မောင်သိန်းလွင်ရဲ့ မြားနတ်မောင်

Wednesday, October 1, 2014




ရုပ်ရှင်မင်းသား ကိုလွင်မိုး ဆိုတာ ..ကျွန်တော် တို့ လူရွယ်ဘ၀က သဘောကျတဲ့ သရုပ်ဆောင်တစ်ဦးပါ။ အဲဒီ့တုန်းက ကိုလွင်မိုးက ပိန်ပိန်ပါးပါး နဲ့ တစ်ကယ်လည်း ကြည့်ကောင်းပါတယ်။ တနည်းအားဖြင့် …အဲဒီ့ခေတ်က လူချောမင်းသားပါ။ 



မောင်သိန်းလွင်….

မောင်သိန်းလွင် ဆိုတာက ..ကျွန်တော့်အမေရဲ့ မောင်ဝမ်းကွဲတစ်ဦး ၊ ကျွန်တော်ရဲ့ ဦးလေး တစ်ယောက် ဆိုပါတော့..။ ပြောရရင်တော့ အဲဒီ့ခေတ်က ကိုလွင်မိုးချောတယ်ဆိုတာ… ကျွန်တော့်ဦးလေး … အိပ်နေသလောက်ပဲရှိတယ်လို့ ညွှန်းရမှာပါပဲ။ တစ်ကယ်ကို အရပ်အမောင်း ၊ အသားအရေ ၊ မျက်နှာကျ ၊ အစဉ်ပြုံးနေတဲ့မျက်နှာ ပေါ်က ရွှင်နေတဲ့ အကြည်ဓါတ် ၊ လေးထောင့် ဆန်ဆန်မျက်နှာ နဲ့ ပခုံးကျယ်ကျယ် ၊ ရင်အုပ်ပြည့်ပြည့်….ကဲ..စဉ်းစားကြည့်မိသမျှ ..နဲ့တင်…ဒီလူတော်တော်ဖြောင့်တာပဲ လို့.. ဆိုရမယ့်အနေအထားပါပဲ။

အဲဒီ့ မောင်သိန်းလွင် ဆိုတဲ့ …ကျွန်တော်ဦးလေးက …သောကြာသိုက်ဖွား ပါ။ အိမ်ချင်းခြံချင်းကလည်း ကပ်လျှက်ရှိခဲ့တာမို့ ဦးလေးအကြောင်းကို ကျွန်တော် အနီးကပ်ဆိုသလို သိနေမြင်နေခဲ့ရပါတယ်။  ဦးလေး တို့ကို နွမ်းပါးပါတယ်။ ဒါကြောင့် ကျွန်တော့်ဖခင်ကြီးက …မန္တလေးဈေးချိုမှာ ဆိုင်လုပ်ငန်းဖွင့်ပြီး စီးပွားဖြစ်လာတဲ့အခါ…မောင်သိန်းလွင် ကို …ခေါ်ပြီး အလုပ်ခန့်ပေးထားပါတယ်။ အလုပ်ခန့်ပေးသည် ဆိုသည့်တိုင်အောင် …ယောက်ဖဖြစ်တဲ့ မောင်သိန်းလွင်ကို အဖေက ညီအရင်းလိုပဲ သဘောထားပြီး ဆင်ပေးမြန်းပေး ..စတိုင်ကျအောင် ထားပေးထားတော့…ဘယ်ပြောကောင်းမလဲ….၊ နတ်မြင်းပျံ ချိုတပ်ပေးလိုက်သလိုပါပဲ။ မန်းဈေးချိုထဲက …ဈေးသည်အပျိုကြီးတွေက မောင်မောင်သိန်း…ဆိုတဲ့ စကားလုံး ပါးစပ်ဖျားက မချတော့ပါ။ တိုတိုပြောရရင်…အမရပူဘက်က ရွာလေးတစ်ရွာက …အပျိုကြီးတစ်ယောက်နဲ့ ငြိပါတော့တယ်။

အပျိုကြီးထဲမှာတော့ …အဲဒီ့အပျိုကြီးဟာ တော်တော်လေးကို ရုပ်အဆင်းချို့တဲ့ရှာပါတယ်။ အသားမဲထူ ဗိုက်ကပူ..နှုတ်ခမ်းပြဲစူစူ ဆိုတာမျိုး ….ဖြစ်နေရှာတဲ့ အထိပါပဲ။ ဒီလောက် အားနဲတဲ့ ရုပ်အဆင်းပိုင်ရှင်ကို ကျွန်တော့်ဦးလေးက ဘာလို့ ကြိုက်သလဲ။ ရှင်းပါတယ်။ နွမ်းပါးတဲ့မိသားစု က ဆင်းသက်လာတဲ့ ဦးလေး မောင်သိန်းလွင်အဖို့…ငွေနဲ့စီးပွားကို ကြိုက်လို့ပါပဲ။ မရခင်ကတော့ အပျိုကြီးတွေကလည်း …အမျိုးမျိုး…သိမ်းသွင်းရှာပါတယ်။ ညားပြီးရင် ငါတို့ညီမအပျိုကြီးနဲ့ မောင်သိန်းတို့ ကို စီးပွားဘယ်လို ခွဲပေးမယ့်အကြောင်း၊ အရင်းအနှီးအတွက် ပူစရာမလိုကြောင်း၊ မိဘများ ကိုလည်း ထောက်ပံ့နိုင်ကြောင်း…၊ တက္ကသိုလ်ကိုလည်း ဆက်တက် နိုင်ကြောင်း….၊ ကြောင်းကြောင်းကြောင်း…..တွေပေါ့လေ။

အဖေကတော့ တားရှာပါတယ်။ ငါ့ယောက်ဖနှယ်….ငွေပဲမြင်တယ်…အရှည်မမြင်ဘူး လို့ လည်း ငြီးရှာပါတယ်။ အမေကတော့ ခါးခါးသီးသီးတားပါတယ်။ ဒါပေမယ့် မရတော့ပါဘူး…။ နဖူးစာကံ ဖန်လေပြီကိုး…။ ဒါနဲ့  ခြိမ့်ခြိမ့်သဲ မင်္ဂလာမှုပြုလိုက်ကြတာ… လာသမျှဧည့်သည်တိုင်းက …တီးတိုးတီးတိုး မေးထိုးကဲ့ရဲ့စရာဖြစ်တဲ့အထိပါပဲ။

မည်သို့ပင်ဖြစ်စေကာမူပေါ့လေ………

မောင်သိန်းလွင် နဲ့ အပျိုကြီး တို့ ညားသွားကြပါတယ်။
ဒီလိုနဲ့ ………. မောင်သိန်းလွင်က ကျောင်းဆက်တက်ပါတယ်။ ထင်တားသည့်အတိုင်း လုပ်ငန်း ခွဲပေးတာမျိုးတွေတော့ ဖြစ်မလာပါဘူး။ ထို့နည်းတူစွာပဲ မောင်သိန်းလွင် တစ်ယောက် အိမ်ကိုလည်း ထင်ထားသလို မထောက်ပံ့နိုင်ခဲ့ပါ။ ကျောင်းတော့ အဖေ့မျက်နှာလည်းရှိတာမို့ ဆက်ထားပေးကြပါတယ်။ မန်းတက္ကသိုလ်မှာ ….တက်နေစဉ်မှာ …လေးခုကြွင်းဖွား သောကြာ သိုက်ဖွား မောင်သိန်းလွင်ရဲ့ နဖူးစာကံက ထပ်မံ အသက်ဝင် လာပြန်ပါရောလား။

မန္တလေးတိုင်း ရဲမှုကြီးရဲ့ သမီးကညာ နဲ့ …နီးရာကနေ စပ်လိုက်ကြတာ…၊ မိန်းမရှိမှန်း သိသိနဲ့ကို…မောင့်ကိုရမယ်ဆိုရင်..ဘာလုပ်ရ လုပ်ရ ဆိုပါပဲ။ အခြားတစ်ဖက်မှာလည်း …ခယ်မအပျိုကြီးတွေနဲ့ မောင်သိန်းလွင်တစ်ယောက် အဆင်မပြေ ဖြစ်မှုတွေက များသည်ထက် များလာပါတယ်။ ထင်သလို အိမ်ခွဲမနေရတော့လည်း ..ကြာတော့ အဆင်မပြေကြတော့ပါဘူး။ မယားဖြစ်သူ ကလည်း …အစ်မတွေကို မလွန်နိုင်တော့ ..အိမ်ခွဲနေဖို့  အစီအစဉ်က မဖြစ်မြောက် လာခဲ့ဘူး ဆိုပါတော့ ။  ဒီဂရီ အမြင့်ဆုံး အနေအထားမှာ မောင်သိန်းလွင်တစ်ယောက်…အိမ်ပေါ်ကနေ ဆင်းသွားပါတော့တယ်။ အများက ထင်ထားကြတာကတော့ ရဲမှုးကြီးသမီးနဲ့ လိုက်သွားပြီပေါ့လေ။ ဒါပေမယ့် အဲဒီ့လိုလည်း မဟုတ်။

မောင်သိန်းလွင် စိတ်ကူးပေါက်ရာကို…. မြန်မာပြည်အနှံ့ ကြုံသလို ဖြစ်သလို နေထိုင်စားသောက်ပြီး …သွားချင်ရာ သွားနေခဲ့ပါတယ်။ နောက်မှာကျန်ရစ်ခဲ့တဲ့ ..မယားနဲ့ တစ်ဦးတည်းသော သမီးငယ်ကလေးကိုလည်း …အပြီးတိုင် ချန်ရစ်ခဲ့ပါတော့တယ်။

ကျွန်တော်နဲ့သူ တစ်ကြိမ်ပြန်ဆုံချိန်ကတော့ 1999 ခုနှစ် … တာချီလိတ်မြို့မှာပါ။ ငှက်ဖျားမိပြီး သေမလိုရုပ်လက္ခဏာ ၊ အစာအာဟာရ ပြတ်တောက်နေတဲ့ ဖျော့တော့တော့ မျက်လုံးတွေ နဲ့ ဘယ်က ဘယ်လို…စုံစမ်းရလာမှန်းမသိတဲ့ ကျွန်တော့်ဖုန်းနံပါတ်တွေကို …သူဆက်သွယ်လာပြီး ..သူ့ကို ကယ်ပါဦး ပြောလာပါတယ်။

သူအားကိုးလာတဲ့ ကျွန်တော်ကိုယ်တိုင်က အဲဒီ့အချိန်မှာ အိမ်ထောင်ရေးအဆိုးဆုံးအချိန် ၊လောကဓံ ပြင်းထန်နေချိန် ဖြစ်နေပါတယ်။ ဒါပေမယ့် ကိုယ့်ဦးလေး အမေ့မောင်ဝမ်းကွဲမို့ မနေရက်ပါဘူး။ အဲဒီ့အချိန်တုန်းက ..ရုံးကထုတ်ပေးထားတဲ့ …ဆိုင်ကယ်လေးနဲ့ ..သူပြောတဲ့နေရာကို သွားတွေ့ပါတယ်။ မြင်လိုက်ရတော့ တော်တော်ကို စိတ်မကောင်းပါဘူး။ ဒါနဲ့ …. ပါလာတဲ့ ပိုက်ဆံလေးကို ဆိုင်ကယ်ဆီဖိုးသာ ချန်ပြီး သူ့ကို ပေးခဲ့လိုက်ပါတယ်။

ကျွန်တော့်ဘ၀မှာ ဆန်းကျမ်းဗေဒင်စာအုပ်ကလေးကို မွေးနေ့လက်ဆောင်စပြီး ပေးခဲ့ဖူးတဲ့ သူဟာ ဒီဦးလေးရယ်ပါ။ ဒါကြောင့် ကျွန်တော် တတ်တဲ့ပညာနဲ့လည်း သူ့ကို တွက်ချက်ပြီး ထိုက်သင့်တဲ့ အကြံဥာဏ်ပေးခဲ့ပါတယ်။ သောကြာသိုက်ဖွားတွေအတွက် …အညွန့်ဂြိုဟ်က စနေဂြိုဟ်ပါ။ လေးခုကြွင်းမဟာဘုတ်ဇာတာပေါ်မှာ စနေဂြိုဟ်ဟာ မရဏဌာနမှာ ရပ်တည်နေပြီး ကသစ်မူနေပါတယ်။ ဒါကြောင့် ..ဦးလေးကို ကျွန်တော်က …

စနေနေ့တိုင်း ကုသိုလ်သီလကို အထူးစောင့်ထိမ်းဖို့ ၊ ကိုယ့်လူမျိုးအချင်းချင်းထက် ..လူမျိုးကွဲ လုပ်ငန်းရှင်တွေ ဆီမှာ အလုပ်တောင်းကြည့်ဖို့ ၊ စနေနေ့ဖွား ဘုရားရှင်အပေါင်းကို ရည်စူး ကြည်ညို ကန်တော့ဖို့ ၊ စသည်ဖြင့် စသည်ဖြင့်….စနေဂြိုဟ် အပေါင်းသဘောဖြစ်လာစေမယ့် ….ယတြာပိုင်းတွေကိုချည်းပဲ ..လမ်းညွှန်ပေးခဲ့ပါတယ်။

နောက်တစ်ကြိမ်သူနဲ့ ကျွန်တော် ထပ်တွေ့ဖို့မလွယ်ဘူးဆိုတာကိုလည်း အဲဒီ့ကတည်းက ကျွန်တော် သိနေခဲ့လို့ပါ။

ကိုစိုးရာ ကျေးဇူးတင်လိုက်တာကွာ။ မင်းသာမလာရင် ငါတော်တော်အခြေအနေဆိုးတော့မှာလို့ သူပြောရှာပါတယ်။ တစ်ကယ်တော့ …ကျွန်တော်မလာခင်ကတည်းက သူ့အခြေအနေက ဆိုးနေပါပြီ။ လက်ရှိ သူကပ်နေတဲ့ အိမ်ရှင်လင်မယားကလည်း ဆွဲမချရုံတစ်မယ် သူ့ကို နှင်ချချင်နေလောက်အောင် ဘ၀ပျက်နေတာပါ။

ထားပါတော့ ..။ ၂၀၀၀ ခုနှစ်မှာ တာချီလိတ်မြို့တာလော ဈေးထဲမှာ ကျွန်တော်နဲ့သူ ထပ်ဆုံဖြစ်ပါတယ်။ မိုင်းဖုံးကနေ ပြန်ရောက်လာကာစမို့ …ကျွန်တော့်တစ်ကိုယ်လုံးနဲ့ ဆိုင်ကယ်တစ်စီးလုံးမှာ လည်း ဖုန်တွေ ၀ါထိန်နေအောင် လူးကပ်ပေကျံနေပါတယ်။

ပင်ပန်းလွန်းလို့ အခါအမျိုးသမီးတစ်ဦးရောင်းတဲ့..ဆိုင်ကယ်တက္ကစီ သမားတွေ သောက်လေ့ရှိတဲ့ လမ်းဘေးယမကာ ဆိုင်လေးရှေ့မှာ ဆိုင်ကယ်ရပ်ရင်း …ဂျင်နှစ်ပက် နဲ့ အသားချောင်း နှစ်ကင် ကို… ကျွန်တော် ၀ယ်လိုက်တဲ့အချိန်မှာပဲ…၊

ကိုစိုး….ကိုစိုးမဟုတ်လား လို့ မေးသံကြားလိုက်ရပါတယ်။ ကြည့်လိုက်တော့ …
အသားဖြူဆွတ်နေတဲ့ အရပ်မြင့်မြင့် တီရှပ်ဘောင်းဘီဝတ် အမျိုးသားတစ်ယောက်ကို တွေ့ရပါတယ်။ လက်မှာလည်း ဟန်းချိန်းနဲ့ …ဆွဲကြိုးကလည်း  အတုတ်ကြီးကို တီရှပ်ပေါ်(ထိုင်းယောကျာ်းတွေလိုပဲ) ထုတ်ဝတ်ထားပါတယ်။

ကျွန်တော့်ဦးလေး ဇာတ်လိုက်ကြီး မောင်သိန်းလွင်ပါပဲ။

မင်းကွာ……ကြည့်စမ်းပါဦး…၊ ဖုန်တွေလည်း တစ်ကိုယ်လုံးဖွေးဥနေတာပဲ ၊ ငါ့တူ…တော်တော် ဘ၀သမားဖြစ်နေပုံရတယ်။

ကျွန်တော်တော်တော် အံ့သြသွားတာအမှန်ပါပဲ။ ပြီးခဲ့တဲ့တစ်နှစ်လောက်တုန်းက …ညိုးခြောက်နေတဲ့ အသားအရေ ၊ ငှက်ဖျားနှိပ်စက်လို့ ဖျော့တော့နေတဲ့ မျက်နှာပြင်ပေါ်က ..ကယောင်ခြောက်ခြား ဟောက်ပက်မျက်လုံးတွေ…၊ စုတ်ဖတ်ညစ်ထေးနေတဲ့ အဆင်းအရောင်တွေ အားလုံး ..နဲ့ ဆန့်ကျင်စွာပဲ….ယခုတော့ ကျွန်တော့်ဦးလေးဟာ မိုးကျရွှေကိုယ်အလား …၀င်းစိုတောက်ပနေပါတယ်။ ယောကျာ်းထဲမှာတော့ တော်တော်ဖြောင့်တဲ့ ယောကျာ်း ပဲ လို့ ..အသိမှတ်ပြုရလောက်အောင် ဖြောင့်တဲ့ လူလို့ ထပ်မံအသိမှတ်ပြုမိသွားပါတယ်။

ဟာ…လေးသိန်း …တယ်ဟုတ်နေပါလားဗျ..၊ ကြည့်ရတာ ဟန်ကျနေပုံပဲ ..။ ကျွန်တော်က ခေါ်နေကြအတိုင်း ..သူ့ကို လေးသိန်း လို့ ခေါ်ပြီး ….နှုတ်ဆက်လိုက်ပါတယ်။

အေးကွ…ငါ့တူရ…ငါအခု ဟိုဘက်ကမ်းမှာ … ကျောက်သွေးစက်ရုံမှာ မန်နေဂျာ လုပ်နေတယ်။ ဘော့စ်က ငါ့တူပြောသလို လူမျိုးကွဲပဲကွ ၊ ငါ့ကို အရမ်းယုံကြည် အားကိုးတော့ အခန်းက အစ အားလုံး ပြည့်ပြည့်စုံစုံအဆင်ပြေတယ်ပေါ့ကွာ။ အဲဒါ..မင်းကို လာပြောတာ။ မင်းယောက်ခမကြီးနဲ့ တွေ့ခဲ့သေးတယ်။ ဒီအချိန်လောက်ဆို တာလောဈေးဘက်မှာ မင်း ကို ရှာရင်တွေ့လောက်တယ် ဆိုလို့ လိုက်လာတာ  ..ဟု သူဆိုသည်။

ဘာပဲဖြစ်ဖြစ် … ကျွန်တော် သူ့ကို ကြည့်ပြီး စိတ်ချမ်းသာသွားလိုက်တာကတော့ အမှန်ပါပဲ။ အပျော်တွေ ကူးစက်သွားသလို…ခံစားရပါတယ်။
ဒီမှာ …မင်းကောငါ့တူ…အဆင်မပြေရင် ကျောက်သွေးစက်ရုံမှာ အလုပ်လုပ်ချင်ရင် ..လိုက်ခဲ့လို့ရတယ်။ ငါနဲ့တန်းတူတော့ မနေရဘူးပေါ့ကွာ။ အလုပ်သမားတွေနဲ့ အတူနေ၊ အတူစားရမယ်၊ မြန်မာအလုပ်သမားအုပ်စုထဲမှာ ငါမင်းကိုသွင်းပေးထားလို့ရတယ်။ လိုက်ခဲ့မလား …။

ဒီတစ်ခါတော့…..မပြုံးဘဲ …၀ါးလုံးကွဲ …ကျွန်တော် ရယ်မိပါတော့တယ်။ လက်ထဲက ကိုင်ထားတဲ့ မသောက်ရသေးတဲ့ ဂျင်ခွက်ကို ဂွပ်ကနဲနေအောင် ကျွန်တော် မြန်မြန်မော့ပစ်လိုက်ရတယ်။ သီးမှာ စိုးလို့ ….ရယ်ချင်စိတ်ကို မနဲ မြိုထားပေမယ့် မရပါဘူး။

မျက်ရည်သီးလာအောင် ရယ်နေတဲ့ ကျွန်တော့်ကို ဦးလေးက …ပြုံးကြောင်ကြောင် နဲ့ လိုက်ကြည့်နေတယ်။
လေးသိန်း….ကျွန်တော် ဘယ်လိုလူ ဆိုတာ…တစ်ကယ်မသိတော့ဘူးလား….
ရယ်ရင်း …သူ့ကို ဒီစကားတစ်ခွန်းပဲ ပြန်မေးလိုက်ပါတယ်။ အဲဒီ့တော့မှ ..သူလည်း ရောယောင်ရယ်မောရင်း….
အေးပါကွာ…ငါလည်းသိပါတယ် …မင်းလုပ်မှာမဟုတ်ပါဘူး..။

လို့  စကားလျှောချသွားရှာပါတယ်။ 

ကျွန်တော် ဆိုတဲ့လူကလည်း ….ကိုယ့်ဆန္ဒနဲ့ကိုယ် လိုလိုချင်ချင် ကိုင်းညွတ်ပေးရမယ်ဆိုရင် …ကိုယ်လေးစားရတဲ့သူကို ဖိနပ်သုတ်ပေးဖို့အထိ ၀န်မလေးပေမယ့်…၊ ဦးလာချိုးနှိမ်လာရင်တော့ … … …. ….. ။

ဦးလေးဆိုတော့လည်း သီးခံခွင့်လွှတ်နားလည်ပေးရပါတယ်။  ဘာပဲဖြစ်ဖြစ် အဆင်ပြေနေတဲ့ မိုးကျရွှေကိုယ်တော် အမေ့မောင်ကို …ကြည့်ပြီး …တစ်မျိုးတော့ စိတ်ချမ်းသာသွားရတယ်။ တာချီလိတ်မှာ ကျွန်တော် နေထိုင်ဖြတ်သန်းရတဲ့ အချိန်က …ဘ၀ကံဇာတာဟာ… ကြောက်ခမန်းလိလိ ကြမ်းတမ်းမှုတွေ၊ ထူးဆန်းတဲ့လူနေမှု ဘ၀တွေ၊ အညာမှာနေစဉ်က အိပ်မက်တောင် မမက်ခဲ့ဖူးတဲ့ အရပ်ဒေသနဲ့ လူ့အသိုက်အ၀န်းတွေ စုံလင်လှပါတယ်။

ရွှေတြိဂံ ဘက်မှာ မှောင်ခိုကယ်ရီသမားတွေ သွားတတ်တဲ့ လမ်းဖြစ်ရုံ တောလမ်းတစ်လျှောက်မှာ … နေ၀င်ရောရီ ညဘက်တွေ ၊ တစ်ယောက်ထဲ …ဆိုင်ကယ်အစုတ်ကလေးနဲ့ လည်း ဖြတ်သန်းခဲ့ရဖူးချိန်တွေပါ။ သူပုန်ရယ် …ကျားရယ်…ကိုယ်ရယ်….ကံမကြုံလို့ မဆုံတာပဲ ၀မ်းသာလှချေရဲ့ကွယ် …လို့တောင် ပြောရမယ့် အနေအထား။

တာချီလိတ်ရောက်ကထဲက …ကျွန်တော့်စိတ်ဓါတ်တွေ ဟာ ….နဂိုကတည်းက မာတောင်တောင်ကျွတ်ဆတ်ဆတ် ဖြစ်နေရာကနေ ….သေမထူးနေမထူး  ခါးစောင်းတင် အရွဲ့တိုက် ၊ တုံးဆိုတိုက် ကျားဆိုကိုက်မယ့် …အခြေအနေထိဖြစ်လာစေပါတယ်။

ထားကြပါစို့။ မောင်သိန်းလွင်အကြောင်းခရီးဆက်ရရင် …အဲဒီ့နေ့က ..သူ ကျွန်တော့်ကို လာတွေ့ပြီး ပြန်ခါနီးမှာ….နှုတ်ဆက်တော့ ….ရှေးယခင်လိုဗေဒင်တွက်ခိုင်းတာမျိုး သူကျွန်တော့်ကို …အပူမကပ်သွားတော့ပါဘူး။ လူတွေ ဆိုတာကလည်း ….အများစုက အဆင်မပြေဖြစ်ကြမှသာ ကယ်ပါယူပါ တစ်စာစာ နဲ့ ဗေဒင်မေးရ ..နတ်မေးရ ဖြစ်တတ်ကြတာကလား။ ( အင်မတန်မှားတဲ့ အယူအဆတစ်ခုပါ) ။

တစ်ကယ်တော့ ဗေဒင်ဆိုတာ…သဘာဝကို နားလည်အောင်သုံးသပ်ပြီး…လိုက်လျောညီထွေ အကျိုးဖြစ်စေအောင် နေထိုင်ကျင့်ကြံရတဲ့ အတတ်ပညာတစ်ခုပါ။ ကံဆိုးမှ ဗေဒင်မမေးပါနဲ့၊ ကံမဆိုးခင်…သာ ဗေဒင်မေးပြီး ၊ ဖြစ်နိုင်သမျှ ကံမတိမ်းမစောင်းအောင် ကျင့်ကြံနေထိုင်နိုင်မယ့် နည်းလမ်းတွေကို ကြိုတင်ရှာဖွေထားပါ။ ဒါကသာ တစ်ကယ် အကျိုးလိုလားရာ ၊ ပညာရှိစွာ အသက်ရှင်နေထိုင်ခြင်း ဖြစ်ပါတယ်။

ခုတော့….အဲလိုမဟုတ်ကြပါ။ တော်တော်များများက ….ကံသာတုန်း….ဗေဒင်မယုံဘူးဟေ့ လို့ ဟစ်ကြွေး ၊ ကူကယ်ရာမဲ့ ချိန်ရောက်မှ….ဆရာရယ် ကယ်ပါဦးဆိုပြီး …အရှုပ်ထုပ်ကြီး ဆွဲလာပြကြတာမျိုး။

ခုလည်း ….ဦးလေးဖြစ်သူ ဟိုဘက်ကမ်းကို ပြန်တော့မယ် ဆိုတော့ …မောင်ဖုန်းတို့ မနေနိုင်ပါဘူး။ သူမမေးပေမယ့်….သတိပေးစရာရှိတာလေးတွေ သတိပေးလိုက်ပါတယ်။

လေးသိန်း…မိန်းမထပ်ရလိမ့်ဦးမယ်။ ရပြီးရင်လည်း ကွဲလိမ့်မယ်။ အရမ်းကောင်းစားလွန်းချိန်မှာ သတိထား…၊ အမြင့်ဆုံးသွားရင် နိမ့်သွားတတ်တယ်။ အနိမ့်ဆုံးသွား ရင်လည်း ပြန်မြင့်သွား ဦးမယ်။ လေးသိန်းနာမည် အဖျားစာလုံးက ဘင်္ဂမှာ ဥစ်မူပြီး ရပ်ထားတယ်။ မိန်းမတွေကြောင့်ပဲ ဘ၀ကံမြင့်တက်သွားနိုင်သလို… မိန်းမတွေကြောင့်ပဲ ဘ၀ပျက်သွားနိုင်သေးတယ်။ ကဲ…လေးသိန်း…ဘိုင့်ဘိုင်။ 

ဒီ့နောက် ကျွန်တော်တို့ ခွဲခွာခဲ့ကြတယ်။
+++++++++++++++++++++

ဆယ်နှစ်ကျော် …ဆယ့်တစ်နှစ်…။ ကျွန်တော်လည်း ရန်ကုန်ရောက်နေခဲ့ပါပြီ။ ကျွန်တော်အဖေရဲ့ ဘ၀နောက်ဆုံးချိန်ကာလ ၊ ရန်ကုန် ဦးနှောက်နှင့်အာရုံကြော ဆေးရုံကြီးမှာ တင်ထားရချိန်။ လေးသိန်းတစ်ယောက် ပြန်ပေါ်လာပြန်ပါတော့တယ်။

ညှိးချုံးနေတဲ့ မျက်နှာ၊ ၅၀နဲ့၆၀ကြား မသိမသာလွှမ်းလာတဲ့ ဇရာအရေးအကြောင်းများ ၊ လောကဓံကြောင့် ညို့ရီနေတဲ့မျက်လုံးတွေ နဲ့ မိုးကျရွှေကိုယ်ဟာ …ရောင်ဝါပြိုကျနေပါပြီ။

အဖေဟာ သူ့ယောက်ဖကိုတော့ အင်မတန်ချစ်ရှာပုံရပါတယ်။ စကားမပြောနိုင်တဲ့ကြားက … လှုပ်နိုင်နေဆဲ ...လက်တစ်ဖက်နဲ့ ယောက်ဖဖြစ်သူခေါင်းကို ခေါက်ပြရှာတယ်။ ပြီးတော့ ခေါင်းကိုလက်ညိုးထိုးပြရှာတယ်။

ဟေ့ကောင် သိန်းလွင်…၊ စဉ်းစဉ်းစားစားလုပ်ဟေ့ လို့ ပြောခဲ့ချင်ပုံရပါတယ်။

ဆေးရုံမှာ လေးသိန်းတစ်ယောက် အဖေ့ကို လူနာစောင့်လာလုပ်ပေးခဲ့ရှာပါတယ်။ ကျွန်တော်နဲ့အတူ ဆေးရုံမှာ ညစောင့်ကြရင်း ..သူ့ဘ၀အကြောင်းတွေ ပြန်ပြောပြတယ်။

ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ …သူထိုင်းမလေးတစ်ယောက်နဲ့ အိမ်ထောင်ကျသွားတယ်။ သားလေး တစ်ယောက် သမီးလေးတစ်ယောက်ထွန်းကားတယ်။ အိမ်ကိုဝင်ထွက်သွားလာနေတဲ့ မိတ်ဆွေရင်း တစ်ယောက်က သူ့မယားကိုကြာခို ၊ မယားက ခွေးဇာတ်ခင်း ၊ သိသိနဲ့ ငြင်း ။ နောက်ဆုံး အဆင်ပြေနေတဲ့ အလုပ်ကိုရော ၊ မယားကိုရော သားသမီးတွေကိုပါ သူစွန့်ပြီး မြန်မာပြည်ပြန်လာခဲ့တယ်။ ခုတော့ … ရှေးယခင်ကလို…ဆင်းရဲနုံချာ ..ယောင်ချာချာ ဘ၀ပြန်ရောက်နေခဲ့ပေါ့။

မြန်မာပြည် သူပြန်ရောက်ချိန်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူခွဲခွာခဲ့တဲ့ အမရပူရဘက်က သမီးကလေးက ..ဘွဲ့ရပြီးနေပြီ။ သူ့ကို တွေ့ဖူးချင်လို့ ခွင့်တောင်းလို့ သူ တစ်ကြိမ်သွားတွေ့ခဲ့ရသေးကြောင်း လည်း ပြန်ပြောပြပါတယ်။ နာကျင်ကြေမွနေတဲ့ သူ့မျက်လုံးတွေထဲက …အရိပ်တွေကို ကိုယ်ချင်းစာနားလည်နေမိသလို..စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ သူ့ဇာတာ ၊ သူ့ကံကြမ္မာ ၊ သူ့နာမည် ၊ သူ့ဘ၀ …ဒီဇာတ်လမ်းက ဒီလိုပဲဖြစ်ရမှာမို့ ..အပြစ်တင်ချင်ပေမယ့်လည်း မတင်လိုက်တော့ပါ။ လူမမယ်လေးတွေဖြစ်တဲ့ ..( ကျွန်တော်နဲ့ဆို …ညီ/ညီမ ၀မ်းကွဲလေးတွေ တော်စပ်နေမယ့်) နယ်စပ်ဒေသက ကလေးငယ်လေးတွေကိုတော့… အခွင့်သာခဲ့ရင် … ကျွန်တော် အတူခေါ်ထားလိုက်ချင် မိပါတယ်။

ဆေးရုံမှာ  နပ်စ်မငှားဖြစ်တော့….စကားတစ်ခွန်းမှမပြောတဲ့ ကရင်တိုင်းရင်းသူနပ်စ်မလေးကို ငှားလို့ရခဲ့ ပါတယ်။ အပြုံးအရယ်နဲပါးပြီး လုပ်စရာရှိတာတွေကိုသာ လုပ်နေတတ်တဲ့ …လူမှုဆက်ဆံရေး ပြေပြစ်မှုနဲတဲ့ နပ်စ်မလေးပါ။

တစ်ရက် ..ကျွန်တော် ဆေးရုံကြီးရှေ့ တီးဆိုင်ကနေ လက်ဖက်ရည်သောက်ပြီး ဆေးရုံထဲ ပြန်လာတော့ …. အဲဒီ့နပ်စ်မ ဂွကျကျလေးက …ကျွန်တော့်ဦးလေး ..မိုးကျရွှေကိုယ်ကို …ထမင်း ခွံကျွေးနေတာ တွေ့လိုက်ရပါတယ်။ ချက်ချင်းပြန်လှည့် ထွက်လာခဲ့ပြီး ဆေးရုံ အပြင်ရောက်မှ…ကျွန်တော်…ခေါင်းမော့ပြီးတစ်ရစပ် ရယ်မိ ပါတော့တယ်။

အင်း….ဘင်္ဂက ဗုဒ္ဓဟူး ၊ ဘင်္ဂက…ဗုဒ္ဓဟူး…..သောကြာတွေအတွက်ကတော့ ကမောက်ကမ မြားနတ်မောင် ပါပဲ လို့ မှတ်ချက်ချမိရုံမှတစ်ပါး………………။

( လေးသိန်း ခေါ် …ကျွန်တော့် ဦးလေး မောင်သိန်းလွင် သို့ အမှတ်တရ ရေးဖွဲ့ခဲ့ပါသည်။ )

ကိုစိုးမိုးထွန်း (ဗေဒင်ပညာသုတေသီ)
သုတေသီ ဝေသာလီမောင်ဖုန်း
09 318 17 287

Post a Comment
 

Posts Comments

©2006-2010 ·TNB