတော်တော်များများ အသေးအမွှား သို့မဟုတ် အကြီးအမားထိ ကြုံကြိုက်နိုင်ကြသူ များဖြစ်ပြီး အထူးသဖြင့် ဖွားမြင်သည့်မူလမဟာဘုတ်ဇာတာမှာ အင်္ဂါဂြိုဟ်အားနဲခဲ့ပြီး နာမည်အရလည်း ထပ်ဆင့်အားနဲစေခဲ့မယ်ဆိုရင် …သေချာစွာပဲ ဘ၀မှာ ကြီးမားသော မတော်တစ်ဆမှုမျိုးနဲ့ ကြုံကြိုက်ရစေတတ်ပါတယ်။

ထို့အပြင် ကြာသာပတေးနေ့ဖွား တစ်ဦးဦးကို (ဗုဒ္ဓဟူးနံအစ + တနင်္လာနံအဆုံး) အမည်မျိုး …ဥပမာအားဖြင့် ၀င်းမြင့်ကို ၊ လင်းထက်ကျော် ၊ စသည်ဖြင့် မှည့်ခေါ်လိုက်ခြင်းဟာလည်း မတော်တစ်ဆမှု ကံဇာတာကို လက်ယပ်ဖိတ်ခေါ်လိုက်တာပါပဲ။

ကံကောင်းထောက်မမှု……….

ကြာသာပတေးနေ့ဖွားအားလုံးကို ယျေဘုယျအားဖြင့် ကံကောင်းစေနိုင်သော ….အတိသောမ ဂြိုဟ် ကတော့ တနင်္လာဂြိုဟ်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကြာသာပတေးနေ့ဖွားတွေဟာ …ဖြစ်နိုင်သမျှ သူတို့နေထိုင်ရာ အိမ်ခန်း၊ ရုံးခန်း စသည်များမှာ အဖြူရောင်ကို များများ သုံးစွဲသင့်ပြီး ၊ ပင်လယ်ထွက်ပစ္စည်းလေးတွေ (ခရုလိုက်ကာ ၊ခန်းစီး..စသည်) နဲ့ အလှဆင်ထားခြင်း၊ စိမ်းစိုနေသော သစ်ရွက်ရှိသည့်  သစ်ပင်ပန်းမန်များ ထားရှိခြင်း၊ လှပသော ဖန်ထည်မှန်ထည်ပစ္စည်းလေးများ ထားရှိခြင်း၊ ကြည်လင်သော မှန်များ ထားရှိခြင်း အားဖြင့် ….ကံကောင်းစေမှုကို ပိုမိုရရှိလာစေနိုင်ပါတယ်။

ယျေဘုယျအားဖြင့် လပြည့်နေ့နဲ့ လပြည့်နေ့နား နီးကပ်နေသောနေ့ရက်တွေဟာ ကြာသာပတေးနေ့ဖွားတို့ကို ကံကောင်းစေနိုင်တယ်လို့ ယူဆအပ်သလို…၊ လကွယ်ရက်နဲ့ ..ထိုရက်နားနီး နေ့ရက်တွေကတော့ ကံအားနဲနိုင်တယ်လို့  …သတ်မှတ်ရမှာ ဖြစ်ပါတယ်။

ကဲ…..ဒီလောက်ဆိုရင်

 ….စာဖတ်ပရိသတ်လည်း စာညောင်းလောက်ပါပြီ။ နောက်တစ်ပုဒ်မှာ..ကြာသာပတေးသားသမီးများထဲက မဟာဘုတ် အကြွင်းဖွား ခုနှစ်မျိုး နဲ့ နာမည်အရ ကွဲပြားကံဇာတာ ခြောက်ဆယ့်လေးမျိုး အကြောင်းကို အကျယ် ဆက်လက်တင်ပြနိုင်အောင် ကြိုးပမ်းကြည့်ပါဦးမယ်။

အားလုံးပဲချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
phone; 09 318 17 287 , 01 618 469

Post a Comment
 

Posts Comments

©2006-2010 ·TNB