အချစ်ကို ပြန်လည် ပြုပြင် မွမ်းမံခြင်း

Tuesday, January 28, 2014

မောင် နှင့် မယ် ရွှေလည်တွဲနိုင်ဖို့ စာစု(၅)
 

အချစ် ဆိုတာ … နောက်ဆုံးပေါ် ဟန်းဆက် တစ်လုံး လိုပါပဲ။  ဆိုင်ပေါ်မှာ ရှိနေတုန်းက ကိုယ့်ကို မြူဆွယ်နေသလောက် …၊ ကိုယ့်လက်ထဲရောက်လာချိန်က စပြီး….ဘာမှ သိပ်မဟုတ်တော့သလို ..တစ်စ တစ်စ ယဉ်ပါး ဖြော့တော့ လာတတ်စမြဲ ။
 
အချစ်က ဆော့ဖ်ဝဲလ် တစ်ခုနဲ့ တူတယ်….။ အမြဲတမ်း update တောင်းနေတတ်တယ်။ Ask me later … လုပ်ပါများရင် …အချစ်က …အရင်လို မသွက်တော့ဘူး..။  လိပ်အိုကြီး တစ်ကောင်ရဲ့ ကျောပေါ်က ပိဿာလေး လိုပဲ ဖြစ်လာတယ်။

ကြာရင် ..ခက်တော့မယ်…ထင်ရဲ့ ။
အချစ်ရေ ….. ကိုယ်တို့ …အချစ်ကို  ပြန်လည် ပြုပြင် မွန်းမံ ကြရအောင် …….။

 
(၁)

ကိုစိုးနိုင်၏ ခြေလှမ်းများက အနဲငယ်လေးလံ နေသည်။ အမြဲတမ်း …အသံတိတ်လျှောက် တတ်သော ခြေလှမ်းများမှာ..ယခုတစ်လော ..ရည်ရွယ်ချက်မဲ့စွာ… ရှပ်တိုက်သံ ထွက်နေ၏။ ဘာကြောင့် ဟုမူ….ကိုစိုးနိုင် မတွေးဖြစ်ခဲ့။
 
အိမ်တံခါးဝ ရောက်လာချိန်ထိတိုင်အောင် ….ကိုစိုးနိုင် ခပ်တွေတွေဖြစ်နေသေးသည်။ ခဏကြာအောင် …တံခါးဝတွင် ရပ်နေမိ၏။

မောင်…ပြန်လာပြီလား ။ ၀င်လေ …အထဲကို ..အပြင်မှာ ဘာလို့ရပ်နေတာလဲ ။

ထားယုနွယ်၏ အသံကြားမှ…ကိုစိုးနိုင် ဆတ်ကနဲ သတိပြန်ဝင်လာသည်။

သြော်..အင်း…၊ ဘာရယ်မဟုတ်ပါဘူး..အတွေးနဲနဲလွန်သွားလို့ပါ ..ဟု ကိုစိုးနိုင်ပြန်ဖြေလိုက်ရသည်။ မျက်နှာပေါ်တွင် ကမန်းကတမ်း အပြုံးတစ်ခု ဖန်ဆင်းကြည့်သော်လည်း သိပ်တော့ ပီပြင်မည် ဟု မထင်ပေ။
 
စိတ်ထဲမှာတော့ တွေးမိသည်။ တစ်နေ့တာ ပြီးသွားပြန်ပါ  ပကောလား……ဟု ။
 
(၂) 

စာကြည့်မီးကို …လှမ်းပိတ်လိုက်သည်။ ခုတင်နှင့် စားပွဲက အနဲငယ်လှမ်းနေသည်မို့ ..ချက်ချင်းမမီ ။  ခုတင်လှုပ်သွားသဖြင့် ထားယုနွယ် နိုးလာပုံရသည်။ သူ့ဘက်ကို တစ်ချက် လှမ်းစောင်းကြည့်၏ ။
 
မောင် အိပ်တော့မလို့လား။ ကောင်းပါတယ်။ မောင်အိပ်ရေးဝတာပေါ့….နို့မို့ဆို…….။

သည်မျှသာ ပြောပြီး ..ထားယုနွယ်..တစ်ဖက်လှည့်သွားသည်။

ည၀တ်အပြာနုရောင် အောက်က …ဖြူဝင်းနုသော အသားဖွေးဖွေးလေးများ သည် ..တစ်ချိန်တုန်းကတော့ ကိုစိုးနိုင်၏ ရင်ခုန်ပန်းတောများ ဖြစ်ခဲ့ဖူး၏။ ယခုတော့ ..ရင်ခုန်သံများက….အတင်းလှုပ်ခါ ဆောင့်နှိုးလိုက်မှသာ …နိုးတော့မည့်အလား ….နှလုံးသား၏ အေးစက်ပြီး မှောင်နေသော ထောင့်စွန်းအကြိုအကြားတွင် ..မှောက်ခုံကြီး အိပ်ပျော်နေလေသည်။
 
သူတင်လား….။ မဟုတ်လောက်။ ထားယုနွယ်သည်လည်း ထိုနည်းလည်းကောင်း ဖြစ်ပေလိမ့်မည်။ ဆယ့်နှစ်နှစ် ဟူသော  အိမ်ထောင်သက်တမ်းသည် …အချစ်ကို အေးစက်နေသော လက်များဖြင့် အုပ်မိုးဆုပ်ကိုင် ထားလိုက်သည့်အလား…..ထင်မှတ်ရ၏။ မသိမသာ သက်ပြင်းချပြီး ….စာကြည့်မီးသီး ကို ကိုစိုးနိုင် ကြောင်တွေတွေ ငေးကြည့်နေမိသည်။ ခဏကြာမှ သတိဝင်လာပြီး……မီးခလုတ်ကို ပိတ်လိုက်၏။

ချောက်………….။
 
(၃)

စားပွဲပေါ်တွင် ….အစားအစာလေးငါးမျိုး ရှိသည်။ ဖျော်ရည်ဗူး ငါးဗူး ။ ဘီယာပုလင်းများ ၊ ဘီယာခွက်များ ၊…တစ်ရှုးဗူးသည် နေရာမရဖြစ်ကာ..စားပွဲစွန်းတွင် ကျလုလု..။ အခန်းထဲတွင် နီကျင်ကျင်လား …ခရမ်းလား ….ခွဲမရသော မှိန်တိန်တိန် အလင်းသာ ရှိ၏။

ကိုထိုက် ..ကတော့ မိုက်ကို ..ပင်တိုင်ယူထားကာ တစ်ပုဒ်ပြီး တစ်ပုဒ် ဟဲနေ၏။

ကိုလှမင်း နှင့် ကိုစန်းမောင် တို့ကတော့ …အရက်ကိုသာ တွင်တွင် သောက်နေကြသည်။ နဘေးက ကလေးမလေးများကလည်း ….လိုတာထက် ပိုအလိုက်သိစွာ ..ငှဲ့ပြီးရင်း ငှဲ့..ထည့်ပြီးရင်း ထည့် ပေးနေကြဆဲ။
 
ကိုမြင့်သော် ကတော့……ပွဲကြမ်းနေသည်။ ဆိုဖာထောင့်စွန်းတွင် သူနှင့် သူ့ကောင်မလေးက နေရာ ယူထားပြီး …ထင်သလို ဇာတ်လမ်းရေးနေကြ၏။ သူကကော……………………။
 
ကိုစိုးနိုင်သည်…မဆူလာသေးသော သွေးကို အရက်နှင့်နွှေးကြည့်လျှင်ကောင်းမလား ဟု တွေးမိ၏။ အကျင့်မရှိသည့်အပြင် ပင်ကိုယ်ကလည်း မကြိုက်သမို့ ..ခွက်ကို နှုတ်ခမ်းဝ ကပ်မိရုံနှင့်ပင် …ပျို့ချင်လာသည်။ မဖြစ်သေး ။ ထုံးစံအတိုင်း ဖျော်ရည်ခွက်ကိုပဲ လှမ်းကိုင်လိုက်ရပြန်သည်။ သူ့နဘေးတွင်မူ… ဂျင်းဂျက်ကက် နှင့် ကောင်မလေးတစ်ယောက် ခပ်ခွာခွာ ခပ်အမ်းအမ်းဖြင့် ရှိနေသည်။
 
ကိုယ့်ဆရာ မပျော်ဘူးလားဗျ…ခင်ဗျားကတော့ ဂွကျတာပဲ။ ဒါကြောင့်ပြောတာပေါ့ ..နဲနဲဆေးသားလေး တင်လိုက်ပါဆိုတာ………….။

ညာဘက်တွင် ထိုင်နေသော ကိုစန်းမောင် က သူ့ကို ကြည့်ပြီး မရိုးမရွဖြစ်လာဟန် ရှိသည်။

ဟေ့..ကောင်မလေး…၊ကိုယ့်လူကိုယ် ပြုစုလေဟာ ။ ဒီလောက်ကြီးခွာထိုင်နေမှတော့ ..ငါတို့လူ ပျင်းနေရောပေါ့။ ကဲကဲ..တိုးတိုး ဟိုဘက်ကို…။ ကိုစန်းမောင် စကားကြောင့် ဂျင်းဂျက်ကက်နှင့် ကောင်မလေး က သူ့ဘက်သို့ မဆိုစလောက် တိုးကပ်လာသည်။

သြော် …တိုးပါဆိုနေမှပဲ…ခွီး…..ငါလာတိုးပေးရမလား …။

ကိုစန်းမောင် နဲနဲ ပေါက်လာပုံရသဖြင့် …သူလက်ကာပြလိုက်ပြီး..ကောင်မလေးကို ..သူ့ဘက်သို့ ဆွဲယူလိုက်မိသည်။ ကောင်မလေးကလည်း ကိုစန်းမောင်ကို နဲနဲ လန့်သွားပုံရ၏။ ချက်ချင်း ဆိုသလို…စွေ့ကနဲ..သူ့ဘက်သို့ ကပ်လာသည်။
 
ကောင်မလေးကို တစ်ခုခု ပြောရန် ကိုစိုးနိုင် ကြိုးစားကြည့်သည်။ အသံက လည်ချောင်းဝမှ မထွက်လာချင်သလို ဖြစ်နေ၏။ အသက်ကို တစ်ချက်ရှုလိုက်ပြီး….

မင်းက ..အသစ်လား  ဟု မေးလိုက်သည်။ ကိုထိုက်၏ ဘိုဘိုဟန် သီချင်းကြားတွင်

…သူ့မေးသံကို ကောင်မလေးက နားထွေးသွားဟန် ရှိသည်။
ရှင်..ဟု ..ပြန်ထူးပြီး..အူစီစီလေး ကြည့်နေ၏။ ဒီတစ်ခါတော့ ကိုစိုးနိုင် အသံကိုမြှင့်လိုက်သည်။
 
သြော်….မင်းက အလုပ်ဝင်တာ သိပ်မကြာသေးဘူးလား လို့ မေးတာပါ။

ဟုတ်..ဟုတ်ကဲ့ ။  လေးရက်တော့ ရှိပါပြီ။

သြော် ..သိပ်မကြာသေးဘူးကိုး….ဒါကြောင့်ပဲဖြစ်မည် ဟု ကိုစိုးနိုင်တွေးသည်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ဇောနှင့် ကိုယ်…၊ ကိုယ့် ရမ္မက်နှင့် ကိုယ် ….ရှိနေကြသော အခန်းငယ်ထဲတွင် …တွေးစရာ ၊ ပြောစရာ ရှိလာတာတော့…မဆိုးဟု ကိုစိုးနိုင်ထင်သည်။
 
ထို့နောက်တော့ ကိုစိုးနိုင် နှင့် ကောင်မလေး တို့ တစ်ခွန်းစ နှစ်ခွန်းစ မှသည်……လွန်းထိုးလွန်းပြန် ….မေးလိုက်ဖြေလိုက်….နှင့် ၊ လူချင်းကလည်း …နီးသည်ထက် နီးကပ် သွားနေသည်ဟု ကိုစိုးနိုင် ထင်သည်။ သူကပဲ တိုးသွားမိနေတာလား ..ကောင်မလေးကပဲ ..သူ့ဘက်သို့ မသိမသာ တိုးသည်ထက် တိုးလာတာပဲလား။ နှစ်ခုစလုံးပဲလား…….။ ကိုစိုးနိုင် မရေရာ ။
 
ဘာပဲဖြစ်ဖြစ် …ညသည်…ကုန်းအဆင်းတွင် အရှိန်ရစပြုလာသော ….စက်ဘီးတစ်စီးလို…. သွက်သည်ထက် သွက်လာခဲ့ပေပြီ။ ဘယ်အချိန်တွင် လက်ကိုင်ခါရမ်း ကသမ်းကရမ်း ဂျွမ်းစိုက်ကျချေမည် မသိ…။
 
ထိုညက …နှလုံးသား ၏ အေးစက်စက်ဖြင့် မှောင်နေသော ထောင့်စွန်းအကြိုအကြားတွင် ..မှောက်ခုံ အိပ်ပျော်နေသည့်… သူ၏ … ရင်ခုန်သံများ…တစ်ရေးနိုးလာခဲ့လေသည်။
 
(၃)

အရက်မူးသည်ထက်…ရမ္မက်မူးသည်က ….ပိုမိုမူးယစ်ရီဝေစေသည်လား….မပြောတတ်..။ သူတို့ အားလုံး….ကိုမြင့်သော် ၏ တိုက်ခန်းကို …ကောင်မလေး တစ်သိုက်နှင့် အတူ…ရောက်လာခဲ့ကြသည်။ ကိုယ်ဆီကိုယ်ဆီ …အခန်းများထဲတွင်….ကိုယ့်အရှိန်နှင့် ကိုယ်..ညနေခင်းကို အရောင်ခြယ်မှုန်း နေခဲ့ကြလေပြီ…။ ကိုစိုးနိုင်  သည် သူရင့်ခွင်ထဲတွင် အနဲငယ် တုန်ရင်နေသော … ယမုံ ဟူသည့် ကောင်မလေးကို ….မဖက်၏သို့ ဖက်၏သို့…အနေအထားဖြင့် …ထွေးဖက်ထားမိသည်။ စိတ်ဆင်ရိုင်းသည်…မုန်တိုင်းမွှေသလို.. သူ့ရင်ထဲတွင် ဗြောင်းဆန်နေပေပြီ။ ကလေးမလေး၏ ပါးပြင်တစ်ဖက်ကို သူ ငုံ့နမ်းမိသွားသည်။ သူ့ကို ရင်ချင်းအပ်ပြီး သူ့ကျောပြင်ကို သိုင်းဖက်ထားသော ကောင်မလေး၏ လက်များကလည်း ….တင်းကနဲ ဖြစ်သွားသည်။ ပါးပြင် နှစ်ဖက်ပေါ်တွင်..ဖြေးညှင်းစွာ ရွေ့လျားနေသော…ကိုစိုးနိုင်၏ နှာတံဖျားဆီမှ ထွက်သက်ဝင်သက် ..ရှုရှိုက်သံသည်…မူမမှန် တိမ်းစောင်းစ ပြုလာသည်။ ကောင်မလေး၏ နှုတ်ခမ်းဖူးဖူးလေးများကလည်း ….တစ်စုံတစ်ခုကို တိုးညင်းစွာ ပြောနေသလိုလို ထင်မှတ်လာရသည်။ လည်တံကျော့ကျော့လေးကို ကိုစိုးနိုင် ….ငုံ့နမ်းမိပြန်သည်။ တစ်ရွေ့ရွေ့ သွားနေသော ကိုစိုးနိုင်၏ ရမ္မက်အနမ်း များက…ကောင်မလေး၏ ဂုတ်သားလေးပေါ် အရောက်တွင်……တုံ့ကနဲ့ …ရပ်သွားခဲ့၏။
 
ညိုမည်းနေသော….အကွက်ကလေးတစ်ကွက်…။ ထိုအကွက်ကလေးကို နှာသီးဖျားဖြင့် ဖိထောက်မိချိန်တွင် …ကလေးမလေး ထံမှ အင့်ကနဲ ငြီးသံလေး ထွက်လာ၏။ ကိုစိုးနိုင် မျက်မှောင်ကုပ်မိသွားသည်။ တီရှပ်ကို ဟပြီး…ကောင်မလေး၏ နောက်ကျောဘက်ကို သေချာစူးစမ်းကြည့်မိသွားပြန်သည်။ …ညိုမဲနေသော …လက်ငါးချောင်းရာ….သည် နုနယ်သော ကောင်မလေး၏ အသား နုနုဖြူဖြူဖွေးဖွေး လေး ပေါ်တွင်…..ခရမ်းရင့်ရောင် သမ်းနေသည်အထိ….စွဲထင်နေလေသည်။ လက်ဝါးဖြင့် ပြင်းပြင်းထန်ထန် အရိုက်ခံထားရသည့် လက္ခဏာ အမှတ်အသားတစ်ခု….ပါကလား…။
 
စိတ်ထဲတွင် သောင်းကျန်းနေသော…စိတ်ဆင်ရိုင်းသည်… ဆင်ပစ်ရိုင်ဖယ်ကျည်ဆံဖြင့် ဦးကင်း တည့်တည့်ကို ချိန်ပြီး အပစ်ခံလိုက်ရသလို…..တုန်းကနဲ လဲကျသေဆုံးသွားတော့၏။ သတိ နှင့် လူ ကပ်မိ သွားချိန်တွင် ကိုစိုးနိုင် ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်ပြီး…၊ ကောင်မလေးကို…လက်ဆွဲကာ…ထို တိုက်ခန်းနှင့် ဝေးရာသို့ …အမြန်ဆုံး ထွက်လာခဲ့ မိတော့သည်။ … ဘယ်သူ့ကိုမှ နှုတ်မဆက်မိတော့…။
 
(၄)

နာရီကြည့်လိုက်တော့ ည..ကိုးနာရီထိုးခါနီးနေပြီ။ ထား …သူ့ကို မျှော်နေပေတော့မည်။ ဖုန်းပိတ်ထားသဖြင့် ..ခေါ်မရ ဖြစ်ပြီး..ပို စိတ်ပူနေနိုင်သည်။ ကိုစိုးနိုင် သက်ပြင်း ဟူးကနဲ ချမိသွားသည်…။ ကောင်မလေးကို …သူ…ပေးနိုင်သမျှ ငွေပေးခဲ့သည်။ သို့သော် သူမ ဘ၀အကြောင်းကိုမူ…မစပ်စုခဲ့တော့ပါ။ နာကျင်စရာ ကောင်းမည့်ဟန် ရှိသော ..သူမ ဘ၀ကိုလည်း …သူ မသိချင်တော့ပါ။ လက်လှမ်းမမီ မကယ်တင်ပေးနိုင်သော …သူ့အတွက် …လုပ်စရာက ဒါပဲ ရှိတော့သည်။ ဘာပဲဖြစ်ဖြစ်…သူပေးလိုက်သည့် ငွေပမာဏ..အရ..အထိုက်အသင့်တော့….ကောင်မလေးအဖို့…အသက်ရှုချောင်လာနိုင်သည်။ ထို့ထက်ပိုလျှင်…..ကောင်မလေး အဖို့ …အမှောင်ထဲမှ ရုန်းထွက်သွား နိုင်သည်အထိလည်း …ခွန်အားတစ်ခု ဖြစ်ချင်လည်း ဖြစ်လာပါလိမ့်မည်။ သို့မဟုတ် …ဖြစ်ချင်မှလည်း ဖြစ်လိမ့်မည်။ ဒီ့နောက်ပိုင်းထိတော့ ကိုစိုးနိုင် မတွေးတော့ချင်….။
 
ဘာမှ မလုပ်ပဲ …ငွေအထပ်လိုက်ကို …သူမ ပိုက်ဆံအိတ် ခပ်နွမ်းနွမ်းလေးထဲ…ထိုးသိပ်ထည့်ပေးနေသည့် … ကိုစိုးနိုင်ကို ကောင်မလေးက ကြောင်တက်တက်…မယုံနိုင်သလို …ငေးကြည့်နေသည်။ ခဏကြာမှ…အစ်ကို့ကို ကန်တော့ပါတယ် ဟု…..ကောင်မလေးက ယို့ယို့ကလေး …ထိုင်နေရင်း လက်အုပ်ချီ ၀တ်ပြု၏။ အကန်တော့ မခံဝံ့သလို ကိုစိုးနိုင် ဖြစ်နေမိသည်။ သူမ လက်ကလေး နှစ်ဖက်ကို …အသာဖြစ်ညှစ်ရင်း…..ကံကောင်းပါစေ..ညီမလေး ..ဟု …သာ သူ..ဆုပေးနိုင်ခဲ့သည်။
 
အပြန်လမ်းထိတိုင်….ရင်ထဲတွင် ..တစ်ချက်တစ်ချက်.. တစ်ဒုတ်ဒုတ်… သွေးဆောင့်တိုးနေသလို  …ခံစားရသည်။ အပြန်လမ်း တစ်လျှောက်လုံး….ထားမျက်နှာကို သူမြင်သည်။ သမီးရည်းစားဘ၀က ..ခံစားချက်များကို ပြန်သတိရသည်။ နှစ်ဖက်သဘောမတူချိန်တွင်….စွန့်စားခဲ့ရသည်များကိုလည်း ..ပြန်တွေးမိသည်။ လန်းဆတ်သော..ကားပြတင်းမှ..၀င်လာသည့် လေတစ်ဖျတ်ဖျတ်သည်…ဘာပဲဖြစ်ဖြစ် တဒင်္ဂတော့ ပြန်လည် လန်းဆန်းသွားစေခဲ့လေသည်။
 
ဘာပဲဖြစ်ဖြစ်… အိမ်ပြန်ရောက်လျှင်တော့ ….အချစ်ကို ပြန်လည်ပြုပြင်မွန်းမံရပေ ဦးတော့မည်။ သွေးခဲစပြုနေသော….အေးစက်မှုများကို ထိုးခွဲခြေမှုန်း နိုင်ရန်….သူ ပြင်ဆင် ရပေမည်။ နေ့စဉ်ပုံမှန် လည်ပတ်နေသော..ငြီးငွေ့စရာ နေ့စွဲများကို …ပြောင်းပြန်လှန်သင့်လျှင် လှန်ပစ်ရမည်။ အလုပ်ကနေ ခွင့်ရက်ရှည်ယူရမည်။ ဖြစ်ချင်ရာဖြစ်….ခရီးတစ်ခု စီစဉ်ပြီး…ထားနှင့်သူ …ပျားရည်ဆမ်းခရီး ထွက်ရမည်။ ထားသည်လည်း …..နေ့စဉ်အိမ်တွင်းအောင်း နေ့ရက်များတွင်… အတွေး ပင့်ကူအိမ်စွဲ ကာ… .ငြီးငွေ့နေရှာပေရောမည် …ဟု သူ..ခုမှပိုတွေးမိလာသည်..။ မောင်ပြန်လာပြီ ….ထားရေ…။ အချစ်ရေ….ကိုယ်တို့ အချစ်ကို ပြန်လည်ပြုပြင်မွန်းမံကြရအောင် ..လား..။
 
ကိုစိုး ….

27 . 1 . 2014 တနင်္လာနေ့ ည (10း10)
( စာကြွင်း….။      လူသားတို့၏ ဘ၀တွင်….တစ်ခါတစ်ရံ…. အဟောင်းများကို ငြီးငွေ့ စိတ်ကုန်လာပြီး…..အသစ်အဆန်းများနှင့် စူးစမ်းထိတွေ့လိုမှု ပြင်းပြလာ တတ်သော …အချိန်ကာလများ ရှိလာတတ်ကြပေသည်။ ဥပမာအားဖြင့် ..အောက်ပါ အသက်ပိုင်းများကို ရောက်ရှိလာချိန်တွင်….ကျားမ မရွေး…. ထိုကဲ့သို့ပင် မူလရှိရင်းစွဲများအပေါ် ငြီးငွေ့စိတ်ကုန်ခမ်းမှုများ ဖြစ်ပေါ်လာတတ်ကြပေသည်။

အသက်အားဖြင့် …( ၂၀ ၊ ၂၇ ၊ ၃၄ ၊ ၄၁ ၊ ၄၈ ၊ ၅၅ ၊ ၆၂ ၊ ၆၈ ) စသော အသက်ပိုင်းများ နှင့် သောကြာဂြိုဟ်အိပ်ကာလများ ၊ သောကြာအန္တရဒသာကာလများ… အတွင်း….။

ထိုအချိန်ကာလများကို ….ရင်ဆိုင်လာရချိန်တွင်..အခါအခွင့်လည်း ပေးလာကြသည့်အခါ… အိမ်ထောင်ရေးတွင် ဖောက်ပြန်မှုများ..၊ နယ်ကျော်စည်းကျော် လွန်ကျူးမိမှုများ…ဖြစ်ပေါ်လာတတ်ကြပေသည်။

ယင်းအချိန်များကို တင်ကြိုသိရှိထားခြင်းအားဖြင့်…မိမိတို့၏ စိတ်လိုလားချက် နှင့် အချိန်ကာလ အလိုက် ပြောင်းလဲဖြစ်တည်လာသော… တောင့်တချက်များကို…. သဘောပေါက်ကာ… ထိုက်သင့်သော …ပြောင်းလဲနေထိုင်မှုများ ၊ ပြင်ဆင်မှုများ ထားနိုင်လာပါလိမ့်မည်။ အထူးသဖြင့် မိန်းမသား အိမ်ထောင်ရှင်မများအဖို့… မိမိတို့အမျိုးသား ထိုအသက်ပိုင်းမျိုး ထိုကာလမျိုး ကြုံကြိုက်နေချိန်များတွင်… နားလည်သဘောပေါက်ထားကာ… .မကောင်းသည့်ဘက်တွင် မရောက်နိုင်အောင် …ထိမ်းမတ်ပေးနိုင်ကြပါလိမ့်မည်။

အမျိုးသားများအဖို့လည်း…မိမိတို့၏ ဇနီးသည်တွင် ထိုကာလမျိုးတိုက်ဆိုင်နေချိန်တွင်… အိမ်တွင်းပုန်း ပိတ်လှောင် ထားမိခြင်းမျိုး အမှားကို မကျုးလွန်မိတော့ဘဲ…၊ သူမ ၏ စိတ်သစ်လူသစ် ခံစားချက်များကို ကူညီဖေးမ ပေးနိုင်ပါလိမ့်မည်။ သို့မဟုတ်ပါမူ…..မဖြစ်သင့်သော….အမျိုးသားဖြစ်သူ အငယ်အနှောင်း ထားခြင်း..၊ ပြင်ပတွင် ပွေမိရှုပ်မိသဖြင့် …လင်မယား ကတောက်ကဆများကြရခြင်း၊ အမျိုးသမီးဖြစ်သူ… မဖြစ်စဖူး… ပေါက်ကွဲဒေါသထွက်ကာ..အိမ်မှ ဆင်းသွားခြင်းမျိုး ကဏ္ဍများ…အဆိုပါကာလ များတွင် ပေါ်ပေါက်လာစေနိုင်ပါသည်။
 
မည်သို့သော ပြောင်းလဲပြင်ဆင်မှုမျိုး ပြုလုပ်သင့်သနည်း ဟူသည့်အချက်များကိုလည်း မှတ်စု ထုတ်ထားသည့် အချက်များအပေါ်မူတည်ကာ …ဆောင်းပါးတစ်ပုဒ် ထပ်မံရေးသား တင်ပြပေးပါမည်။
 
ထိုဆောင်းပါးသည် အိမ်ထောင်သည်များအတွက်သာ အဓိက ရည်ညွှန်ရေးသားရပါလိမ့်မည်။ sex နှင့် ပတ်သက်သော အပြောင်းအလဲ ကဏ္ဍများမှ အစ….အိမ်ထောင်ရေး တစ်ခု အတွက် အရေးပါနိုင်သော…ကဏ္ဍများကို ဗေဒင်ပညာရပ်ဆိုင်ရာ ရှုထောင့်မှ….ပွင့်လင်းစွာ ဆက်လက်ရေးသားပေး ပါဦးမည်ခင်ဗျား….။ )
 
ချမ်းမြေ့ကြပါစေ။
ကိုစိုးမိုးထွန်း(ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
phone 01 618 469 , 09 318 17287

Post a Comment
 

Posts Comments

©2006-2010 ·TNB